ဟိုပုံး အောက်တိုဘာ ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နောင်တောင်း ပရဟိတတပ်ဦးကျောင်း၌ ကျင်းပသည်။

 

ဆက်ကပ်လှူဒါန်း

 

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက နာဂပုရသာသနာလင်္ကာရ အသင်းဥက္ကဋ္ဌ ဟိုပုံးမြို့ တုံခမ်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ သီလဆောက်တည်ကြပြီး သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

 

ထို့နောက် နာဂပုရသာသနာလင်္ကာရအသင်း ဩဝါဒါစရိယ တောင်ကြီးမြို့ အေးစေတီပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်က ဩဝါဒ ကထာချီးမြှင့်တော်မူပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာ လျှောက်ထား၍ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့်ဇနီး မိသားစုတို့က မြန်မာနိုင်ငံ လုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာ လင်္ကာရသာမဏေကျော် စာမေးပွဲကြီးအတွက် အလှူငွေကျပ် ၅၂ သိန်းကို နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးအတွက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ငွေကျပ်သိန်း ၁၀၀၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ငွေကျပ်သိန်း ၄၀၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးက ငွေကျပ် ၁၀ သိန်း တို့ကို ဆက်ကပ်လှူဒါန်းပြီး နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

ထို့နောက် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 

ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင် ဥပစာတန်းရဟန်း၊ သာမဏေ၊ သီလရှင် ၁၀၂ ပါး၊ မူလတန်းရဟန်း၊ သာမဏေ၊ သီလရှင် ၃၃၄ ပါး၊ ပထမအဆင့်ရဟန်း၊ သာမဏေ၊ သီလရှင် ၁၇၉၈ ပါး၊ ဒုတိယအဆင့်ရဟန်း၊ သာမဏေ၊ သီလရှင် ၈၁၂ ပါး၊ တတိယအဆင့်ရဟန်း၊ သာမဏေ၊ သီလရှင် ၂၅၄ ပါး စုစုပေါင်းရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၃၃၀၀ ဝင်ရောက်ဖြေဆိုကြပြီး အဆိုပါစာမေးပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရပ်နီး/ရပ်ဝေး မှ ဒေသခံပြည်သူများကလည်း အလှူငွေများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ပအိုဝ်းဒေသ(ပြန်/ဆက်)