ဟင်္သာတ ၁၈ ဖေဖော်ဝါရီ
အခြေခံစာကြည့်တိုက်ပညာ သင်တန်းကို ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းတိုက် ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဓမ္မဗိမာန်ကျောင်းတိုက် နိုဗယ်ပရဟိတ ဦးဆောင်ဆရာတော် ဒေါက်တာအရှင်ဉာဏာ လင်္ကာရက သြဝါဒစကား မိန့်ကြားဖွင့်လှစ်ပေးပြီး အမျိုးသားစာကြည့်တိုက် (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးက စာကြည့်တိုက်မှူး များသာမက စာကြည့်တိုက်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စာကြည့်တိုက်များ စနစ်တကျဖြစ်စေရန်၊ အခြားမည်သည့် စာကြည့်တိုက်တွင်မဆို သွားရောက်အသုံးပြုသည့်အခါ အလွယ်တကူ ရှာဖွေနိုင်ပြီး မိမိစာကြည့်တိုက် တွင်လည်း အများပြည်သူ ဝန်ဆောင်မှုပေးရာတွင်လည်း စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် စာကြည့်တိုက်ပညာ ပြန့်ပွားရေးတို့အတွက် အဓိကထား ရည်ရွယ်ပြီး သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမ ခင်လေးနွယ် (ဟင်္သာမြေသက်ထားဝေ)က အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ ဟင်္သာတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း (ပန်းမြိုင်လယ်စိန်ဝင်း)က သင်တန်း ဖွင့်လှစ်သင်ကြားနိုင်မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သင်တန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၁ ရက်ထိ (၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရည်ညွှန်းဝန်ဆောင်မှုလုပ်ငန်း၊ စာပေပစ္စည်း ထိန်းသိမ်းပြုပြင်ခြင်း၊ စာကြည့်တိုက် ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေး၊ ကတ်တလောက်လုပ်ငန်း၊ မျိုးတူစုလုပ်ငန်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


