ဟနွိုင်း ၆ အောက်တိုဘာ
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းရှိ အထင်ကရ နေရာ ၃၀ တွင် ဆေးလိပ်သောက်သုံးသူများကို အောက်တိုဘာလမှစတင်ကာ တွေ့ရှိသည့် နေရာ၌ ဒဏ်ငွေ ဗီယက်နမ်ပေါင် ၃၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ) ဒဏ်ငွေရိုက်မည်ဟု ဟနွိုင်းမြို့ အာဏာပိုင်များက ပြောကြားသည်။
ယင်းအထင်ကရနေရာများ၌ ငုအွန်နှင့် ဘာကီယုဘုရားကျောင်းနှစ်ကျောင်း၊ ဗီယက်နမ် အမျိုးသားသမိုင်း ပြတိုက်၊ ဟနွိုင်း အော်ပရာပြဇာတ်ရုံနှင့် စိန့်ဂျိုးဇက် ကာသီဒရယ်ဘုရားကျောင်းတို့ ပါဝင်ပြီး ယင်းအဆောက်အအုံများ အတွင်းနှင့် အနီးပတ်ဝန်းကျင်လည်း ပါဝင်သည်ဟု ဆိုသည်။
ယင်းနေရာများ၌ အများပြည်သူတို့အနေဖြင့် ဆေးလိပ်သောက်သုံးခြင်း မပြုကြရန်နှင့် ဆေးလိပ်သောက်သုံးပါက ဒဏ်ငွေ ချက်ချင်းရိုက်ခံရမည်ဟူသော သတိပေးဆိုင်းဘုတ်များ စိုက်ထူသွားမည် ဖြစ်သည်။
ယင်းလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်း၌ ကမ္ဘာလှည့် ခရီးသွားများကို ဦးတည်လုပ်ဆောင်သော ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး လှုံ့ဆော်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဟိုအန် ကီအယ်ခရိုင် ကျန်းမာရေးဌာန အကြီးအကဲ ဖမ်သီအန်နန်၏ ပြောကြားချက်ကို ကိုးကား၍ ဗီအန် အိတ်စ်ပရက် အွန်လိုင်းသတင်းစာ၌ ဖော်ပြသည်။
ဗီယက်နမ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူဦးရေ ၁၇ သန်းခန့်ရှိပြီး ဆေးလိပ်သောက်သုံးမှုနှင့် ဆက်နွှယ်၍ ဖြစ်ပွားသည့် ရောဂါများကြောင့် နှစ်စဉ် သေဆုံးရသူဦးရေ ၄၀၀၀၀ ခန့်ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဇော်ဝင်း


