ရန်ကုန် ၁၂ မတ်
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ (၈၉) နှစ်မြောက်မွေးနေ့၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းတည်ထောင်ခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် (၃၆) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန် မြို့ ၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရှိ ငြိမ်းချမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်သဘာပတိ ဖောင်ဒေးရှင်းနာယက ဦးမောင်မောင်ခင်က အမှာ စကားပြောကြားပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ (ယာယီ) ဥက္ကဋ္ဌ မုံရွာ အောင်ရှင်က ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ (၈၉) နှစ်မြောက်မွေးနေ့ အထိမ်း အမှတ်အဖြစ် အမှတ်တရစကားပြောကြားသည်။
ထို့နောက် ဖျာပုံနီလုံဦးက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ဂုဏ်ပြု ကဗျာကို အမှတ်တရ ရွတ်ဆိုပြီး နိ်ုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်း သမား ခုနစ်ဦးတို့နှင့် အတူ NLD လူငယ်ဘုံရိပ်သာ အတွက် စုစုပေါင်း အလှူငွေကျပ် ၁၇ သိန်းကို ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်းတွင် ပရဟိစိတ်ဖြင့် စေတနာ့ဝန်ထမ်းဆေးဝါးကုသပေးလျက်ရှိသော ဆရာဝန်နှင့်ဆရာမကြီး များ၊ အလှူရှင်များအား ဖောင်ဒေးရှင်းတာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပေးအပ် သည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုများ၊ အကူအညီလိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများ အား တတ်အားသမျှကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဖောင်ဒေးရှင်း၏ ငွေကြေးထောက်ပံ့မှုအနေဖြင့် ပထမအကြိမ်မှ ယခု (၃၆)ကြိမ် မြောက်အထိ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များနှင့် ဘဝတူစာနယ်ဇင်းသမားများ စုစုပေါင်း (၈၆၄) ဦးတို့အတွက် ငွေကျပ် (၂၀၆၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၊ နိ်ုင်ငံရေး အကျဉ်းသားဟောင်း မိသားစုများ အတွက် ပညာရေးထောက်ပံ့မှု ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင်ရှာဖွေ ပေးရေး လုပ်ငန်းစဉ်များကိုလည်း ပြည်တွင်းမှ အလှူရှင်တစ်ဦးနှင့် ပေါင်းကူး ဆက်စပ် ကာ ဆောင်ရွက်ပေးခဲ့ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။
ယခုအခါ အဆိုပါဖောင်ဒေးရှင်းအနေဖြင့် ပုဇွန်တောင်မြို့နယ်၊ လမ်း(၅၀)၊ အမှတ်(၁၁၉)တွင် ``ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးကုခန်း´´ကို ဖွင့်လှစ်၍ နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ၊ အကူအညီလိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်ဆေးဝါးကုသမှု အစီအစဉ်များကို အခမဲ့ဆောင်ရွက် ပေးလျက် ရှိသည်။
သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဖေဇော်


