နေပြည်တော် ၂၈  ဖေဖော်ဝါရီ 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးနှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ၏ CREATE Team (Curriculum Reform at Primary Level of Basic Education) အဖွဲ့က ကျောင်းသုံးစာအုပ်ဆိုင်ရာ လိုအပ်သည့် အရည်အသွေးများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကား ပြောကြားသည်။

ထို့နောက် JICA မှ Project Coordinator Hikari Miyahara နှင့် Printing Technology Specialist Mr. Fumitaka Sato တို့က ကျောင်းသုံးစာအုပ်ဆိုင်ရာ အရည်အသွေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေး စံချိန်စံညွှန်များနှင့် ကုန်ကြမ်းများ၏ အရည်အသွေး၊ ပုံနှိပ်လုပ်ငန်း ဆောင်ရွက်ရာတွင် ရှိသင့်သည့် အရည်အသွေးများနှင့် JICA မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များပုံနှိပ်ဆောင်ရွက်နေမှုနှင့် ပတ်သက်သည့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များပုံနှိပ် ဆောင်ရွက်နေမှု၊ ကျောင်းသုံးစာအုပ်ထုတ်လုပ်ရန် လျာထားမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ပုဂ္ဂလိကသို့ အပ်နှံမှုနှင့်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတို့မှ ရိုက်နှိပ်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ကျောင်းသုံးဖတ်စာအုပ်များ ရိုက်နှိပ်ဆောင်ရွက်ရန် ကုန်ကြမ်းရောက်ရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများအသင်း (ရန်ကုန်)၊ အထက်မြန်မာပြည် ပုံနှိပ်ထုတ်ဝေသူများအသင်း (မန္တလေး)နှင့် Excellent Printing Group တို့မှ တာဝန်ရှိသူများက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ တင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက် ညှိနှိုင်းဆွေးနွေးသည်။

(သတင်းစဉ်)