နေပြည်တော် နိုဝင်ဘာ ၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမ၌ ဇီဝဇိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

 

ပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မနိုင်ငံက ထုတ်လုပ်သောငှက်သိုက်များ လက်ရှိတွင် တရုတ်နိုင်ငံဈေးကွက်မှ ဝယ်ယူလိုကြောင်း ဆွေးနွေးမှုများအရ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် အချက်အလက်များ စုစည်းရယူလိုသည့်အတွက် လုပ်ငန်းရှင်များအား ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဇီဝဇိုးငှက် မွေးမြူပြီး ငှက်သိုက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အနေဖြင့် တင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ စံသတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ်၍ မိမိနိုင်ငံက ထုတ်လုပ်သည့် ပို့ကုန်များ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေး ပြည့်ဝစွာထုတ်လုပ်၍ ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းကြရန် လုပ်ငန်းရှင်များအပိုင်းက လိုအပ်သည်များ တင်ပြနိုင်ရေးကိုလည်း ဆွေးနွေးလိုခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ငှက်သိုက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များက လက်ရှိလုပ်ငန်းလည်ပတ်နေမှု၊ ထုတ်လုပ်မှုနှင့်တင်ပို့ရောင်းချနေမှု၊ ဈေးကွက်ချဲ့ထွင် နိုင်မှုအလားအလာများကိုတင်ပြကြရာ ဦးစီးဌာနမှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်များ တင်ပို့ရာတွင် The General Administration of Customs of the People’s Republic of China (GACC) သို့ မှတ်ပုံတင်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားဒေသတွင်းနိုင်ငံများ၏ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်- နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၃၁ မိုင် အနီးရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာကို ပုဂ္ဂလိက လုပ်ငန်းရှင်က ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် သီဟိုဠ်စိုက်ခင်းတွင် မြေပြန့်ကော်ဖီ (ရိုဘက်စတာကော်ဖီ) စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အပင်များသန်စွမ်းဖြစ်ထွန်းရေးအတွက် အပင်အာဟာရမြေဩဇာ စနစ်တကျကျွေးမွေးရန်နှင့် အပင်ခြေပေါင်းမြက်ရှင်းလင်းခြင်း၊ အရိပ်လိုအပ်သည့်နေရာတွင် အရိပ်ပင်များ ဖြည့်စွက်စိုက်ပျိုးခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၂၅၀၀ နှင့်အောက်ရှိ မြေပြန့်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် ရိုဘက်စတာကော်ဖီကို အမြဲစိမ်းလန်းပြီး အရိပ်ရသည့် သရက်၊ သီဟိုဠ်၊ မက္ကာဒေးမီးယားနှင့် ရော်ဘာစိုက်ခင်းများတွင် တွဲဖက်စိုက်ပျိုးနိုင်ကြောင်း၊ ဈေးကွက်ရှိသော သီးနှံဖြစ်၍ မြေနိမ့်ကော်ဖီစိုက်ပျိုး လုပ်ကိုင်လိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာ အပါအဝင် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်