ဗန်းမောက် ၁၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်သို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုမှာ ပြီးခဲ့သည့် လများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းသွားကြောင်း ဇလုံတောင်တက်ကားသင်းမှ သိရသည်။
ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်သို့ ၂၀၁၈ ခု နှစ် ဒီဇင်ဘာလမှစ၍ နေ့စဉ် ပြည်တွင်းခရီးသွားဦးရေ ၂၀ဝ၀ ကျော် ဝင်ရောက်လည်ပတ်ရာမှ ယခုနှစ် ဇန်န ဝါရီလ ကုန်ပိုင်းမှစ၍ လက်ရှိအထိနေ့စဉ် ပြည်တွင်း ခရီးသွားဦးရေ ၁၀ဝ၀ ခန့်သာ ဝင်ရောက်တော့ကြောင်း ဇလုံတောင်တက်ကား အသင်းဥက္ကဌ ဦးဝင်းနိုင်က ပြောပြသည်။
''အရင်လတွေနဲ့စာရင် ခရီးသွား ဝင်ရောက်မှုက ပြန်နည်းသွားတယ်။ ဘာလို့လဲဆိုတော့ ရာသီဥတု ပူပြင်းလာတာလည်း ပါတယ်။ တက္ကသိုလ်စာမေးပွဲ ဖြေဆိုတာ မပြီးသေးလို့လည်း ဖြစ်တယ်။ ဒီဇင်ဘာလက ရုံးပိတ်ရက်တွေရှိတော့ ခရီးသွားလာတာ များတယ်၊ အခုကျ ကားတွေက နှစ်ရက်မှ တစ်ခေါက်လောက်ပဲ ဆွဲရတော့တယ်။ စနေ့၊ တနင်္ဂနွေနေ့ဆိုရင်တော့ လာတဲ့ ခရီးသွားများတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ်တွင်ဇလုံ တောင်တော်ပေါ်သို့ တောင်တက်ယာဉ်အစီးရေ ၁၆၀ ခန့်ထိ တိုးချဲ ပြေးဆွဲပေးနေကြောင်း၊ တောင်တက်ကားတစ်စီးလျှင် လူဦးရေ ၁၅ ဦးထိ လိုက်ပါစီးနင်းနိုင်ပြီး ကားခနှုန်းထားများ အနေဖြင့် တစ်ဦးလျှင်အသွားအပြန် ငွေ ကျပ် ၆၀ဝ၀ ကားရှေ့ခန်းတွင် ငွေကျပ် ၇၀ဝ၀ နှုန်းသတ်မှတ် ကောက်ခံလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဇလုံတောင်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဦးရေ နှစ်သိန်းကျော် လာရောက်လည့်ပတ်ကြောင်း ဇလုံတောင် တောင်တက်ကားအသင်းမှ သိရသည်။
ကိုမင်း(အင်းတော်)


