မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လ ဖြစ်သည်။ ကဆုန်လ၏ သဘာဝအလှတို့ကား စာဖွဲ့မကုန်နိုင်ပါချေ။ မိုးရနံ့နှင့်အတူ ဖူးပွင့်လာသော စကားဝါပန်းလေးများ၏ မွှေးရနံ့သည် ရင်ကိုအေးမြစေပါသည်။ ကဆုန်လတွင် ကျင်းပသည့် ညောင်ရေသွန်းပွဲတော်သည် စည်ကားသိုက်မြိုက် လှသော ပွဲတော်တစ်ခု ဖြစ်သည်။
နွေရာသီကဆုန်လ၏ တောတောင်ရှုခင်းတို့မှာ လွမ်းမောဖွယ်ရှိလှ ပါသည်။ ဥဩငှက်လေးများ၏ လွမ်းမောဖွယ်ကောင်းသော အသံချိုလေးများမှာ ချစ်စရာကောင်းလှသည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား ဘဒ္ဒကမ္ဘာမှာ ဘုရား အဖြစ်ကို ရလိမ့်မည်ဟု ဗျာဒိတ်စကား ဟောကြားခဲ့ပါသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့၌ ဖွားမြင် ခဲ့သည်။ ဘုရားဖြစ်တော်မူသော ရက်မှာလည်း ကဆုန်လပြည့်နေ့တွင် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့မှာပင် ပရိနိဗ္ဗာန်စံတော်မူခဲ့သောကြောင့် ထိုနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ် အမြတ်ထားခဲ့ကြသည်။
ညောင်ရေသွန်းပွဲတော် ဓလေ့သည် မြန်မာမင်းအဆက်ဆက်မှ ယနေ့ ခေတ်တိုင်အောင် ကျင်းပလာခဲ့သော မြန်မာ့ရိုးရာ ဘာသာရေးပွဲတော်တစ်ခု ဖြစ်ပါသည်။ ညောင်ရေသွန်းပွဲတော်များကို ကျေးလက်တောရွာအနှံ့ နိုင်ငံ တစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ညောင်ရေသွန်းပွဲတော်များကို ပုဂံ၊ ပင်းယ၊ အင်းဝခေတ်ကပင် ဆင်နွှဲ ခဲ့ကြသည်။ တောင်ငူခေတ်တွင် စာဆိုတော် နတ်ရှင်နောင်၏ “ပေါ်နွေလလျှင်” ချီရတုတွင် ညောင်ရေသွန်းပွဲတော်အကြောင်းကို ထည့်သွင်းဖွဲ့ဆိုထား ပါသည်။
“ပေါ်နွေလလျှင်၊တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်တိုင်း
မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်
ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း
ထွေထွေစွန်းက၊ရေသွန်းသာကြည်
ပျော်ရမည်ကို၊ မြရည်သတ်မှတ်
ရောက်ခဲ့လတ်ဟု၊ ချစ်ထွတ်တင်သည်”
(နတ်သျှင်နောင်)
ကုန်းဘောင်ခေတ်စာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီးကလည်း “မဲဇာ တောင်ခြေ” ချီရတုတွင်-
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဒါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်” ဟု ထည့်သွင်းဖွဲ့ဆိုခဲ့ပါသည်။
ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ မဟာအတုလ မင်းကြီးက-
“ မြူခြေငယ်ဝှမ်းပါလို့၊ နေဝန်းငယ်စက်ရှိန်
တောက်လောင်ငယ်ထိန်သည်၊ ဖန်သူရိန်
တေဇာကြောင့်၊ ပူဗျာပါကဲတဲ့လကိုလေး၊
ရာသီငယ်ပြိဿ၊ မဟေသီလဲ၊
ရွှေညီခလို့၊ ပန်းမြစကားဝါ၊
ဝိသာခါနှင့်၊ တရားခြံရံ၊ စန်းယုန်ငွေ
ဖန်သည့်နှယ်၊ ဆဒ္ဒန်ပိုင်ဗွေပုံမှာ၊
လကဆုန်ညောင်ရေပွဲချိန်မို့၊ သဲလှတယ်လေး” ဟုဖွဲ့ဆိုထားပါသည်။
ကဆုန်လသည် အပူချိန်လွန်ကဲသောလ ဖြစ်သည်။ ပုရစ်ဖူး၊ ပုရစ်ငုံလေး များသည် အစီအရီ အညီအညာ၊ ကြွကြွရွရွ၊ လှလှပပဖြင့် လောက၏ အလှ တန်ဆာကို ဆင်နေပါသည်။
“ကဆုန်နယုန် လေရူးသုန်” ဟု ဆိုရိုးစကားရှိခဲ့သည့်အတိုင်း အနောက် တောင်မုတ်သုံလေ ၏ လေပြည်လေညင်းလေးများ တိုက်ခတ်စပြုပြီး ၎င်းတို့ နှင့်အတူ မိုးပွင့်မိုးဖွားလေးများကို လက်ပြနှုတ်ဆက်တော့မယောင် ထင်မှား စေရပြန်သည်။ မုတ်သုံမိုးစက်များ၏ ကလူကျီစယ်မှုကြောင့် မြေသင်းရနံ့ သင်းပျံ့ပျံ့ကို ခံစားရစေနိုင်ပါသည်။
စမ်းချောင်းလေးများဝယ် ရွက်ကြွေများ မျောပါလာသည်။ လိပ်ပြာရောင်စုံ လေးများက မျောပါလာသော သစ်ကိုင်းခြောက်များပေါ်၌ နားခိုလိုက်ပါလာ သည်။ တန်ခူး ရေကုန်၊ ကဆုန်ရေခန်းတတ်သည်။ ထန်းတက်သမားတို့ကလည်း ထန်းရည်လှိုင်ချိန်ဖြစ်၍ ထန်းတက်နေကြသည်။ မိုးမကျမီ အားသွန်ခွန်စိုက် လုံ့လ ဝီရိယစိုက်ထုတ်ကာ လုပ်ကိုင်နေကြသည်။
ညောင်ရေသွန်းပွဲတော် ကျင်းပပုံကို စာဆိုတော် မင်းဇေယျရန္တမိတ်က-
“ကဆုန်လတွင်၊ ပြာစင်ညက်ဖြူ
ရွှေပြည်သူတို့၊ သင်းကြူကြိုင်စွာ
ရေနံ့သာဝယ်၊ ရင်းမာကွမ်းဘူး
စကားဦးနှင့်၊ ကွန့်မြူးလျှံမောင်း
မွေတော်ပေါင်းကို၊ ပျံ့လှောင်းကြိုင်ရွှန်း
အဲသီချင်းနှင့်၊ ပြန်တင်းရည်စောင်
အဆောင်ဆောင်သည်
ခါညောင်မသွန်းလှည့်လေလော့” ဟူ၍ သီကုံးခဲ့ပေသည်။
ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ ယဉ်ကျေးမှု မြန်မာ့ဓလေ့၊ မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော်တစ်ခုဖြစ်သည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းဓလေ့သည် မဇ္ဈိမဒေသနှင့် သီဟိုဠ် တို့တွင် ဘုရားပွင့်တော်မူရာ ဒေသဖြစ်သော်လည်း ရှေးကလည်း မရှိခဲ့။ ယနေ့ လည်းမရှိ။ မြန်မာတို့တွင်သာ ရှိသောကြောင့် မြန်မာ့ပွဲတော်စစ်စစ်ဟု ဆိုရ ပေမည်။
တစ်စုံတစ်ရာ အမှုကိစ္စပေါ်ပေါက်၍ အောင်ရာအောင်ကြောင်း ဆုတောင်း သောအခါတွင် “ဘယ်ဘုရားမှာတဲ့ ဆွမ်းတော်တင် ဘယ်ပလ္လင်မှာ ညောင်ရေ လောင်းလို့ ဆုတောင်းရပါမယ်” ဆိုသည့် ညောင်ရေမှာလည်း ကဆုန်လပြည့်နေ့ တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ညောင်ရေသွန်းမှ ပေါက်ဖွား ခြင်း ဖြစ်ဟန်တူသည်။ ရှေးအခါက ဘုရင့်တပ်မတော် စစ်ထွက်သော အခါတွင် လည်း နန်းတွင်းသူ လှပျိုဖြူလေးများက “အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကို လောင်း၊ သွန်းလောင်းညောင်ရေ အောင်ပါစေ” ဟု ဆုတောင်းလေ့ရှိသည်ကို ရေးဖွဲ့သည်။ စာဆိုတစ်ဦးကမူ -
“သပြေပန်းနဲ့ သွန်းလောင်းညောင်ရေ
အောင်မြင်စေဟု၊ အောင်စေရတု
အောင်ကြောင်းပြု၍၊ ရုံးစုမပျက်
ငြိမ့်ငြိမ့်ထွက်သည်
ဘုတ်ကျက်သဘင် တပွဲတည်း” ဟူ၍ စပ်ဆိုခဲ့သည်။
ကဆုန်လသည် အပူချိန်လွန်ကဲ၍ ခြောက်သွေ့သောလ ဖြစ်သည့် အလျောက် တောင်သူဦးကြီးများလည်း အလုပ်နားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာကျင်းပကြသည်။ ကဆုန် လပြည့်နေ့ မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင် ကို အမွှေးနံ့သာများ ဖျန်းပေးခြင်း၊ ထုံးသုတ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်း ထားခြင်းများ ပြုလုပ်ကြသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဆင်ယင်ကျင်းပသော ညောင်ရေသွန်းပွဲတော် သည် ကျက်သရေ ရှိလှသည်။ ရေအိုးများ ကိုယ်စီရွက်၍ ဗောဓိညောင်ပင်ရှိရာ သို့ ရေစင်သွန်းလောင်းရန် သွားကြသော ဗုဒ္ဓဘာသာမြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ ပုံရိပ်မှာလည်း မြန်မာ့ဟန်၊ မြန်မာ့သဏ္ဌာန်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့ကာ အလှတွေ ဝေဖြာနေပါသည်။
ညောင်ရေသွန်းပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ဖြစ်သကဲ့သို့ ကုသိုလ်ယူစရာ၊ ဝမ်းသာကြည်နူးစရာပွဲတော်လည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာလူမျိုးများသည် ကဆုန်လရောက်တိုင်း ညောင်ရေသွန်း လောင်းရမည့် အချိန်ကာလကို စောင့်မျှော်လျက်ရှိကြပါတော့သည်။
လွန်းပိုးအိမ်


