ကျောက်ဆည် ၁၉ ဇန်နဝါရီ
သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးကဏ္ဍ၏ အရေးကြီးသည့် အပင်တစ်သျှူး မျိုးပွားနည်းသင်တန်း (၁/၂၀၁၉) ကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဇီဝနည်းပညာ သုတေသနဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဇီဝနည်းပညာ သုတေသနဌာန၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က ဒေသဖွံ့ဖြိုးရေး အတွက် ၂၀၁၈-ခုနှစ်ကလည်း ယခုသင်တန်းကဲသို့ သင်တန်းတစ်ကြိမ်နှင့် ဇီဝမြေဩဇာများအတွက် အဏုဇီဝပိုးများ ပွားများခြင်း အခြေခံသင်တန်း တစ်ကြိမ် နည်းပညာများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် သုတေသနဌာန၏ လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်သာ၊ နောင်ချို၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် မြို့နှင့် ကျောက်ဆည်မြို့များမှ အပင်တစ်သျှူး မျိုးပွားခြင်းနည်းပညာ ဝါသနာပါသည့် သင်တန်းသား/ သင်တန်းသူ (၂၃) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းကို စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ရက်သတ္တပတ် တစ်ပတ်ကြာ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


