နေပြည်တော် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၌ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး ပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ကို အောက်တိုဘာ ၁၅ ရက်တွင်လည်းကောင်း၊ အခြေခံ ပညာ အထက်တန်းကျောင်း (နောင်ပိန်)ကို အောက်တိုဘာ ၁၆ ရက်တွင်လည်းကောင်း၊ အမှတ် (၃)အခြေခံပညာ အထက်တန်း ကျောင်းကို အောက်တိုဘာ ၁၇ ရက်တွင်လည်းကောင်း၊ ယနေ့တွင် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းကိုလည်းကောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ခြောက်ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများ၌ ကျောင်း အပ်လက်ခံခြင်းများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေ ဖြင့် ယနေ့တွင် ကျောင်းသား ကျောင်းသူ ၁၃၆ ဦး ထပ်မံကျောင်း အပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၀၂၄ ဦး ကျောင်းတက်ရောက်လျက် ရှိပြီး စာပေပညာများကို စိတ်အေးချမ်းသာစွာ သင်ကြားလျက်ရှိကြောင်း သိရသည်။ ထပ်မံ ကျောင်းအပ်နှံ သည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စု စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၇၈ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာတစ်ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


