ကျောက်ပန်းတောင်း ၁၉ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာရှိ ရှေးဟောင်း ဘုရားစေတီ ပုထိုးများတွင် သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ပြုပြင်ရန် လိုအပ်လျက်ရှိသည့် ဘုရားစေတီ ပုထိုးများအား ပြုပြင်မွမ်းမံ သွားနိုင်ရန် ရည်ရွယ်၍ ပုဂံမြို့မှ ဆရာတော် ဦးတေဇဝံသ ဦးဆောင်သော ကုသိုလ်တော် ပရဟိတ သန့်ရှင်းရေး အဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်မှ ဆရာတော် ဦးပညာသာရ ဦးဆောင်သော ပရဟိတ အဖွဲ့ဝင်များက စုပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြု သန့်ရှင်းရေး လုပ်ငန်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ သန့်ရှင်းရေး အဖွဲ့မှ ဦးဆောင် ဆရာတော် ဦးပညာသာရထံမှ သိရသည်။
ကျေးရွာရှိ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ အင်အား ၅၀ ကျော်ခန့်ဖြင့် ညောင်ဦးမြို့ ရှေးဟောင်း သုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ရှေးဟောင်းဘုရား စေတီပုထိုးများရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း လုပ်ငန်းနှင့် အမှိုက်သရိုက် ကောက်ယူခြင်း လုပ်ငန်းများကို ပြည်သူ့အကျိုးပြု တစ်ပျော်တစ်ပါး စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးနေကြောင်းနှင့် ပြုပြင်ရန် လိုအပ်နေသည့် ယိုယွင်းပျက်စီးနေသော ဘုရားများရှိ အုတ်ရိုး အပိုင်းအစများကို စနစ်တကျ ရှင်းလင်းဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှ ဦးဆောင်ဆရာတော် ဦးပညာသာရ က မိန့်ကြားသည်။
ရဲဝင်းနိုင် (ညောင်ဦး)


