mdn

နေပြည်တော်    ၁၈   အောက်တိုဘာ

 

ကျောက်တံခါးမြို့နယ်၌ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးစဉ် ပြန်လည်ရန်ပြု၍ ရဲတပ်ဖွဲ့ဝင် တစ်ဦး လည်ပင်းတွင် ဒဏ်ရာရရှိသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူတစ်ဦး အခင်းဖြစ်ပွားသောနေရာ၌ သေဆုံးသွားကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အိုင်တုံသစ်တောကြိုးဝိုင်းမှ နေ့စား အလုပ်သမားများဖြစ်သည့့် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရွာကန့်လန့်ကျေးရွာနေ ထွန်းနိုင်ဦး၊ ဆိမ့်ကြီး ကျေးရွာနေ ရင်ကြည်၊ ကျော်ဟိန်းနှင့် ညောင်ပင်သာကျေးရွာနေ တိုင်းကျော်တို့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် အိုင်တုံသစ်တောကြိုးဝိုင်း ပျိုးဥယျာဉ်အနီးတဲ၌ အရက်သောက်စားစဉ် စကားများရန်ဖြစ်ပြီး ထွန်းနိုင်ဦးမှ ကိုင်းခုတ်ဓားဖြင့်ခုတ်၍ တိုင်းကျော်တွင် ဂုတ်ပိုးပြတ်ရှဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့်  ထွန်းနိုင်ဦး၊ ရင်ကြည်နှင့် ကျော်ဟိန်း တို့ အား တောကျွဲအင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

 

 

ထွန်းနိုင်ဦးသည် ယင်းနေ့ ည ၆ နာရီခွဲတွင် ၎င်း၏နေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းအရ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့်အဖွဲ့က သွားရောက် ဖမ်းဆီးစဉ် စကေဘာဖြင့် ပြေးဝင်ထိုးသောကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး လည်ပင်းဒဏ်ရာရရှိခဲ့သဖြင့် သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ဦးခေါင်းဝဲဘက်ကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။

 

 

သို့ပါ၍ ကညွတ်ကွင်းနယ်မြေရဲစခန်း၌ ရေးဖွင့် စစ်ဆေးလျက်ရှိပြီး ည ၆ နာရီ ၄၅ မိနစ်တွင် ပြစ်မှုကျူးလွန်သူ ရင်ကြည်အား ဆိမ့်ကြီးကျေးရွာလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ပြစ်မှုကျူးလွန်သူ  ကျော်ဟိန်းအား လိုက်လံဖမ်းဆီး လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

 

(သတင်းစဉ်)