ကျောက်တန်း ၁၂ မတ်
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့၏ကျက်သရေ ဆောင်ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော် (၁၀၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရေလယ်ဘုရားလမ်း ပွဲတော်မုခ်ဦး၌ ကျင်းပရာ ကျင်းပရေးကော်မတီနာယက များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလှရွှေတို့က ရွှေကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကိုယနေ့မှစ၍ မတ်လ ၂၀ ရက် တပေါင်းလပြည့်နေ့အထိ ကိုးရက်တိုင်တိုင် ဓမ္မပူဇာတရားပွဲများ အသံမစဲ မဟာပဋ္ဌာန်းမြတ်ဒေသနာ ရွတ်ဖတ်ပူဇော်ပွဲနှင့် လပြည့်နေ့ အရုဏ်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပြီး အရုဏ်ဆွမ်းကပ်လှူခြင်း ပင့်သံဃာ ( ၁၈၉ )ပါးတို့အား ငွေပဒေသာပင်များနှင့် ဆွမ်းဆန်တော် လောင်းလှူကြပြီး ည ၆ နာရီမှစ၍ မြစ်လယ်ရှိစေတီတော်မြတ်အား ဆီမီးမျှောပူဇော်ရန် စီစဉ်ထားကြောင်း သိရသည်။
စိုးဝင်း


