နေပြည်တော်  ၁၈  မတ် 

 

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းများသို့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့သည့် စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းများသို့ ဘဏ္ဍာရေး ဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှာ့ချ၍ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုအစီအစဉ်သည် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းများကိုအားဖြည့်သည့် အစီအစဉ်ဖြစ်၍ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေပေးခြင်းဖြင့် အခြေခံပညာကျောင်းများ အတွက် သင်ကြားသင်ယူမှုလုပ်ငန်းများတွင် ပိုမိုအထောက်အကူဖြစ်သည့် အပြင် အခမဲ့ ပညာရေးစနစ်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပညာသင်ထောက်ပံ့ကြေး ပေးခြင်းဖြင့် ကလေးများအနေဖြင့် ကျောင်းထွက်နှုန်းများ လျော့နည်းလာကာ အတန်းကူးပြောင်းနှုန်း များပါ တိုးတက်လာပါကြောင်း၊ ဆရာများ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာရန် ဆောင်ရွက်သည့် အစီအစဉ်အတွက်လည်း အကျိုးရှိပါကြောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအစီအစဉ်သည် တစ်နိုင်ငံလုံးရှိ ကျောင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ပညာသင် ထောက်ပံ့ကြေး အစီအစဉ်ကို မြို့နယ် ၅၅ မြို့နယ်နှင့် Teacher Mentoring အစီအစဉ် ကိုလည်း မြို့နယ် ၁၅၀ တွင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ဘဏ်မှ Country Director Ms.Ellen Goldstein က အမှာစကား ပြောကြားပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက စီမံကိန်း အတွက် ထပ်ဆောင်းရန်ပုံငွေ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ Powerpoint ဖြင့် ရှင်းလင်း ပြောကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်မှု နှင့်စပ်လျဉ်းသည့်  ဗီဒီယိုဖြင့် ပြသသည်။ 

 

(သတင်းစဉ်)