သထုံ ၁၁ မတ်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် အ.ထ.က (ကျိုက္ကော်) စာစစ်ဌာနတွင် မတ် ၁၁ ရက် နံနက်က ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန်လာရောက်သည့် ကျောင်းသူတစ်ဦး ရုတ်တရက် အမောဖောက်လာသောကြောင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကြပ်မတ်ဖြေဆိုစေခဲ့ကြောင်း သိရသည်။
သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အပြင်အနန်းကုန်းနေ မအိဖြိုးဟန် ညသအ-၆၉၅ သည် ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန် စာစစ်ဌာနသို့ လာရောက်စဉ် နံနက် ၈ နာရီ မိနစ် ၄၀ က ရုတ်တရက် နှလုံးအမောဖောက်ခြင်း ခံစားရသဖြင့် တာဝန်ရှိသူများက အရေးပေါ်ယာဉ်ဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ခေါ်ဆောင်ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ပေးကာ တိုက်နယ်ဆေးရုံမှ တစ်ဆင့် သထုံခရိုင် ပြည်သူဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ သီးသန့်ဆောင်၌ ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကုသ ဖြေဆိုစေခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် စာစစ်ဌာနပေါင်း ရှစ်ခုရှိပြီး ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန်စာရင်း ပေးသွင်းထားသူပေါင်း ၃၉၅၂ ဦးရှိသည့်အနက် ဖြေဆိုသူ ၃၇၀၃ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၂၄၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်ဦး(သထုံ)


