ပွင့်ဖြူ ၁၂ မတ် 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ခင်ဇော်တိုးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ခင်းကျင်းဆောင်ရွက်နေမှုအား မတ် ၁၁ ရက်၊ နံနက် ၁၀ နာရီက မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး ဦးဆောင်သော ခရိုင်လုပ်ငန်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် ခရိုင်လုပ်ငန်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ခွင့်ပြု ရန်ပုံငွေကျပ် ၃၀ ဒသမ ၇၈ သန်းဖြင့် ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၁ မိုင်  ၅ ဒသမ ၈ ဖာလုံ အား လမ်းအကျယ် ၁၀ ပေ ၊ မြေသားထု ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား တင်ဒါစည်းမျဉ်းများနှင့်အညီ လမ်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ တိုင်းတာစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သည့် ခင်ဇော်တိုးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးနေဇာဝင်း က မြေနီကျောက်စရစ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းပြီး ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ 


ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ အဖွဲ့က ဌာနခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားလုပ်ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။ ယခုအခါ ကျေးလက်ကုန်ထုတ်လမ်းမှာ လမ်းအချောသပ်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး မကြာမီအချိန်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးသွားပါက ပွင့်ဖြူမြို့နယ် ရွာသစ် ကုန်းကျေးရွာရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေဧက ၂၈၀ ခန့်အား သီးနှံထွက်ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။


ရဲဝင်းနိုင်(ညောင်ဦး)