ညောင်ဦး ၁၀ မတ်
နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်မှ ဒေသခံ ကျေးလက်နေပြည်သူများအတွက် ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မျှဝေခြင်း အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းငွေများဖြင့် မတ် ၂ ရက်က စတင်၍ လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက်ပေးနေကြောင်း ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်တွင် အိမ်ခြေ ၅၀ ရှိပြီး လူဦးရေ ၃၀ဝ နီးပါးခန့်ရှိကြောင်း၊ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။ ကျေးလက်နေ ပြည်သူများအနေဖြင့် အဝီစိစက်ရေတွင်း မရှိသည့်အတွက် တဲတိုက်နှင့် လေးဖာလုံခန့်ဝေးကွာသည့် စုတည်ရွာမကျေးရွာရှိ အဝီစိစက်ရေတွင်းသို့ နွားလှည်းများဖြင့် သွားရောက်ခပ်ယူ သုံးစွဲနေရကြောင်း ရွှေတွင်းတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မျှဝခြင်းအလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် မတ် ၂ ရက်က စတင်ပြီး ဌာနပိုင် အဝီစိစက်ရေတွင်း တွင်းတူးစက်ကြီးများနဲ့ လေးလက်မ အဝီစိ စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက်ပေးနေပါတယ်။ ဒေသခံပြည်သူတွေ သန့်ရှင်းတဲ့ မြေအောက်ရေ သုံစွဲခွင့်ရရှိအောင် ခန့်မှန်းအနက်ပေ ၆၀ဝ အထိ တူးဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး လတ်တလောမှာ မြေအောက်အနက်ပေ ၅၀ဝ အထိ တူးဖော်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ပါတယ်။ တွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားရင်လည်း ရေဂါလံ ၃၀ဝ၀ ဆံ့ ရေလှောင်အုတ်ရေကန်နဲ့ အလျား (၆ ပေ × ၉ ပေ) ရှိ ရေစက်ရုံတို့ကို ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုဆိုရင် ရွှေတွင်းတဲတိုက်ရှိ ဒေသခံ ကျေးလက်နေပြည်သူတွေက မကြာမီအချိန်မှာ ရာသီမရွေး သောက်သုံးရေဖူလုံစေမယ့် အဝီစိစက်ရေတွင်း ရရှိတော့မည်ဖြစ်လို့ ဝမ်းသာနေကြပါတယ်” ဟု ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ပြောပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေကန်များ၊ လက်တူးတွင်းကျယ်များ၊ စိမ့်စမ်းရေထွက်များ ခန်းခြောက်လာသောဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဌာနပိုင် အဝီစိတွင်းတူးစက်ကြီးများဖြင့် နိုင်ငံတော်ရန်ပုံငွေ၊ မျှဝေခြင်း အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ပြည်သူများ သောက်သုံးရေ ဖူလုံစေရန် စနစ်တကျ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


