ရွှေဘို ၁၅ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် စည်သာကျေးရွာတွင် စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က စည်သာကျေးရွာရှိ ရွာအဝင်မုဒ်ဦးအား မော်တော်ယာဉ်တစ်စီးမှ တိုက်မိ၍  မုဒ်ဦးပြိုကျပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် မြို့နယ်မီးသတ်စခန်း၏ မြောက်ဘက်  ၆ မိုင်ခန့်ကွာဝေးသော စည်သာကျေးရွာရှိ ရွာအဝင်မုဒ်ဦးအား စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က ယာဉ်မောင်း ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်း (၄၆)နှစ် အမှတ် (၁)ရပ်ကွက် ဘူတာ (ခ) ရပ်  ကန်တော်လမ်း ရွှေဘိုမြို့နေသူ မောင်းနှင်သော SKAT အနီရောင် အုတ် သဲ ကျောက် တင်မော်တော်ယာဉ်သည် သဲချပြီးပြန်အထွက် ကားနောက်ပိုင်းနှင့် ရွာအဝင်မုဒ်ဦးအား တိုက်မိပြီး (၁၅)  တန်ခန့်ရှိ မုဒ်ဦးပြိုကျကာ ကားခေါင်းခန်းအပေါ်သို့ ပိမိခဲ့ကြောင်း၊ ယာဉ်မောင်း ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်းမှာ ဦးခေါင်းပြားဒဏ်ရာ၊ လက်နှင့် ခြေထောက်ကျိုး ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် စည်သာကျေးရွာသို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ခေါင်းဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀)ဦး  ရဲတပ်ဖွဲ့ဝင် (၄) ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် (၃၀) ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်၍ ကားခေါင်းခန်းပေါ်တွင် ပိမိနေသော မုဒ်ဦးအား ကရိန်းဖြင့်ဖယ်ရှားကာ သေဆုံးသူ ယာဉ်မောင်းအား ကားခေါင်းခန်းအတွင်းမှ ဆွဲထုတ်ပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် လူ့အသက်သေဆုံးစေသူ ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်းကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

 

မိုးသောက်(ရွှေဘို)