ဟားခါး ၁၄ မတ်        


    
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ လမ်းအထူး (၁၀)မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ခေတ်မီစက်ယန္တရားကြီးများကို အသုံးပြုလျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

received_33

 

“ချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတဲ့ အဓိကအကြောင်းထဲမှာ လမ်းပန်းဆက်သွယ်ရေးက တစ်ခုအပါအဝင်ပါ။ ပြည်နယ်အတွင်းမှာရှိတဲ့ မြို့တွေဆီကို တစ်မြို့နဲ့တစ်မြို့ အလွယ်တကူ သွားလာဖို့ခဲယဉ်းသလို အဓိကမြို့ကြီးတွေနဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးမှာလည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ တာတွေကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့တယ်။ 

 

ဒါကြောင့်လည်း ဒေသခံ ပြည်သူလူထုတွေအတွက် အခြေခံ စားသောက်ကုန်အပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ၊ အခြားအသုံးအဆောင် ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ခဲ့တယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အဓိက ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်မှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ လမ်းပန်းဆက်သွယ်မှု အမြန်ဆုံး ကောင်းမွန်စေရေးအတွက် ပုံမှန်သမားရိုးကျ လုပ်တာမျိုးမဟုတ်ဘဲ စက်ယန္တရားကြီး တွေနဲ့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ချင်းပြည်နယ်၊ လမ်းအထူး (၁၀) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးနေရဲလင်းက လမ်းအထူး(၁၀)၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး မတ်လ ၁၃ ရက်နေ့က ဟားခါး-မတူပီလမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်စဉ် ပြောကြားခဲ့သည်။

 

received_8103

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လမ်းအထူး (၁၀) မှ ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကလေး-ဖလမ်း-ဟားခါးလမ်း၊ သိုင်းငင်း-တီးတိန်လမ်း၊ ဟားခါး-မတူပီလမ်းနှင့် ထန်တလန်-နှာရိန်-ရေဇွာလမ်းတို့ကို ရာသီမရွေး သွားလာနိုင်သည့်လမ်းများ ဖြစ်စေရေး ဆောင်ရွက် လျက်ရှိရာ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအရှည် ၁၃ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်းအရှည်၂၉ မိုင် ၅ ဖာလုံ၊ ဟားခါး-မတူပီလမ်း ၃၄ ပေ အကျယ် လမ်းတာချဲ့ခြင်း ၄ မိုင် ၃ ဖာလုံနှင့် အဆိုပါလမ်းများ တလျှောက် ရေထုတ်ပြွန်စုစုပေါင်း (၇၅)ခုကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

မြင့်နိုင်စိုး(ထီးလှိုင်မြေ)

 

received_2322