ခင်ဦး ၁၁ မတ် 

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ကြီးကြပ်၍ Helta Light Engineering ကုမ္ပဏီမှ ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါစီမံကိန်းကို ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်း ကွာဝေးသော ကျေးရွာအုပ်စု (၂၂)အုပ်စုမှ ကျေးရွာပေါင်း (၃၇)ရွာကို ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့အထိ ကျေးရွာပေါင်း (၁၃)ရွာကို လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းများ ပြီးစီးပြီး ကျန်ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

NEP စီမံကိန်းလုပ်ငန်းများ ပြီးစီးသွားသော ကျေးရွာများကို လျှပ်စစ်ဓာတ်အားအသုံး ပြုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခင်ဦးမြို့နယ်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၄၇) ရွာရှိရာ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း (၃၇)ရွာသာ လျှပ်စစ်မီးရရှိပြီး ယခုစီမံကိန်း လုပ်ငန်းဆောင်ရွက် ပြီးစီးသွားပါက ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၇၄)ရွာ လျှပ်စစ်ဓာတ်အားစနစ်ဖြင့် မီးလင်းမည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)