မုံရွာ ဒီဇင်ဘာ ၃

 

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်မဂ္ဂါဝပ်ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ကျင်းပသည်။

 

ဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ခန္တီးမြို့ ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် လောကသစ္စာကုမ္ပဏီမှ  တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ခန္တီးမြို့နေဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက တစ်မဂ္ဂါဝပ် ဆိုလာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် Video Clip ကို ကြည့်ရှုသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လောကသစ္စာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က တစ်မဂ္ဂါဝပ်ဆိုလာ ဓာတ်အားပေးစက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဆိုလာ ဓာတ်အားပေးစက်ရုံ၊ ဒီဇယ်ဓာတ်အားပေးစက်များနှင့် ဆိုလာချပ်များ တပ်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီ ခဲ့ကြသည့် ဘင်ခရာ/ပန်းဖွားအဖွဲ့များနှင့် ခန္တီးမြို့ပေါ်ရှိ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ခန္တီးမြို့ တစ်မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံကို ဆိုလာပြား ၁၅၄၂ ချပ်၊ အင်ဗာတာ ၁၂၅ ကီလိုဝပ် ရှစ်လုံးနှင့် ဘက်ထရီ ၂၈၈ လုံး တပ်ဆင်ကာ ခန္တီးမြို့နေပြည်သူများအား ၂၄ နာရီ လျှပ်စစ်မီး ပေးလျက်ရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)