နေပြည်တော် ၁၂ မတ်
ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီနှင့် ငှက်ဖျားရောဂါစီမံချက်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNOPS နှင့် မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စီမံချက်ပြန်လည်မွမ်းမံရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizontal Lake View Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်)၊ တီဘီရောဂါနှင့်ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အတွက် မိမိတို့မြန်မာနိုင်ငံကို အကူအညီပေးခဲ့သော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)ကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ Global Fund အဖွဲ့သည် (၂၀၁၁)ခုနှစ်မှ (၂၀၁၆)ခုနှစ် အတွင်း အမေရိကန်ဒေါ် သန်း(၅၀၀)နှင့် (၂၀၁၇) ခုနှစ်မှ (၂၀၂၀) ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၄၃၉)သန်း ပံ့ပိုးကူညီပေးခဲ့သဖြင့် ရောဂါ(၃)မျိုး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါပမာဏသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အတွက် အလွန်များသည့် ပမာဏပင်ဖြစ်ပါကြောင်း။
(၂၀၁၈) ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ရောဂါ(၃)မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်ချက်များ၏ အောင်မြင်မှု၊ ရန်ပုံငွေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှု၊ ရန်ပုံငွေ စုဆောင်းနိုင်မှုများကို ပြန်လည်သုံးသပ်၍ (၂၀၁၉) ခုနှစ်နှင့် (၂၀၂၀)ခုနှစ်တွင် ဆောင်ရွက်မည့် စီမံချက်ပြန်လည် မွမ်းမံ ပြင်ဆင်ရေးဆွဲရာ၌ ဂရုပြုဆောင်ရွက်ရမည့်အချက်များကို မိမိအနေဖြင့် မှာကြားလိုပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယဦးစီးဌာနမှူးများလည်း တက်ရောက်နေသည့်အတွက် ဤရောဂါ (၃)မျိုးအတွက် ကာကွယ်နှိမ်နှင်းရေးဆိုင်ရာ လုပ်ငန်းများတွင် တိုင်းဒေသကြီး/ပြည်နယ်များက မိမိတို့၏ အဓိက ကိုယ်ပိုင်အရေးသဖွယ်ဆောင်ရွက်ရန်လိုပြီး ဗဟိုမှ လိုအပ်သောနည်းပညာပံ့ပိုးမှုသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ အကြံ ဉာဏ်များလည်းရယူရန်နှင့် ယခုအစည်းအဝေးတွင် အပြန်အလှန်တက်ကြွစွာ ဆွေးနွေးကြရန် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အဓိကရန်ပုံငွေ လက်ခံဆောင်ရွက်သော UNOPS အာရှဒေသ မှ စီမံချက်ညွှန်ကြားရေးမှူး Dr. Attila Molnar က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အဓိကရန်ပုံငွေ လက်ခံသူအဖွဲ့များဖြစ်သည့် UNOPS နှင့် Save the Children အဖွဲ့တို့ကရရှိခဲ့သော ရန်ပုံငွေဖြင့် ရောဂါ (၃)မျိုး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် တွင် ကျင်းပသော မြန်မာနိုင်ငံ လူထုအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်း လက်ရှိဆောင် ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်း (မကူးစက်)က လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်း၏ နောက်ခံအကြောင်း၊ အောင်မြင်မှုနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာ ရောဂါဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာခင်သင်းမူ က ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်ထားရှိသော လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်း လုပ်ငန်းမှ ရရှိထားသော ကနဦးအချက်အလက် များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်အား လည်းကောင်း၊ International Association of Cancer Control and Informative Services, National Cancer Center (Japan ) ၏ ဉက္ကဌ Professor Tomohiro Matsuda က ဂျပန်နိုင်ငံတွင် ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ မြန်မာနိုင်ငံ ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအဆိုပြု လုပ်ငန်း စဉ်များ နှင့် အကြံပြုချက်များကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက မြန်မာနိုင်ငံလူဦးရေ အခြေပြုကင်ဆာရောဂါ စာရင်း ကောက်ယူခြင်းဆိုင်ရာနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် အကြံပြုဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


