အန်ကယ်ပညာ
မိဘတွေဟာ ကိုယ့်ရင်သွေးငယ်လေးတွေရဲ့အသက်အရွယ်အလိုက် ဖွံ့ဖြိုးလာတာလေးတွေကို မြင်တွေ့ရတဲ့အချိန်တိုင်း အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။ ဖွံ့ဖြိုးလာတယ်ဆိုရာမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်ခုလုံး ပါဝင်ပါတယ်။
မွေးကင်းစ ပက်လက်အနေအထား ကနေ ကိုယ်တိုင်အားယူ မှောက်တတ်လာ တာမျိုး၊ မှောက်တတ်ရာကနေ ဝမ်းလျား ထိုးသွားတတ်လာတာမျိုး၊ အဲဒီကနေ လေးဖက်ထောက် လေးဖက်သွား၊ မတ်တပ်ရပ် မတ်တပ်သွားတတ်တာမျိုး တွေလို အဆင့်ဆင့်တိုးတက်လာတာတွေကို တွေ့ရင် အဲဒီ မိသားစုလေးဟာ စိုပြည် လာတယ်လို့ ထင်ရပါတယ်။
ကလေးငယ် တစ်ယောက်ရဲ့ သင်ယူမှု
ဒါတင်မက စကားလေးတွေကို မပီ ကလာ ပီကလာနဲ့ တစ်လုံးစ နှစ်လုံးစ ပြောလာပြီဆိုရင်လည်း အိမ်ရဲ့ ဆည်းလည်း လေး လူးလွန့်အသက်ဝင်လာသလို ကြည်နူး ကြရပါတယ်။ အဲဒီကမှတစ်ဆင့် သူတို့ လိုတာ၊ မလိုတာတွေကို တီတီတာတာ ပြောလာတတ်တဲ့ အချိန်တွေမှာတော့ မိသားစုတွေရဲ့ ပျော်ရွှင်ခြင်းဟာ အတိုင်း ထက်အလွန် ဖြစ်လာကြပြီပေါ့။
ဒါတွေဟာ လူမမည်ကလေး တစ်ယောက်ရဲ့ လူ့လောကကြီးထဲမှာ လူတစ်ယောက်အဖြစ် အံဝင်ခွင်ကျဖြစ်စေဖို့ သူ့အချိန်အလိုက်ဖွံ့ဖြိုးလာရမယ့် သဘာဝ ဖြစ်စဉ်နဲ့ သင်ယူမှုဖြစ်စဉ်တွေလို့ပဲ နားလည် ထားပါတယ်။ ဒီနေရာမှာ ကလေးငယ် တစ်ယောက်ရဲ့ သင်ယူမှု ဖြစ်စဉ်တွေထဲက မိဘတွေမှာဖြစ်ပေါ် လာတတ်တဲ့ သဘော သဘာဝလေးတစ်ခုကို ထုတ်နုတ်ဖော်ပြ လိုပါတယ်။
ကလေးငယ်တွေဟာ အရာရာကို ကိုယ်တိုင် စူးစမ်းချင်ကြပါတယ်။ စူးစမ်းရင်း နဲ့ သင်ယူကြပါတယ်။ အဲဒီလို စူးစမ်းတဲ့ နေရာမှာ အန္တရာယ် မဖြစ်စေဖို့အတွက် လူကြီးမိဘတွေရဲ့ စောင့်ရှောက်ဖေးမမှုတွေ လိုတာပေါ့။ ပူတဲ့အရာဝတ္ထုဟာ ကလေးကို အန္တရာယ်ဖြစ်စေနိုင်တာမို့ သူတို့နားလည် နိုင်တဲ့ ဝေါဟာရတစ်ခုနဲ့တွဲဖက်ပြီး ပူတယ် ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပါ လက်တွေ့ ပြထားရင် လူကြီးတွေ ပူတဲ့အရာဝတ္ထုတွေကိုထိတွေ့ကိုင်တယ်တာကိုတွေ့ရင် သူတို့က တောင် ပြန်ပြီးသတိပေးကြတာကို ကြုံဖူး ကြမယ်ထင်ပါတယ်။ ဥပမာ ‘‘ပူပူ” ဆိုတဲ့ စကားမျိုးနဲ့ပေါ့။ ကလေးငယ်တွေရဲ့ ဒီလို အပြုအမူ အပြောအဆိုလေးတွေဟာ မိဘ တွေရဲ့ဘဝအမောကို ပြေစေတယ်လို့ပြောရင် မှန်ကန်သော သစ္စာစကားပဲ ဖြစ်ပါလိမ့်မယ်။
ကလေးတွေဟာ သင်ယူခြင်းကို လူကြီး မိဘတွေဆီကသာမက မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှတွေကနေ သင်ယူကြပါတယ်။ သူတို့တွေရဲ့ အသစ်အဆန်း သင်ယူ တတ်မြောက်တာတွေကို တွေ့မြင်ကြရတဲ့ လူကြီးမိဘတွေကလည်း ဝမ်းမြောက်ကြပါ တယ်။ သင်လွယ် တတ်လွယ်တာက ကလေး ငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ဖော်ပြ နေတာ မဟုတ်ပါလား။
ဒါပေမယ့် ကလေးငယ်တွေရဲ့ သင်ယူ တတ်မြောက်မှုတွေထဲက မကောင်းတဲ့ အတု ယူခြင်းတွေကိုတော့ မိဘတွေမှာ စိတ်နှစ်ခွ ဖြစ်ကြရပါတယ်။ အဲဒါကတော့ ချစ်ခြင်းနဲ့ မနှစ်မြို့ခြင်းပါပဲ။ ဥပမာအားဖြင့် ပတ်ဝန်းကျင် က လူတစ်ယောက်ရဲ့ ဆဲရေးတိုင်းထွာခြင်းကို အတတ်သင်နေတာမျိုးပေါ့။ စကားသင်တဲ့ အရွယ်လေးလည်းဖြစ်ပြန်၊ ပြောနေတဲ့စကား ကလည်း အဆဲစကားလေးဖြစ်နေပြန်ဆိုတော့ လူကြီးမိဘတွေအနေနဲ့ သူဆဲနေတာလေးက နားထောင်လို့ ကောင်းပြီး ချစ်စရာလေးလို့ တောင် ထင်ကြမှာပါ။ တစ်ဖက်မှာက ကောင်းတဲ့အတတ် မဟုတ်တော့ လူကြီးမိဘ တွေအနေနဲ့ မနှစ်မြို့ဘူးပေါ့။
လမ်းမှန်ရောက်စေချင်သည့် စေတနာ
ဒီတော့ ကလေးငယ်ကို ချော့တန်ချော့၊ ခြောက်တန်ခြောက် ပြုပြင်ပေးကြရပါတယ်။ကိုယ့်ကလေးငယ်လေးတွေ ဒီထက်အရွယ် ရလာပြီး ကျောင်းနေအရွယ်ရောက်လာတဲ့ အချိန်တွေမှာလည်း ဒီအတိုင်းပါပဲ။ ကလေး တွေရဲ့ သိမှုအရဖြစ်စေ၊ မသိမှုအရဖြစ်စေ သင်ယူလုပ်ဆောင်ချက်တွေဟာ ရေရှည်မှာ သူတို့ဘဝတိုးတက်ရေးနဲ့ မိသားစုဘဝပုံရိပ်ကို ထိခိုက်စေနိုင်တယ်ဆိုရင် သွန်သင်ဆုံးမပေးကြ ရပြန်ပါတယ်။ ဒါကလည်း အထက်မှာ ပြောခဲ့ သလိုချစ်မှုနဲ့ မနှစ်မြို့မှုအပြင် ကိုယ့်သားသမီး တွေကို ဘဝတစ်သက်တာမှာ လမ်းကြောင်းမှန် ပေါ်မှာပဲ ရှိနေစေချင်တဲ့ မေတ္တာစေတနာနဲ့ ဖြစ်ပါတယ်။
မိဘတွေက သားသမီးတွေကို သွန်သင် ဆုံးမတဲ့နေရာမှာ စာရေးသူကိုယ်တိုင်ကြုံခဲ့ ရတာလေးကို ပြောပြချင်ပါသေးတယ်။ ဒါကလည်း သူတစ်ပါးအတွေ့အကြုံကို ဖော်ပြ မယ်ဆိုလျှင် မသင့်လျော်လို့ပါ။ ၁၉၇၃ခုနှစ်၊ မိတ္ထီလာမြို့၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး နေအိမ်မှာဖြစ်ခဲ့တာပါ။ စာရေးသူက တတိယ တန်း ဖြစ်ပါတယ်။ ဒုတိယကျောင်းအုပ်ကြီး ဆိုတာက စာရေးသူရဲ့ အဖေဖြစ်ပါတယ်။
ဒီအကြောင်း မပြောခင် စာရေးသူရဲ့ အဖေအကြောင်း အရင်ပြောထားမှ သင့်မယ် ထင်ပါတယ်။ အဖေရဲ့အသက်မွေးဝမ်းကျောင်း အလုပ်က ကျောင်းဆရာ ဖြစ်ပါတယ်။ ကျောင်း က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသား တွေနဲ့ အဆောင်နေကျောင်းသားတွေအပေါ်မှာ စည်းကမ်း အလွန်ကြီးပါတယ်။ အဲဒီခေတ်က ကျောင်းသား၊ ဆရာ၊ မိဘအားလုံးက ဆရာ့ဝတ် တစ်ပါး ဖြစ်တဲ့ ဘေးရန်ဆီးကာဆိုတဲ့အချက်ကို အလေးအနက် ခံယူနားလည်ခဲ့ကြပုံ ရပါတယ်။
ကျောင်းမှာ အဲဒီလို စည်းကမ်းနဲ့ ကိုင်တွယ်သလိုပဲ စာရေးသူတို့ မောင်နှမတွေ အပေါ်မှာလည်း တူညီတဲ့ စည်းကမ်းနဲ့ ကိုင်တွယ်တာပါပဲ။ ဒါကြောင့် သားကြီးဖြစ်တဲ့ စာရေးသူလည်း ကြိမ်လုံးဓာတ်စာ ခဏခဏ မိခဲ့ပါတယ်။ တစ်ခါမှာတော့ ကြိမ်လုံးကိုင်ထား ပေမယ့် ဓာတ်စာအကျွေးမခံရတာလေး ကြုံခဲ့ ရပါတယ်။ ဒါကိုတော့ စာရေးသူတစ်သက် မမေ့သလို သွားလေသူ ဖခင်ကြီးကိုလည်း ကျေးဇူးအဖန်ဖန် တင်နေမိပါတယ်။
ဆက်ရမယ်ဆိုရင် အဲဒီအချိန်က မိတ္ထီလာမြို့ ‘‘ဇွဲ” ရုပ်ရှင်ရုံမှာ ‘‘လက်တစ်ဖက် ဓားသမား” ဇာတ်ကားကြီး ပြသနေပါတယ်။ ဇာတ်ကားနာမည်အမှန်တော့ မဟုတ်ပါဘူး။ ကြည့်ပြီးတဲ့ ကျောင်းနေသူငယ်ချင်းတွေ ပြောပြချက်အရ ဇာတ်ကားနာမည်ကို အဲဒီလိုပဲ မှတ်သားခဲ့တာပါ။ ပြောရရင်တော့ အဲဒီ ဇာတ်ကားကို အလွန်ပဲ ကြည့်ချင်ခဲ့ပါတယ်။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်တဲ့တစ်ရက်မှာ အိမ်နီးချင်းသူငယ်ချင်းတွေနဲ့ ဆုံဖြစ်တော့ အဲဒီ ရုပ်ရှင်အကြောင်းပြောကြရင်း သွားကြည့် ကြဖို့ တိုင်ပင်ကြပါတယ်။ သူငယ်ချင်းဆိုပေမယ့် အဲဒီအထဲမှာ ကျွန်တော်အသက်အငယ်ဆုံးပါ။ အဲဒီမှာ အဓိကပြဿနာက ရုံဝင်ကြေးအတွက် ပိုက်ဆံမရှိတာပါပဲ။ ဒါကို ဖြေရှင်းဖို့ စာရေးသူက နံရံမှာချိတ်ထားတဲ့ အဖေ့အင်္ကျီအိတ်ထဲက ၂၅ ကျပ်တန်တစ်ရွက်ကို မပြောမဆိုဘဲယူခဲ့ ပါတယ်။
ရုပ်ရှင်ရုံရောက်တော့ နေ့ခင်း ၁ နာရီ ပွဲကို သူငယ်ချင်းခြောက်ယောက် ငါးမူးတန်းက ကြည့်ကြတယ်။ ပြီးတော့ အပြန်မှာ ရေကျော် ခုနစ်ပေါက်နားက လေတပ်စားသောက်ဆိုင်မှာ တို့ဟူးကြော် သုံးကျပ်ဖိုး စားကြပါတယ်။ အကြော်က တစ်ခုဆယ်ပြားဆိုတော့ အဲဒီ လောက်ဖိုးနဲ့တင် ဝနေကြပါပြီ။ ရုပ်ရှင်ကြည့်ပြီး အကြော်အဝစားတာတောင် ခြောက်ကျပ်ပဲ ကုန်တယ်ဗျာ။ ယူလာတဲ့ ပိုက်ဆံက သုံးလို့ မကုန်နိုင်ဘဲ သက်သေခံအဖြစ် ၁၉ ကျပ် ကိုယ်နဲ့အတူ ပြန်ပါလာတာကို ပြောချင်တာပါ။ အဲဒီလိုယူသွားတဲ့ ပိုက်ဆံမကုန်ဘဲ ပြန်ပါ လာတာကိုက စာရေးသူအတွက် ကံကောင်း တယ်လို့ဆိုရမှာပါ။
အိမ်ပြန်ရောက်တော့ အဖေက စာရေးသူရဲ့ အင်္ကျီအိတ်ကပ်ထဲက ၁၉ ကျပ်ကို သိမ်းလိုက် ပါတယ်။ ခါတိုင်းလိုဆို စစ်လားဆေးလား လုပ်ပြီး ကြိမ်လုံးစာကျွေးခံရမှာ သေချာ ပါတယ်။ အခုကိစ္စမှာတော့ စာရေးသူရဲ့ အဖေဟာ ပိုက်ဆံသိမ်းတာကလွဲလို့ ဘာမှ လည်း မပြော၊ ဘာမှလည်း မလုပ်ခဲ့ပါဘူး။ အဲဒါ တော်တော်ခံရခက်ပါတယ်။ ဘာကြောင့် ရယ်လို့ မပြောတတ်ပေမယ့် မေးပြောပြီး အရိုက်ခံလိုက်ရတာကမှ တော်ဦးမယ်လို့ ထင်ခဲ့မိ ပါတယ်။ ဒီထက် ပိုဆိုးတာကိုတော့ နောက်တစ်နေ့ မနက်ပိုင်း ကျောင်းစတက်တဲ့ အချိန်လေးမှာ ကြုံခဲ့ရပါတယ်။
အဖေဟာ ကျောင်းသွားဖို့ အဝတ်အစား လဲပြီး သူဆောင်နေကျ ကြိမ်လုံးတစ်လုံးကို ကိုင်လျက်သားနဲ့ အိမ်ရှေ့တမာပင်အောက် က ကွပ်ပျစ်လေးပေါ်မှာ ထိုင်စောင့်နေပါတယ်။ ကွပ်ပျစ်ရဲ့ဘေး သူနဲ့တည့်တည့်မှာ ခွေးခြေ ထိုင်ခုံတစ်လုံး ချထားပါတယ်။ စာရေးသူ ကျောင်းသွားဖို့ အိမ်ကထွက်လာတဲ့အချိန်မှာ လှမ်းခေါ်ပြီး သူ့ရှေ့က ခွေးခြေထိုင်ခုံပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်ခိုင်းထားပါတယ်။ သူ့လက်ထဲက ကြိမ်လုံးကို လေထဲမှာ တဆဆ လုပ်နေပေမယ့် ဘာမှတော့ မပြောသေးပါဘူး။
အဲဒီအချိန်မှာ ကျောင်းတက်လာကြတဲ့ ကျောင်းကားတွေ တစ်စီးပြီး တစ်စီး ရောက်လာနေပါတယ်။ ကားပေါ်ကဆင်းလာ တဲ့ ဆရာတွေ ဆရာမတွေက အဖေ့ကို ‘‘မင်္ဂလာပါ ဆရာကြီး” လို့ နှုတ်ဆက်သွား ကြသလို တချို့ကလည်း စပ်စုတဲ့သဘောနဲ့ ကြည့်ကြည့်သွားကြပါတယ်။ အနားက ဖြတ်သွားတဲ့ ကျောင်းသူ ကျောင်းသား အကြီး၊ အငယ်အစုံကလည်း စာရေးသူတို့ သားအဖကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြတယ် ထင်ပါတယ်။
အနားမှာ လူပြတ်သွားတဲ့အချိန်မှာတော့ မနေ့က ပိုက်ဆံတွေ ဘာသုံးခဲ့သလဲလို့ မေးပါတယ်။ စာရေးသူကလည်း ရုပ်ရှင် ကြည့်တယ်၊ အကြော်စားတယ်ပဲ ဖြေရတာ ပေါ့။ ကျောင်းကား တစ်စီး ထပ်ရောက်လာရင် ဘာမျှဆက်မမေးဘဲ ရပ်ထားပြန်ပါတယ်။ အဲဒီအချိန် စာရေးသူ အကြောက်ဆုံးက လူတွေရှေ့မှာ အမေးခံရမှာနဲ့ ပြန်ဖြေရမှာကို ကြောက်နေတာပါ။ မနက်ပိုင်းကျောင်း စတက်တဲ့အချိန်လေးက တစ်ကမ္ဘာကြီး လောက်တောင်ကြာတယ် ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လိုက်တာလည်း မပြောပါနဲ့တော့။
ထပ်ခါတလဲလဲ မေးနေခဲ့
ဒီလိုနဲ့ အနားမှာ လူပြတ်သွားတဲ့အချိန် တွေမှာ ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေခဲ့ပါတယ်။ စာရေးသူကလည်း ဒီအဖြေကိုပဲ မေးတဲ့အချိန်တိုင်း ပြန်ဖြေခဲ့ပါ တယ်။ ယူသွားတဲ့ ပိုက်ဆံမကုန်ဘဲ ပြန်ပါ လာတာကို ကံကောင်းတယ်လို့ ပြောခဲ့ ပါတယ်။ အကယ်၍များ ယူသွားတဲ့ ပိုက်ဆံ ကုန်လာခဲ့ရင် အဖေကလည်း သတိမထား မိတာ ဖြစ်နိုင်သလို သတိထားမိလို့ စစ်လား ဆေးလားလုပ်ရလျှင်လည်း စာရေးသူက မယူပါဘူးလို့လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် ဒီအပြုအမူဟာ အမှားကြီးပါလား ဆိုတဲ့အသိ ကိုယ်တိုင်ရရှိအောင် သွန်သင် ဆုံးမခံရတဲ့ အခွင့်အရေးလည်း ဆုံးရှုံးခဲ့ ရလိမ့်မယ် ထင်ပါတယ်။
အဲဒီနေ့က အဖေနောက်ဆုံးပြောခဲ့တဲ့ စကားက ‘‘မင်းတို့ ငါးမူးတန်းက ကြည့်ရတာ ပိတ်ကားနားကပ်နေတာဆိုတော့ မကောင်း လောက်ပါဘူးကွာ။ ဒီတစ်ခါကြည့်ရင် မင့်သူငယ်ချင်းတွေခေါ်ပြီး တစ်ကျပ်တန်းက သွားကြည့်ကြ” ဆိုတာပါပဲ။
အဲဒီတုန်းက ရုပ်ရှင်တစ်ကားကို တစ်လ လောက်ရုံတင်ကြတာဆိုတော့ အဲဒီ ဇာတ်ကားကိုပဲ နောက်တစ်ပတ် ကျောင်း ပိတ်ရက်မှာ အဖေပေးတဲ့ ပိုက်ဆံနဲ့ သူငယ် ချင်းတွေခေါ်ပြီး တစ်ကျပ်တန်းက သွားကြည့်ဖြစ်ခဲ့ပါတယ်။ အဖေပြောသလိုပဲ တကယ်ကို ကြည့်လို့ ကောင်းခဲ့ပါတယ်။ တကယ်တော့ အဖေဟာ စာရေးသူကျူးလွန် တဲ့အပြစ်အတွက် ကြိမ်ဒဏ်ပေးခဲ့တာပါ။ ခန္ဒာကိုယ်အစား စာရေးသူရဲ့နှလုံးသား တည့်တည့်ကိုပေါ့။ ။


