mdn

သတင်းဆောင်းပါး - မောင်သောင်းဝင်း(တမန်ဟောင်း)

 

ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ ပံ့ပိုးမှုဖြင့် မှော်ဘီ မြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း တိုက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုကျောင်းတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နိုင်ငံများမှ ပြည်တွင်းသို့ပြန်လည်ရောက် ရှိလာကြသူများ၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမျှ မရှိသူများကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးအဖွဲ့များကို လည်း တာဝန်ချထားမည်ဟုဆိုသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ထို့အပြင် ဆရာတော်ကြီး၏ အမြော် အမြင်ကြီးမားမှုနှင့် ပြည်သူများအပေါ်ထားရှိသည့် မေတ္တာ၊ ကရုဏာတို့အပေါ်တွင်လည်း ကြည်နူး ဝမ်းမြောက်စွာဖြင့် သာဓုအကြိမ်ကြိမ် ခေါ်မိပါ သည်။

 

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ကလည်း ပြည်ပမှပြန်လည်ရောက်ရှိ လာမည့် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူများကို ထားရှိရန် ဝေဇယန္တာလမ်းပေါ်ရှိ အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် တာမွေမြို့နယ်ရှိ ဧရာဝတီဘဏ် သင်တန်းကျောင်း အဆောက်အဦများ ပံ့ပိုးကူညီပေးသွားမည်ဟု ဆိုသည်။ စောင့်ကြည့်ခံမည့်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက တာဝန်ယူသွားမည်ဖြစ်ပြီး တည်းခိုစားသောက် ရေးနှင့် လုံခြုံမှုကို ဧရာဝတီဖောင်ဒေးရှင်းက ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဧရာဝတီ ဖောင်ဒေးရှင်း က ကိုဗစ်-၁၉ ကုသကာကွယ်ရေးလုပ်ငန်း များအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှူဒါန်း ထားပြီးဖြစ်ကြောင်း သိရသည်။ မုဒိတာပွားမိပါသည်။

 

လှူဒါန်းလျက်ရှိ

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားအဆင့် အနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေ တစ်ရပ် ထူထောင်ထားရှိပြီးဖြစ်သည်။ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ဦးချင်းအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းပါဝင်လှူဒါန်းသွားရန် တိုက်တွန်း နှိုးဆော်ထားရှိသည်။ စေတနာထက်သန်သည့် ပြည်သူများသည် ဆေးနှင့် ဆေးပစ္စည်းများအပြင် ငွေကြေးလည်း ပါဝင်လှူဒါန်းလျက်ရှိကြသည်။ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။

 

ထို့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပရဟိတအဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူ များပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက် ဆေးရည်နှင့် ဆပ်ပြာများလှူဒါန်းခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်။ အများပြည်သူသွားလာ ရာနေရာများ၊ ဈေးရုံကြီးများ၊ ဆေးရုံများ၊ ကျောင်းများ၊ အဝေးပြေး ကားဝင်းများတွင်လည်း ပိုးသတ်ဆေးများ ဖျန်းလျက်ရှိသည်။ တာဝန်သိပြည်သူများသည် ကိုဗစ်-၁ ရောဂါကာကွယ်ရေးအတွက် တတ်အားသရွေ့ ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

 

အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်လျက်ရှိ

 

ထို့အပြင် ဗန်းမော်ဆရာတော်ကြီးအပါအဝင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများသည် ရတနသုတ် အပါအဝင် အန္တရာယ်ကင်းပရိတ်တော်များကို နေ့စဉ်ရွတ်ဖတ်ပြီး မေတ္တာပို့သစ္စာဆိုလျက်ရှိသည်။ မြို့ရွာများအလိုက်လည်း အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဆိုလျက်ရှိသည်။ မြတ်စွာဘုရားရှင်လက်ထက်တော်ကလည်း ကပ်ရောဂါများ ကျရောက်သည့်အချိန်မျိုးတွင် ပရိတ်တော်များရွတ်ဖတ်ပြီး သစ္စာဆိုခဲ့သည်။ လယ်တီဆရာတော်ကြီးသည် ဝမ်းရောဂါနှင့် ပလိပ်ရောဂါဖြစ်ပွားသည့်ဒေသများတွင် ပရိတ်ရွတ်ပြီး မေတ္တာပို့ခဲ့ဖူးသည်။ ပြည်သူများအနေဖြင့် မြတ်စွာဘုရား၏ ပရိတ်တော်များကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော်သွားမည်ဆိုလျှင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးမှ ကျော်လွှားနိုင်မည်ဟု ခိုင်မာစွာယုံကြည်မိပါသည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ဆေးဝါးများ အလှူခံ လျက်ရှိပါသည်။

 

ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိ

 

တရုတ်နိုင်ငံ ဂူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ Coronavirus Disease 2019 (COVID-19)  ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ် ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၅၁၂၇၀၁ ဦးရှိပြီး သေဆုံးသူ ၂၃၄၉၅ ဦး ရှိသွားပြီဖြစ်သည်။ ကူးစက် ပျံ့နှံ့မှုမြင့်တက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လူတိုင်းလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားသင့်ပေသည်။

 

အထူးဂရုစိုက်ရန်လို

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာရှစ်ဦးအထိ တွေ့ရှိပြီဖြစ်ရာ ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။ လက်မှန်မှန်ဆေးကြောခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း များကို တစ်ရှူးအုပ်ပြီးမှသာလုပ် ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲ စွန့်ပစ်ခြင်း၊ လူစည်ကားရာ နေရာများသို့ မလွှဲမရှောင် သာသွားရမည်ဆိုလျှင် နှာခေါင်းစည်း တပ်ထားခြင်း၊ ဖျားနာနေလျှင် အိမ်၌သာအနားယူခြင်း၊ ဖျားနာပြီး မောနေလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင်ခရီးသွားလာမှုကို  ရှောင်ရှားခြင်း၊ ဖျားနာနေသူများထံသို့ သွားရာမှ ပြန်လာလျှင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့် နေအိမ်တွင် ပိုးသတ်ဆေး ဖျန်းခြင်း စသည်တို့ကို မပျက်မကွက် လုပ်ဆောင်သင့် ပေသည်။

 

စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့

 

တချို့သော ဝိသမလောဘစီးပွားရေးသမားများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အမြတ်ထုတ်လျက်ရှိကြသည်။ ဆိုလိုသည်မှာ နှာခေါင်း စည်းများ၊ လက်သန့်ဆေးများနှင့် ဆေးဝါးပစ္စည်းများ ကို အဆမတန်ဈေးနှုန်းတင်၍ ရောင်းချလျက်ရှိသည်။ ကောလာဟလသတင်းများကြောင့် တချို့သော ပြည်သူများသည် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကိုအဆမတန် ဝယ်ယူဖြည့်တင်းလျက် ရှိကြသည်။ လူသုံးကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ထားခြင်းသည် ကုန်ဈေးနှုန်းများ တက်နိုင်ပေသည်။ တချို့ သူများသည် အကြောက်တရား ကြီးလွန်းကြသည်။ ချင့်ချိန်နိုင်စွမ်းအားနည်းကြ သည်။

 

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ တစ်ဝန်းသို့ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ လည်း ကူးစက်မှုထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိနေရန်လိုအပ်ပေ သည်။ အထူးသဖြင့် လက်မှန်မှန်ဆေးကြောခြင်း၊ လူစု လူဝေးရှိရာနေရာများသို့သွားလာခြင်းတို့ကို ရှောင်ကြဉ် သွားသင့်ပါသည်။ တတ်နိုင်ပါက နေအိမ်အတွင်း၌သာ နေထိုင်သင့်ပေသည်။ စင်စစ်အားဖြင့် ကိုဗစ်-၁၉ ရောဂါ အပါအဝင် တိုင်းပြည်အတွင်း မည်သည့်ဘေးအန္တရာယ် ကျရောက်လာသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့်သာ ကျော်လွှားသွားမည်ဆိုလျှင် အဖိတ်အစဉ်အနည်းဆုံးဖြင့် ဧကန်မုချ အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်မိပါတော့ သည်။