ဆရာထန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) က ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်လိုက်သော ကိုဗစ်-၁၉ ရောဂါသည် ယနေ့ထိတိုင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေသည့်အပြင် နိုင်ငံတကာ၌ စီးပွားရေးနှင့် ပညာရေးမှအစ လူမှုဆက်ဆံရေးအထိ တိုက်ရိုက်ထိခိုက်ကာ လွန်စွာကြီးမားသော နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။ ဤဆောင်းပါးရေးနေချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါရှိသူ လေးသန်းကျော်နှင့် ထိုရောဂါကြောင့် သေဆုံးသူ သုံးသိန်းခန့် ရှိနေပြီဖြစ်သည်။ ထိုတိုက်ရိုက် ဆုံးရှုံးမှုများနှင့် ဒွန်တွဲ၍ လူသားများကို ဒုက္ခပေးနေသော ကိုယ်ပျောက်ရန်သူတစ်ခုမှာ ကိုဗစ်-၁၉ ရောဂါကာလ စိတ်ဖိစီးမှုပင် ဖြစ်သည်။
ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၌ စိတ်ဖိစီးမှုကြောင့် မွေးဖွားလာမည့် ရင်သွေးငယ်များအပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများကို ကြို၍အသိပေးရန်ဖြစ်သည်။ ကိုယ်ဝန်ဆောင် စိတ်ဖိစီးမှုခံစားရပါက မိခင်၌ ဆိုးကျိုးဖြစ်စေသည်သာမက လွယ်ထားသော ရင်သွေး၌လည်း ကိုယ်ဝန်ဆောင်စဉ်က ကြုံတွေ့ရသော စိတ်ဖိစီးမှု (Prenatal Maternal Stress-PNMS) ကြောင့် ကာလတာရှည်သည့် ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း သုတေသန ပြုလုပ်ချက်များက ဖော်ပြနေပါသည်။ မိခင် စိတ်ဖိစီးမှု (PNMS) ကြောင့် မွေးလာသော ရင်သွေးများတွင် ဉာဏ်ရည်မမီခြင်း၊ ဘာသာစကား ပြောဆိုမှုနှင့် အပြုအမှုပိုင်းဆိုင်ရာများ၌ ညံ့ဖျင်းခြင်းများ ဖြစ်စေနိုင်ပါသည်။ ဖြစ်စဉ် (Mechanism) အတိအကျကို မသိရသေးသော်လည်း ယနေ့အထိရရှိသော အထောက်အထားများအရ PNMS သည် မိခင်တွင် စိတ်ဖိစီးမှုဟော်မုန်း (cortisol) များထွက်ပေါ်စေသည်။ ထိုဟော်မုန်းများက သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အဆိပ် (neurotoxic) ဖြစ်စေသဖြင့် ထိုကလေးကြီးပြင်းလာသောအခါ လူစဉ် မီသော ဖွံ့ဖြိုးမှု မရရှိနိုင်ခြင်းဖြစ်မည်ဟု သုတေသီများက ယူဆကြပါသည်။
ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှု၏ ဆိုးကျိုး
လွန်ခဲ့သောကာလများ၌ ကပ်ရောဂါဆိုးများ ကြုံခဲ့ရသော်လည်း ထိုရောဂါများနှင့် ဆက်နွှယ်သည့် စိတ်ဖိစီးမှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သူတို့၏ရင်သွေးများအပေါ်၌ မည်သို့ အကျိုးသက်ရောက်မှု ရှိသည်ကို သုတေသနပြုထားခြင်းများ မရှိခဲ့ပါ။ သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာလ စိတ်ဖိစီးမှုများ၏ ဆိုးကျိုးကို အသေးစိတ်သိနိုင်ရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် တိရစ္ဆာန်များကို အသုံးပြုသော စမ်းသပ်ချက် (animal studies)နှင့် ကိုယ်ဝန်ဆောင်ကာလအတွင်း သဘာဝဘေးအန္တရာယ် (ဥပမာ-လေမုန်တိုင်း၊ တောမီးနှင့် ရေကြီးခြင်း)နှင့် စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက် (ဥပမာ မိသားစုတစ်ဦးဆုံးပါးခြင်း၊ မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ရခြင်း) တစ်ခုခုကြုံခဲ့ရသော မိခင်များနှင့် ၎င်းတို့၏ ရင်သွေးများကို သုတေသနပြုခြင်းမှ ရရှိလာသောအချက်များကို ကြည့်၍ သင့်လျော်သော ခန့်မှန်းမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ပြင်သစ်နိုင်ငံ Lille တက္ကသိုလ်မှ သုတေသီများက ကြွက်များဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ရာ၌ သန္ဓေသားဘဝတွင် စိတ်ဖိစီးမှုခံခဲ့ရသော ကြွက်များ၌ Endocrine စနစ်၏ ဝင်ရိုးတစ်ခုဖြစ်သည့် Hypothalamic-PituitaryAdrenal (HPA) axis ၏ ထိန်းချုပ်မှုပျက်ပြားနေပြီး အပြုအမူများ ပြောင်းလဲသွားခဲ့ကြောင်း ၂၀၀၈ ခုနှစ်တွင် ဖော်ပြခဲ့ပါသည်။ ထို့အပြင် ထိုကြွက်များ၌ စိုးရိမ်နေမှု (anxiety level) မြင့်မားပြီး စိတ်ကျခြင်းနှင့် ဆင်တူသော အပြုအမူ (depression like behaviors) များနှင့် ဉာဏ်ရည် နိမ့်ကျမှုများ တွေ့ခဲ့ရသည်ဟုဆိုသည်။
ကိုယ်ဝန်ဆောင်နေစဉ် စိတ်ဖိစီးမှုခံရသော အမျိုးသမီးများကို သုတေသနပြုလုပ်ရာ၌ မီးဖွားခြင်းနှင့် ဆိုင်သော ပြဿနာများ (ဥပမာ - အချိန်မစေ့မီ မွေးခြင်း၊ မွေးစကလေးငယ်၏ ကိုယ်အလေးချိန် လျော့နည်းခြင်း၊ မွေးဖွားရာ၌ ခက်ခဲခြင်း) ကြုံတွေ့ရသည့်အပြင် ကလေးငယ်တွင်လည်း ရေရှည်ထိခိုက်မှုများ (ဥပမာ- အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ၊ လှုပ်ရှားမှုနှင့်ဆိုင်သော ဖွံ့ဖြိုးမှုများ နှေးကွေးခြင်း) တွေ့ရှိခဲ့ကြသည်။
ရေခဲမုန်တိုင်းကြီးမှရသော သင်ခန်းစာ
၁၉၉၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကနေဒါနိုင်ငံ အရှေ့ပိုင်း၊ အထူးသဖြင့် အွန်တေရီယိုနှင့် ကွီဘတ်ပြည်နယ်တို့၌ အလွန်ပြင်းထန်သော ရေခဲမုန်တိုင်း (Great Ice Storm of 1998) တိုက်ခတ်ခဲ့သည်။ ထိုမုန်တိုင်းကြောင့် လူ ၃၅ ဦးသေဆုံးခဲ့ပြီး ဆီးနှင်းနှင့်ရေခဲများက ဖုံးလွှမ်းမှုကြောင့် ဒေသတစ်ခုလုံး သွားလာမှုခက်ခဲကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာခုနစ်ဘီလီယံခန့် ရှိခဲ့သည်။ ထရန်စဖော်မာများစွာနှင့် မီးတိုင်ထောင်နှင့်ချီကာ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ပြည်သူငါးသန်းသည် ကမ္ဘာ့အအေးဆုံး ဒေသ၏ အချမ်းဆုံးလတွင် အပူနှင့် လျှပ်စစ်မီး (heat & power) မရှိဘဲ ကြံ့ကြံ့ခံ၍ နေထိုင်ခဲ့ကြသည်။ မြို့ကြီးအချို့တွင် တစ်ပတ်အတွင်း၌ လျှပ်စစ်မီး ပြန်ရခဲ့သော်လည်း အခြားမြို့ငယ်များနှင့် အစွန်အဖျားဒေသများတွင် လနှင့်ပင်ချီ၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ ပျက်စီးမှုများလွန်းသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီရန် စစ်သည် ၁၆၀၀၀ ကို ကနေဒါအစိုးရက စေလွှတ်ခဲ့ရသည်။
ဤမုန်တိုင်းဒဏ်ခံရသူများတွင် Montreal မြို့ရှိMcGill တက္ကသိုလ်၏ စိတ်ပညာဌာန ပါမောက္ခ Dr. Suzan ne King နှင့် မိသားစုလည်း ပါဝင်ခဲ့သည်။ မုန်တိုင်းအပြီး တစ်ပတ်ခန့်အကြာတွင် ၎င်း၏အိမ်၌ လျှပ်စစ်မီးပြန်ရခဲ့သည်။ စိတ်ဖိစီးမှုများ၏ အကျိုးဆက်များကို သုတေသန ပြုနေသူတစ်ဦးဖြစ်သည့် အားလျော်စွာ လျှပ်စစ်မီးပြန်ရသည်နှင့် တစ်ပြိုင်နက် သူ၏သွေးပေါင်ကို ချိန်ကြည့်ခဲ့ရာ လွန်စွာမှမြင့်မားနေသည်ကို တွေ့ရှိခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှ လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ခဲ့ရာမှ အကြွင်းအကျန်ဖိစီးမှု (residual stress) များကြောင့် ဖြစ်မည်ဟု Dr. King က ကောက်ချက်ချခဲ့သည်။ ထိုအတွေ့အကြုံနှင့်ဆက်စပ်ကာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများက ကိုယ်ဝန်ဆောင် အမျိုးသမီးများ၌ မည်သို့ အကျိုးသက်ရောက်မှုဖြစ်စေမည်ကို သိလိုစိတ်ပြင်းပြခဲ့သည်။ ထို့ကြောင့် Dr. King က ကွီဘတ်ပြည်နယ်အတွင်းရှိ မုန်တိုင်းကျစဉ်က ကိုယ်ဝန်ရှိနေပြီးသော အမျိုးသမီးများကို ဆက်သွယ်၍ "Project IceStorm" ဟု အမည်ရသော သုတေသနစီမံကိန်းကို အစပြုခဲ့သည်။
မွေးလာသော ရင်သွေးငယ်များ၏ ဖွံ့ဖြိုးမှုကို မွေးကင်းစအရွယ်မှစ၍ ကလေးဘဝနှင့် လူငယ်အရွယ် ရောက်သည်အထိ စစ်ဆေးစမ်းသပ်ပြီး မှတ်တမ်းတင်ခဲ့သည်။ မုန်တိုင်းကျစဉ်က ကိုယ်ဝန်ရှိသော မိခင်များမှ မွေးဖွားလာသော ကလေးငယ် ၁၀၀ ခန့်ကို အသက် ၁၉ နှစ်အရွယ်အထိ လေ့လာနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ကနေဒါအသံလွှင့်ကော်ပိုရေးရှင်း (Canadian Broadcasting Corporation-CBC) နှင့် ရေဒီယို အင်တာဗျူးပြုလုပ်ရာ၌ Dr.King က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိခင်ခံစားခဲ့ရသည့် စိတ်ဖိစီးမှုအတိုင်းအတာသည် ကလေးတွင်တွေ့ရကြောင်း၊ ထိခိုက်မှုပမာဏနှင့် တိုက်ရိုက်အချိုးကျမှု (dose respond kind of effect) ရှိ ကြောင်းပြောကြားခဲ့သည်။ လျှပ်စစ်မီး ရက် ၂၀ ထက် ပို၍ကြာရှည်စွာ ပြတ်တောက်မှုခံခဲ့ရသော မိခင်များ၏ သားသမီးများတွင် လျှပ်စစ်မီး ၁၀ ရက်အောက်အဖြတ်ခံခဲ့ရသော မိခင်များ၏ သားသမီးများထက် ဉာဏ်ရည် (IQ ) ၁၀ မှတ်မှ ၁၂ မှတ်ခန့် လျော့နည်းသည်ကို တွေ့ရခြင်းကြောင့် သိသာခြားနားမှုကို ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် Dr.King က ဆိုးကျိုးသက်ရောက်မှုသည် မိခင်ကိုယ်ဝန်ကာလနှင့် လိုက်ပြီး ကွဲပြားမှုရှိသည်ဟု ဆိုသည်။ မုန်တိုင်းကျစဉ်က ကိုယ်ဝန်အစပိုင်း ( first trimester) နှင့် ကြုံခဲ့သော မိခင်များ၏သားသမီးများတွင် အထီးကျန်ဆန်ရသာ စိတ်ဝေဒနာ လက္ခဏာများ (autistic like symptoms) တွေ့နိုင်ပြီး ကိုယ်ဝန်နှောင်းပိုင်း (third trimester)နှင့် ကြုံခဲ့ပါက သားသမီးများတွင် လှုပ်ရှားမှုဖွံ့ဖြိုးခြင်း (motor developement) များ ထိခိုက်နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ Dr.King က ထိုသို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်ကာလအလိုက် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှု ခြားနားခြင်းရှိသဖြင့် မိခင်စိတ်ဖိစီးမှု ခံစားရနေချိန်တွင် ဖွံ့ဖြိုးနေသော ဦးနှောက်အစိတ်အပိုင်းကိုသာ ထိခိုက်စေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါသည်။
ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုကိုမည်သို့လျှော့ချနိုင်မည်နည်း
ယေဘုယျအားဖြင့် စိတ်ဖိစီးမှုပမာဏပြင်းထန်စေသည့် အချက်ကြီးလေးချက်ရှိပါသည်။ ၎င်းတို့မှာ (၁) ဖြစ်ပေါ်လာသော ဆုံးရှုံးမှုအတိုင်းအတာ ( degree of loss)၊ (၂) သက်ရောက်မှုနယ်ပယ် (scope)၊ (၃) ခြိမ်းခြောက်မှု၏ ပြင်းထန်မှု ( intensity of the threat) နှင့် (၄) ပြောင်းလဲခြင်း ဖြစ်ပေါ်စေမှုပမာဏ (degree of change) တို့ဖြစ်သည်။ ယနေ့ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါသည် အထက်ပါ အချက်လေးချက်စလုံးနှင့် အပြည့်အဝ အကျုံးဝင်နေသဖြင့် ကြီးမားသော စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထင်ရှားသည်။ ဆုံးရှုံးမှု အတိုင်းအတာကို ကြည့်ပါက လူ့အသက်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် ရောဂါ မရှိသူများတွင်လည်း အလုပ်အကိုင်နှင့် စီးပွားရေးမှအစ လွတ်လပ်စွာ သွားလာခွင့်မရတော့သည်အထိ ဆုံးရှုံးမှုမျိုးစုံဖြစ်စေခဲ့ကြောင်း တွေ့ရမည်။ သက်ရောက်မှုနယ်ပယ်ကို ကြည့်ပြန်လျှင်လည်း ကမ္ဘာတစ်ဝန်းကို အချိန်တိုတိုအတွင်း ရောဂါပြန့်ပွားစေခဲ့သောကြောင့် အမြင့်ဆုံးသော သက်ရောက်မှုပေးနိုင်ကြောင်း တွေ့နိုင်ပါသည်။ အလားတူ ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများ မတွေ့ရှိသေးခြင်းကြောင့် ခြိမ်းခြောက်မှု အလွန်ပြင်းထန်ပြီး လူသားများ၏ နေ့စဉ်နေထိုင်သွားလာပုံကို ပြောင်းလဲစေခဲ့ခြင်း (ဥပမာ- အိမ်တွင် အမြဲနေရခြင်း၊ မျက်နှာဖုံးများ တပ်ရခြင်း၊ လက်ကိုမကြာခဏဆေးရခြင်း) ကြောင့် သိသာထင်ရှားသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ပေါ်လွင်နေပါသည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်ကိုယ်ဝန်ဆောင်နေသော အမျိုးသမီးများသည် ပြင်းထန်သော စိတ်ဖိစီးမှုကို ရင်ဆိုင်နေရကြောင်း သတိချပ်သင့်သည်။ ထိုသို့ရင်ဆိုင်ရာတွင် အောက်ပါအချက်များကို ဆင်ခြင်လိုက်နာခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်မည် ဖြစ်သည်။
(၁) ခြိမ်းခြောက်မှုကို ထိန်းချုပ်ခြင်း။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အိမ်တွင်း၌သာနေပြီး (ဈေးဝယ်ရန်လိုအပ်ပါက တခြားသူများကို သွားစေခြင်း)၊ သက်ဆိုင်ရာမှ ညွှန်ကြားချက်များကို လိုက်နာခြင်းနှင့် မကြာခဏ လက်ဆေးခြင်းများ ပြုလုပ်ခြင်းဖြင့် ဤကပ်ရောဂါ၏ ခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ပါသည်။
(၂) ပြောင်းလဲမှုနည်းအောင် နေထိုင်ခြင်း။ တစ်နေ့တာ လုပ်ရိုးလုပ်စဉ်များ (regular routines) ကို အတတ်နိုင်ဆုံး ပုံမှန်အတိုင်း ဆက်လုပ်ဖြစ်အောင် အားစိုက်ခြင်း (ဥပမာပုံမှန်အချိန်အတိုင်း အိပ်ရာဝင်၊ အိပ်ရာ ထခြင်း၊ အလုပ်သွားစဉ်ကကဲ့သို့ အဝတ်လဲခြင်း) ဖြင့် အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမည့် စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပါသည်။
(၃) အကောင်းမြင်ခြင်း။ အခက်အခဲတစ်ခုခုနှင့်ကြုံရသောအခါ ထိုအခက်အခဲကို ရင်ဆိုင်နေရသော လူတစ်ဦးချင်း၏အကဲဖြတ်မှု (cognitive appraisal) သည် အလွန်အရေး ပါပါသည်။ သုတေသနပြုချက်များအရ အခြေအနေဆိုးကြုံတွေ့နေရသည့်ကြားမှ အကောင်းမြင်နိုင်ခြင်း (positive appraisal) ဖြင့် စိတ်ဖိစီးမှု၏ဆိုးကျိုးကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ဥပမာ ဆိုရသော် ကိုဗစ်-၁၉ ကြောင့် အိမ်၌နေရသည်ကို ဒဏ်ပေးခံရသကဲ့သို့ မတွေးဘဲ မိသားစုနှင့်အတူ အချိန်ပို၍ သုံးနိုင်ရန် အခွင့်အရေး ရသည်ဟု မြင်ခြင်းဖြင့် စိတ်၏ဖိစီးမှုကိုလျော့နည်းစေနိုင်သည်။
(၄) သတိတရားကျင့်စဉ်ပြုလုပ်ခြင်း (Mindful ness)။ သုတေသီများက သတိတရားကျင့်စဉ် (ဥပမာ-ယောဂီကျင့်ခြင်း၊ မိမိကိုးကွယ်ရာ ဘာသာတရားအလိုက် တရားအားထုတ်ခြင်း) များကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၌ စိတ်ဖိစီးမှုဒဏ် ခံစားရခြင်းမှ သက်သာနိုင်သည့် အလားအလာများ တွေ့ရသည်ဟု ဆိုပါသည်။ သို့သော် ယခုအချိန်တွင် အကျိုးသက်ရောက်မှုရှိကြောင်း အတည်ပြု နိုင်ရန်အတွက် ပို၍ကျယ်ပြန့်သော စမ်းသပ်မှု (randomized controlled study) များပြုလုပ်ရန် လိုအပ်နေသေးသည်။ အချုပ်ဆိုရသော် ကိုဗစ်-၁၉ ကပ်ရောဂါကာလမှရရှိသော စိတ်ဖိစီးမှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးဖွားလာမည့် ရင်သွေးများတွင် မလိုလားအပ်သော ဆိုးကျိုးများစွာ သက်ရောက်လာ နိုင်သည်မှာ ထင်ရှားလျက်ရှိပါသည်။ ဤဆိုးကျိုးများမှ လုံးဝလွတ်ကင်းရန် လွယ်ကူမည်မဟုတ်သော်လည်း ကိုဗစ်-၁၉ ၏ ခြိမ်းခြောက်မှုများကို ထိန်းချုပ်ခြင်း၊ အပြောင်းအလဲနည်းအောင် ကန့်သတ်ခြင်းနှင့် အကောင်းမြင်ဝါဒ ပို၍မွေးကာ သတိတရားကျင့်စဉ်များ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းပြီး ကျန်းမာသန်စွမ်းသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မျိုးဆက်သစ်ရင်သွေးများ ထွက်ပေါ်လာမည် ဖြစ်သည်။ ။


