ရဲမြင့်ကျော်
ကိုရိုနာဗိုင်းရပ်စ်က နေ့စဉ်လူတိုင်းအပေါ် ဖိအားပေးနေချိန်မှာပဲ နိုင်ငံတွေမှာလည်း ကျန်းမာရေးနဲ့ စီးပွားရေး ပြဿနာတင်မက အရင်ငုပ်လျှိုးနေတဲ့ “မညီမျှမှု” အနာဟောင်းတွေ ထွက်ပေါ်လာပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ်က လူသားတွေရဲ့ မညီမျှမှုပြဿနာကို တိုက်ရိုက်ဖော်ထုတ်လာတယ်။ ဆင်းရဲချမ်းသာမရွေး၊ ဝန်ကြီးချုပ်၊ မင်းသားမင်းသမီး၊ ဆယ်လီကအစ လမ်းဘေးကလူအထိ ဗိုင်းရပ်စ်က အားလုံးကိုမခွဲခြားပေမယ့်လည်း၊ လူတွေကြားက မညီမျှမှုကတော့ မဖုံးနိုင်မဖိနိုင် ပေါ်လာတယ်။ ကိုဗစ်ကို ကာကွယ်တုံ့ပြန်ရာမှာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား ကွာခြားမှု မညီမျှမှုတွေရှိသလို နိုင်ငံကိုယ်စီ ပြည်တွင်းဆင်းရဲချမ်းသာ ကွာဟမှုကလည်း ခေါင်ကို တက်လာတဲ့ ပြဿနာဖြစ်နေပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေရဲ့ အစိုးရတွေက သူတို့စီးပွားရေးကို ကယ်တင်ဖို့ ရှိသမျှဘဏ္ဍာငွေ အောထည့်နေချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ဟိုကဆွဲ၊ ဒီကဆွဲနဲ့ ကြွေးမြီပိုနစ်လာပါတယ်။ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) အစီရင်ခံစာအရ လက်ရှိဖွံ့ဖြိုးဆဲနိုင်ငံ ၁၁၇ နိုင်ငံရဲ့ ကြွေးမြီက အဲဒီနိုင်ငံအားလုံးပေါင်း ဂျီဒီပီရဲ့ ၁၉၁ ရာခိုင်နှုန်းအထိ ရှိတာမို့ ကြွေးအမြင့်ဆုံးချိန်လို့ ဆိုပါတယ်။ အရှေ့အာဖရိကက လူဦးရေ ၅၆ သန်းရှိတဲ့ တန်ဇန်နီးယားမှာ လူ ၇၁၀၀၀ ကို ဆရာဝန်တစ်ဦး၊ မာလီနိုင်ငံမှာ လူတစ်သန်းကို အသက်ရှူအထောက်အကူပြု ကိရိယာ (ventilator) သုံးလုံးနှုန်းပဲရှိတယ်။ ကမ္ဘာပေါ်မှာ ဆဲလ်ဖုန်းကိုင်သူ လူသန်းငါးထောင်ရှိပေမယ့် အိမ်မှာ လက်မဆေးနိုင်သူ သန်းလေးထောင့်ရှစ်ရာ ရှိနေတယ်။
Oxfam အဖွဲ့က ဆင်းရဲတဲ့နိုင်ငံ ၈၅ နိုင်ငံက လူတွေရဲ့ အသက်ကယ်တင်ဖို့ ပြည်သူ့ကျန်းမာရေး ဘတ်ဂျက် အသုံးစရိတ် အရေးပေါ်နှစ်ဆ တိုးမြှင့်ရေးမှာ G-20 နိုင်ငံကြီးတွေ ထည့်ဝင်ပေးဖို့ တောင်းဆိုတယ်။ ကမ္ဘာတစ်လွှားက လူသန်းလေးထောင်မှာ လူမှုကာကွယ်စောင့်ရှောက်မှုချို့တဲ့နေပြီး အဲဒီဒေသ အစိုးရတွေ လူမှုစောင့်ရှောက်မှု လုပ်နိုင်ဖို့ ဘဏ္ဍာငွေ ဝိုင်းဝန်းဖြည့်ဆည်း ပေးရမယ်လို့ ဆိုထားတယ်။ ဒီအစိုးရတွေသာ အကျပ်အတည်းကို မကိုင်တွယ်တတ်ရင် လူသန်း ၅၀၀ လောက်ထိ ဆင်းရဲမွဲတေမှု ကြုံရနိုင်ပြီး လူသန်း ၄၀ ဝန်းကျင် သေဆုံးနိုင်တယ်လို့ တွက်ချက်ပါတယ်။ ။
နောက်ကူးစက်ရောဂါကို ကာကွယ်ဖို့ လူချင်းခွာ အိမ်မှာနေကြဖို့ ပြောတဲ့အခါမှာလည်း လူတွေအတွက် နေစရာအိမ်၊ လုံလောက်တဲ့ နေရာအကျယ်အဝန်း၊ နေ့စဉ် စားသောက်စရာ၊ လူမှုလုံခြုံရေး စတာတွေ လိုလာတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက မြို့ကြီးအတော်များများ ဘယ်နေရာမှ အဆင်သင့်မဖြစ်ကြပါဘူး။ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၆ ဘီလီယံအနက် တစ်ဘီလီယံကျော်ဟာ ဆင်းရဲသား ရပ်ကွက်တွေ ဆင်ခြေဖုံးတွေမှာ နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလုပ်အကိုင်ရှိသူ ၆၀ ရာခိုင်နှုန်းကျော်ဟာ မြို့ကြီးတွေမှာ တရားမဝင် နေထိုင်သူတွေဖြစ်ပြီး လမ်းဘေးဈေးသည်၊ အငှားယာဉ်မောင်းကအစ ကြုံရာကျပန်း ရွှေ့ပြောင်းလုပ်သားအစုံပါပဲ။ သူတို့ကို မှီခိုရတဲ့ မိသားစုများစွာက နောက်မှာ စိတ်ပျက်ဖွယ် ပြွတ်ကြပ်ညပ် နေထိုင်ပြီး ရေ၊ အိမ်သာ၊ လျှပ်စစ်မီး မျှဝေသုံးစွဲတယ်။ အလုပ်အာမခံမရှိ၊ ကျန်းမာရေး အာမခံမရှိ၊ ဘဏ်စာရင်းမရှိ။ ဗိုင်းရပ်စ်က သွားလာမှု ခြေချုပ်လုပ်ဖို့ တောင်းဆိုလာတဲ့အခါ သူတို့မှာ ကာလငယ်တစ်ခု အတည်နေနိုင်မယ့် ကွန်းခိုစရာမရှိပါဘူး။
ဒါကြောင့်လည်း နယူးဒေလီ၊ ဗန်ကောက်၊ မက္ကစီကိုစီးတီးနဲ့ ဘရာဇီးက ရီယိုဒီဂျနေရိုး မြို့ကြီးတွေမှာ သွားလာမှု ကန့်သတ်တဲ့အမိန့်တွေကြောင့် လူသန်းပေါင်းများစွာဟာ နေရာမဲ့၊ အကာအကွယ်မဲ့၊ အကူအညီမဲ့၊ အနာဂတ်မဲ့သွားတယ်။ အိန္ဒိယမှာဆိုရင် ၁ ဒသမ ၃ ဘီလီယံလူထုကို ပြုံးဒိုင်းကြီး ရက် ၄၀ အိမ်တွင်းအောင်းဖို့ အမိန့်ထုတ်လိုက်တဲ့အခါ အားလုံးဝရုန်းသုန်းကားဖြစ်သွားတယ်။ မြို့ပြနေထိုင်သူ သန်း ၄၆၀ အတွက် ရှင်းလင်းတဲ့ မူဝါဒမရှိသလို ဆင်းရဲသား ရပ်ကွက်တွေမှာ တရားမဝင် နေထိုင်သူ သန်း ၂၀၀ ကျော်အဖို့လည်း ကူးစက်ရောဂါနဲ့ သေရမလား၊ ငတ်သေရမလားဆိုတာ စိုးရွံ့စိတ်တွေနဲ့။ မြို့ပေါ် တရားမဝင်နေထိုင်ကြတဲ့ ပြည်တွင်း ရွှေ့ပြောင်းလုပ်သား များစွာဟာ မိုင်ထောင်ချီတဲ့ ကျေးလက်ဆီ ခြေလျင်ပြန်ကြ၊ ရွာတွေကလည်း အဝင်မခံ။ သူတို့အတွက်တော့ တစ်ပတ်စာ လုပ်ခပြတ်သွားတာ အရာအားလုံး ပျက်စီးသွားခြင်းပါပဲ။
တကယ်တော့ ကမ္ဘာတစ်လွှား မညီမျှမှုက ဂလိုဘယ်လိုက်ဇေးရှင်းစနစ် အရှိန်ရကတည်းကိုက ကြီးမားနေခဲ့တာပါ။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ လူနှစ်ထောင်ရဲ့ ကြွယ်ဝမှုက လူဦးရေ ၄ ဒသမ ၆ ဘီလီယံရဲ့ ပိုင်ဆိုင်မှုနဲ့ညီမျှတယ်။ လူချင်းခွာနေရတာဟာ တတ်နိုင်သူတွေ စီးပွားထိခိုက်သွားသလို အိုးမဲ့အိမ်မဲ့၊ ဘဝအာမခံမဲ့သူတွေအဖို့ ဆောက်တည်ရာမဲ့သွားတယ်။ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် စတဲ့အရင်းရှင်နိုင်ငံကြီးတွေမှာကိုပဲ ကျန်းမာရေးစောင့်ရှောက်မှု မညီမျှမှုကြောင့် ရုန်းရင်းဆန်ခတ်တွေ ကြုံနေရပါတယ်။
မညီမျှတဲ့အမေရိက
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကြီးဖြစ်သလိုပဲ တစ်ချိန်တည်းမှာ ဝင်ငွေမညီမျှမှုနဲ့ ဆင်းရဲ ချမ်းသာကွာဟမှု ကြီးမားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတစ်ဝက်နီးပါးက ခိုင်မာတဲ့ အလုပ်အာမခံစနစ် ထဲမှာ မရှိ၊ ၈၇ သန်းက ကျန်းမာရေးအာမခံ မရှိ၊ ဆင်းရဲမွဲတေမှုက လူသန်း ၄၀ လို့ ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းဝင်ပြိုင်တဲ့ ဘာနီဆန်းဒါးက နယူးယောက်တိုင်းမ် သတင်းစာမှာ ရေးထားတယ်။ အခု ဧပြီလကုန်မှာ လူတစ်သန်းကျော် ကူးစက်ခံရပြီး လူခြောက်သောင်းကျော် သေဆုံးတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့လူ ၂၆ သန်းကျော် ဟာ သူတို့လုပ်ငန်းခွင်ထဲက ကျန်းမာရေးအာမခံတွေဆုံးရှုံးသွားတယ်။ ဆေးရုံဆေးခန်းအများစုကလည်း ဆေးကုမ္ပဏီတွေနဲ့ အာမခံကုမ္ပဏီတွေက ပိုင်ဆိုင်တဲ့ အကျိုးစီးပွား လုပ်ငန်းတွေဖြစ်ပြီး ကူးစက်ရောဂါ များလာတဲ့အခါ ဆေးရုံဆေးခန်း အတော်များများ ဒေဝါလီခံ ပိတ်ကုန်လို့ ဆရာဝန်တွေ၊ နပ်စ်တွေ အလုပ်လက်မဲ့ဖြစ်ရတယ်။
ဗိုင်းရပ်စ်က ချမ်းသာသူတွေကိုလည်း ကူးစက်တယ်။ သေဆုံးစေတယ်ဆိုပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း အမျာ ဆုံးက အလုပ်သမားလူတန်းစားနဲ့ အောက်ခြေလူထုတွေပါပဲ။ ချမ်းသာသူတွေက မြို့အပြင်ဘက်ထွက် လူထူထပ်မှုနည်းတဲ့ သူတို့ဒုတိယအိမ်တွေမှာ နားအေးပါးအေးနေလို့ ရပေမယ့် အခြေခံလူထုအတွက်တော့ ရွေးချယ်စရာမရှိ။ ဒီတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ တတ်နိုင်သူတွေအတွက် အခွင့်ထူးခံလား၊ အားလုံးအတွက် အခြေခံ အခွင့်အရေး မဖြစ်သင့်ဘူးလားဆိုတာကို ဘာနီဆန်းဒါးက မေးခွန်းထုတ်ရင်း အားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ် မဖြစ်မနေ ဥပဒေပြဋ္ဌာန်းဖို့တိုက်တွန်းပါတယ်။
နောက်ပြီး အမေရိကန်နိုင်ငံမှာ ထိပ်ဆုံး တစ်ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ၂၀၀၉ ခုနှစ်ကတည်းက ရရှိနေတယ်လို့ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂ်လစ်က ဖော်ပြခဲ့တယ်။ “ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အတွက် ပြည်သူ့အစိုးရ” ဆိုပေမယ့် လက်တွေ့မှာ “ချမ်းသာသူ တစ်ရာခိုင်နှုန်းအကျိုး စီးပွားအတွက် မဲဝယ်တင်မြှောက်ထားတဲ့ တစ်ရာခိုင်နှုန်း ကိုယ်စားပြု အစိုးရ” (Of the 1%, for the 1%, by the 1%) လို့ သရော်တယ်။ အဲဒီချမ်းသာသူ “တစ်ရာခိုင်နှုန်း”နဲ့ ကျန် “၉၉ ရာခိုင်နှုန်း” ဂယက်က ဝါရှင်တန်မှာတင်မက လန်ဒန်၊ မီလန်၊ တိုကျို၊ ပဲရစ်မြို့ကြီးတွေမှာပါ မညီမျှမှု ကြွေးကြော်သံဖြစ်ပြီး ဆန္ဒပြမှုတွေဖြစ်ခဲ့တယ်။ အခု ကူးစက်ရောဂါအတွက် ကျန်းမာရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်မှု လိုအပ်လာတဲ့အချိန်မှာတော့ တစ်ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းအနာဟောင်းက ပြန်ဝင်လာပါတယ်။
သင်ခန်းစာ
အမေရိကန်ရဲ့ မညီမျှမှုလမ်းကြောင်းဟာ သမ္မတ ရေဂင်ခေတ် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့တဲ့ trickle-down economy ကြောင့်လို့ စတစ်ဂ်လစ်က သုံးသပ်ပါတယ်။ trickle-down စီးပွားရေးကို တချို့က လက်ကြားရေယို စီးပွားရေးလို့လည်း ခေါ်ပါတယ်။ ချမ်းသာသူတွေကို ပိုချမ်းသာစေပြီး၊ သူတို့ဆီက ပိုလျှံစီးကျလာရင် အားလုံးအတွက် ကောင်းမွန်စေမယ်။ ထိပ်ဆုံးလူတွေ ပိုချမ်းသာလာလေလေ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့သူတွေ ပိုအဆင်ပြေလေလေဆိုတဲ့ အယူအဆပါ။ စီးပွားရေးဒီရေ တက်နေသမျှ သင်္ဘောကြီးကြီး လှေသေးသေး အားလုံးအတူတက်မယ်။ ရေမြင့်ကြာတင့်မို့ မညီမျှမှု ပြဿနာကိစ္စမရှိဆိုတဲ့ အယူအဆပါ။
ဆယ်စုနှစ်လေးခုကြာ တကယ့်လက်တွေ့မှာတော့ မညီမျှမှုက ရေရှည်ခံတဲ့ ပုံမှန်စီးပွားရေးတိုးတက်မှုကို မရရှိသလို လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာတယ်။ ဆင်းရဲ ချမ်းသာကွာဟမှု ကြီးမားလွန်းပြီး အခွင့်အလမ်း မညီမျှမှုများလာတယ်။ ဒီမိုကရေစီကိုပါ ချည့်နဲ့စေပြီး လူ့အဖွဲ့အစည်း အကွဲအပြဲ နက်ရှိုင်းစေတယ်။ ပါတီကြီးနှစ်ခုအကွဲအပြဲက စေ့စပ်မရအောင်ပါပဲ။ တစ်ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းကြားမှာ လူလတ်တန်းစား ပျောက်လာတယ်။ နဂိုက အမေရိကန်လူ့အဖွဲ့အစည်းရဲ့ အင်အားဟာ လူလတ်တန်းစား အင်အားဖြစ်တယ်။ ၁၉၈၀ နောက်ပိုင်း လူလတ်တန်းစား အားနည်းသွားပြီး သူတို့က ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့မိသားစု စီမံကိန်းတွေမှာ များများစားစား ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တော့ပါ။ စီးပွားရေး လုပ်ငန်းသစ်တွေ မစတင်နိုင်တော့ပါ။ လူလတ်တန်းစား ချည့်နဲ့သွားတော့ အစိုးရအတွက် အခွန်ရရှိမှုမှာ အားနည်းသွားတယ်။ ချမ်းသာသူ တစ်ရာခိုင်နှုန်းကတော့ နည်းမျိုးစုံနဲ့ သူတို့ဝင်ငွေကို အခွန်ရှောင်ဖို့ ကြိုးစားတယ်။
အမေရိကန်ရဲ့ မညီမျှမှုကနေ သင်ခန်းစာပေးတာက အနာဂတ်မှာ မည်သည့်လူ့အဖွဲ့အစည်းမဆို ရေရှည်တည်ငြိမ်ပြီး အားလုံးမျှဝေခံစားနိုင်တဲ့ စီးပွားရေးတိုးတက်မှု (sustainable and inclusive growth) ဖြစ်အောင် တည်ဆောက်ရမယ်။ လူလတ်တန်းအလွှာ တစ်နှစ်ထက် တစ်နှစ်တိုးပွားလာဖို့ ဦးတည်ရမယ်။ အပေါ်ဆုံးကသူတွေက အောက်ခြေကိုနင်းပြီး ချမ်းသာတာမျိုး မဖြစ်စေဘဲ အောက်ခြေနဲ့ လူလတ်တန်းလွှာကို ပိုမိုအားပေးတဲ့ အားလုံးအကျိုးဖြစ်စေမယ့် trickle-up စီးပွားရေးမျိုး ဖြစ်ရပါမယ်။
စီးပွားရေးမညီမျှမှုက ဒီမိုကရေစီကို ပုံပျက်သွားစေပြီး သမ္မတ ထရမ့်လို ပေါ်ပြူလစ်ဝါဒီတွေအတွက် လမ်းဖွင့်ပေးတယ်။ ဝင်ငွေမညီမျှမှု အကျိုးဆက်က ကျန်းမာရေး မညီမျှမှု၊ ပညာရေး အခွင့်အလမ်းမညီမျှမှု၊ သဘာဝဘေးအန္တရာယ်ကြုံရမှုမှာ မညီမျှမှုတွေနဲ့လည်း ဆက်ဖြစ်ပါတယ်။ လူမှုလုံခြုံမှုစနစ် (social safety net)၊ လူမှု ကာကွယ်စောင့်ရှောက်မှု (social protection)၊ ကောင်းမွန် တဲ့အခွန်စနစ်၊ မျှတစွာပြန်လည်ဖြန့်ဝေမှု (redistribution) တို့ကို တည်ဆောက်နိုင်ခြင်းဟာ လူ့အဖွဲ့အစည်းတိုင်း လူမှုသွေးစည်းညီညွတ်မှု (social solidarity) ခိုင်မြဲစေဖို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံး နိုင်ငံတွေဟာ သူတို့ကျန်းမာရေးစနစ်မှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံသလဲ၊ ဘယ်လို တည်ဆောက်ထားသလဲ အပေါ်မူတည်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုရလဒ်တွေ ခြားနားသွားပါလိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှုဟာ စစ်မှန်တဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ကျန်းမာရေးစနစ်က ပြည်သူ့လက်ထဲ မရှိဘဲ ဈေးကွက်လက်ထဲ အပ်လိုက်ခြင်းက လူမှုတရားမျှတမှုအရ မဖြစ်သင့်သလို၊ နောက်ဆုံးလူ့အဖွဲ့အစည်း ကံဆိုးမိုးမှောင်ကျမှုကိုသာ ဦးတည်စေပါတယ်။
ကိုးကား-
The Great Divide by Joseph E. Stiglitz
The Price of Inequality by Joseph E. Stiglitz


