ဒေါက်တာခင်စန်းမော်

 

၂၀၁၉ နှစ်ကုန်ပိုင်းလောက်တွင် တရုတ်နိုင်ငံ ဂူဟန်မြို့၌ စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ကမ္ဘာပေါ်ရှိနိုင်ငံနှင့် နယ်မြေစုစုပေါင်း ၂၁၀ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီ ဖြစ်ပါသည်။

 

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းကြီး (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကပ် ရောဂါကြီးဟု ကြေညာခဲ့ရသည်။ ၂၀၂၀ ပြည့် နှစ် ဧပြီလ ၂၁ ရက်နေ့အထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူပေါင်း ၂၄၈၀၀၀၀ ကျော်ရှိနေခဲ့ပါပြီ။

 

ဆေးခန်းပိတ်ပြီး အိမ်မှာနေနေသော်လည်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တို့၏ အခက်အခဲများကို နှုတ်အားဖြင့် အကြံဉာဏ် ပေးပြီး တတ်နိုင်သလောက် ကူညီပေးနေခဲ့ရာ သူတို့မေးမြန်းသည့် အကြောင်းအရာများမှတစ်ဆင့် သူတို့၏ စိုးရိမ်သောကများကို သိရှိလာရပါသည်။

 

သူတို့မေးသည့် မေးခွန်းများက စုံလင်လှသည်။

“ ခွေးတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပေါ်နေပြီ၊ သူတို့ဆီမှာ လာထိုးပါလို့ ပြောနေတယ်။ အဲဒါ ဟုတ်လားဟင်”

“တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ပြောတာလား”

“မဟုတ်ပါဘူး၊ ဆရာဝန်မဟုတ်တဲ့ သူတွေက ပြောနေတာ”

တချို့က ဤသို့ မေးပြန်သည်။

“ကိုဗစ်-၁၉ ရောဂါက ခွေးတွေ၊ ကြောင်တွေမှာ ဖြစ်တတ်လား ဒေါက်တာ”

“ရောဂါဖြစ်တဲ့လူကနေ ခွေးတွေ၊ ကြောင်တွေကို ရောဂါကူးနိုင်လား ဒေါက်တာ၊ ဘယ်လိုနည်းတွေနဲ့ ကူးတာလဲ ခင်ဗျာ”

“ကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဆီကရော လူကိုရောဂါကူးနိုင်လားလို့ သိချင်ပါတယ်”

 

ကိုရိုနာဗိုင်းရပ်စ်သည် လွန်ခဲ့သောနှစ်ပေါင်း ထောင်ပေါင်းများစွာကပင် တိရစ္ဆာန်များမှာရှိနေခဲ့သော ဗိုင်းရပ်စ် ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်သည် မျိုးခွဲပေါင်းများစွာပါဝင်သော ဗိုင်းရပ်စ်အုပ်စုကြီးတစ်ခုဖြစ်ပြီး တိရစ္ဆာန်များမှ လူကို ကူးစက်စေတတ်သော Zoonosis ရောဂါပိုးလည်း ဖြစ်ပါသည်။ လူကို ရောဂါကူးစက်သောအခါ သာမန် အအေးမိဖျားနာသော ရောဂါအခြေအနေဖြစ်ပေါ်စေခြင်းမှသည် ပိုမိုဆိုးရွားပြင်းထန်သော ရောဂါများ၊ ဥပမာ- မားစ်ရောဂါ (Middle East Respiratory Syndrome-MERS) နှင့် ဆားစ်ရောဂါ (Severe Acute Respiratory Syndrome-SARS) တို့အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေတတ်သည်။ ယခု ကိုဗစ်-၁၉ ရောဂါသည်လည်း ယခုမှစတင်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်တစ်ခုဖြစ်ပြီး ရောဂါဖြစ်ပွားကြောင်း သိရသည့်အချိန်မှစ၍ လေးလအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၀ မှ လူတစ်သန်းကျော်ကို ကူးစက်ပျံ့နှံ့စေသည်အထိ ဆိုးရွားပြင်းထန် ခဲ့ပါသည်။

 

ကိုဗစ်-၁၉ ရောဂါကိုဖြစ်ပွားစေသည့် ဗိုင်းရပ်စ်သည် SARS-CoV-2 ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အနွယ်များကို နို့တိုက်သတ္တဝါ အများစုနှင့် ငှက်များမှာတွေ့ရသည်။ ထို့ကြောင့် နွား၊ မြင်း၊ ကြောင်း ခွေး၊ ဝက်၊ ယုန်၊ တွင်းအောင်း သတ္တဝါများ၊ လင်းနို့များအပြင် အခြားတိရစ္ဆာန်များမှာလည်း တွေ့ရတတ်ပါသည်။ သိပ္ပံပညာရှင်များက SARSCov-2 သည်တရုတ်နိုင်ငံရှိ တရုတ်လူမျိုးများ၏ နေအိမ်တို့တွင် ကျက်စားသော လင်းနို့များမှတစ်ဆင့် အစပြုသည်ဟု ယုံကြည်ကြသည်။

 

ထိုဗိုင်းရပ်စ်သည် တိရစ္ဆာန်တို့၏ ဆဲလ်မျက်နှာပြင်ရှိ ပရိုတင်းတစ်မျိုးဖြစ်သော ACE2 (Angiotensinconverting enzyme 2) ကို ကြိုက်နှစ်သက်ကြပြီး ဗိုင်းရပ်စ်က အလိုအလျောက်ထိုးဖောက်ဝင်ရောက်သွား နိုင်သည်။ ဤဗိုင်းရပ်စ် သည် လင်းနို့မှတစ်ဆင့် လူကိုမကူးစက်ခင် ကြားခံသတ္တဝါ၏ ခန္ဓာကိုယ်ထဲမှာ ခိုအောင်းပြီး ပွားများလာပြီးမှ လူသို့ကူးစက်သည်။ ထိုကြားခံသတ္တဝါသည် သင်းခွေချပ်ကဲ့သို့ ပုရွက်ဆိတ်စားသည့် သတ္တဝါဖြစ်နိုင်သည်ဟု ယူဆကြ သော်လည်း ရောဂါစတင် ဖြစ်ပွားခဲ့သောသူများသည် ထိုတိရစ္ဆာန်များအား ရောင်းချသည့်ဈေးကွက်သို့ လုံးဝ မသွားကြသူ၊ မစားကြသူများဖြစ်နေသည်။ ထို့ကြောင့် လင်းနို့မှ စတင်ကူးစက်သည်ဟုလည်း တပ်အပ်သေချာ မပြောနိုင်ပါ။

 

တိရစ္ဆာန်မှ လူကိုကူးစက်ခဲ့သော Zoonosis ရောဂါဟု တော့ လက်ခံထားကြပါသည်။

 

မည်သို့ပင်ဖြစ်စေ ကိုဗစ် -၁၉ ရောဂါကတော့ အရှိန်အဟုန်ပြင်းစွာ လူသားတို့ကို ကူးစက်နေခဲ့ပြီ ဖြစ်သည်။

 

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများပင်ဖြစ်သော သူတို့၏ အိမ်မွေး တိရစ္ဆာန်များကို ကူးစက်နိုင်သလား၊ ထိုအိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် လူကို ထပ်မံကူးစက်နိုင်လေမလားဟု သိလိုကြပါသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် အိမ်မွေးတိရစ္ဆာန်များကို ရောဂါကူးစက်စေနိုင်သည်။ အထူးသဖြင့် ကျားများ၊ ခြင်္သေ့ များ စသော Exotic animal များကို ရောဂါပိုမိုကျရောက် နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားသော မှတ်တမ်းအချို့အနက် ပထမဆုံး ဖြစ်ရပ်မှာ ဟောင်ကောင်မှ အသက် ၁၇ နှစ်အရွယ် ခွေးကြီးကို ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ကြည့်ရာ အထင်အရှား ရှိသည်ဟု မဖော်ပြနိုင်သော်လည်း ခပ်ပျော့ပျော့ရှိသည်။ ရောဂါဖြစ်ရုံရှိ သည်(weakly positive) ဟု ဖော်ပြခဲ့သည်။ ထိုခွေးသည် ရောဂါဖြစ်ပြီး မကြာခင် သေဆုံးသွားခဲ့သည်။

 

နောက်တစ်ခုမှာ ဘယ်လ်ဂျီယံနိုင်ငံမှ ကြောင်တစ် ကောင်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး positive ဟု တွေ့ရှိခဲ့သည်။ ထိုခွေးနှင့် ကြောင်တို့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ပိုင်ရှင်တို့ထံမှ ရောဂါကူးစက်ခံရခြင်း ဖြစ်သည်။

 

ဘယ်လ်ဂျီယံနိုင်ငံမှ ကြောင်သည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်း စသောလက္ခဏာများ ဖြစ်ပွားခဲ့သည်။ သို့သော် ထိုအိမ်မွေးတိရစ္ဆာန်တို့ထံမှ ရောဂါပိုးကို ပျိုးယူ (culture) သောအခါ Negative ပြပါသည်။ ထိုအဓိပ္ပာယ်မှာ ရောဂါကူးစက်စေနိုင်သော Active ဗိုင်းရပ်စ်မရှိဟု ဖော်ပြခြင်း ဖြစ်သည်။ သတိပြုရန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကြောင်သည် ရောဂါပိုးသယ်ဆောင်သူ(Carrier) အဖြစ် ကြောင်အချင်းချင်း ရောဂါကူးစက်စေနိုင်သည်။

 

ခွေးနှင့် ကြောင်ကို နှိုင်းယှဉ်ကြည့်လျှင် ကိုရိုနာဗိုင်းရပ်စ်ကို ခွေးများက ပိုပြီးခံနိုင်ရည်ရှိကြသည်။ အသက် သုံးလအရွယ် Beagle ခွေးငါးကောင်၏ နှာခေါင်းထဲသို့ SARS-Cov-2 ဗိုင်းရပ်စ်ကို ထည့်ပေးပြီး အခြား ခွေးနှစ်ကောင်ကို မထည့်ပေးဘဲ စမ်းသပ်ကြည့်သောအခါ တစ်ပတ်အကြာ၌ မည်သည့်ခွေးမှာမှ ဗိုင်းရပ်စ်မရှိကြောင်း တွေ့ရသည်။ IDEXX Reference Laboratoriesက ခွေးများနှင့် ကြောင်များအတွက် Test kit များ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် နမူနာ ၄၀၀၀ ယူကာ စမ်းသပ်ကြည့်ခဲ့ရာ အားလုံးတွင် ရောဂါပိုးမရှိ Negative ဖြစ်ကြောင်း တွေ့ရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောလူမှ တိရစ္ဆာန်ကို ကူးစက်ကြောင်း သေချာသည့် ပထမဆုံးဖြစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု Bronx Zoo တွင် တွေ့ရှိခဲ့သည်။

 

ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသည့် တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်း၊ တိရစ္ဆာန်ထိန်းကျောင်းသူထံမှ အသက် လေးနှစ်အရွယ် နာဒီရာအမည်ရှိ မလေးရှားကျားတစ်ကောင်ကို ကူးစက်သွားခြင်း ဖြစ်သည်။ ထိုကျားသည် ဗိုင်းရပ်စ် စစ်ဆေးမှု positive ပြခဲ့သည်။

 

ယင်းသည် လူမှ တိရစ္ဆာန်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ကြောင်း သေချာသည့် ပထမဆုံးဖြစ်ရပ်ပင် ဖြစ်သည်။

 

သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် အိမ်မွေးတိရစ္ဆာန်များမှ လူကို ရောဂါကူးစက်နိုင်သလားဆိုသည့် မေးခွန်းနှင့် ပတ်သက်လျှင် ယခုအချိန်အထိ လုံးဝ သက်သေအထောက်အထား မရှိသေးပါ။ ခွေးတစ်ကောင် သို့မဟုတ် ကြောင်တစ်ကောင် သို့မဟုတ် အိမ်မွေးတိရစ္ဆာန် တစ်ကောင်မှ လူကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိ သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး (WHO) က ကြေညာထားပါသည်။ သုတေသနပညာရှင်များ၏ အဆိုအရ ဤရောဂါပိုး လူနှင့် တိရစ္ဆာန်တို့ကြား ဆက်နွယ်နေမှုများတွင် အိမ်မွေးတိရစ္ဆာန်တို့သည်လည်း တစ်ခန်း တစ်ကဏ္ဍ အနေဖြင့် ပါဝင်နေမည်ဟု သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် SARS-CoV-2 ဗိုင်းရပ်စ်သည် Angiotensin-converting enzyme 2 ပရိုတင်းကို ထိုးဖောက်ဝင်ရောက်နိုင်ကြရာ ထိုပရိုတင်းသည် တိရစ္ဆာန်များစွာတို့၏ ဆဲလ်မျက်နှာပြင်ပေါ်မှာ ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။ တရုတ်နိုင်ငံရှိ ဟာဘင်းတိရစ္ဆာန် ဆေးကု အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်မှ ပညာရှင်များက ထိုဗိုင်းရပ်စ်သည်ကြက်၊ ဘဲနှင့် ဝက်တို့၏ခန္ဓာကိုယ်ထဲမှာ ပွားများလာခြင်းမရှိဟု ဆိုပါသည်။

 

လူအများစုသိလိုသော မေးခွန်းများကို ဖြေရလျှင်

(၁) ရောဂါဖြစ်ပွားနေသူထံမှစွန့်ထုတ်လိုက်သောနှာရည်၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်လာသော အမှုန်အမွှား များ၊ ရောဂါရှိသူ၏ လက်များမှတစ်ဆင့် တိရစ္ဆာန်များကို ကူးစက်စေခြင်းဖြစ်ပါသည်။ အများအားဖြင့် ခွေးများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုခံနိုင်ရည်ရှိကြပါသည်။

 

(၂) ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟုပြသော တိရစ္ဆာန်များမှ လူကို ပြန်လည်ကူးစက်စေသည့် အထောက်အထား ယခုအချိန်အထိ မရှိသေးပါ။

 

(၃)ခွေးများတွင် ပုံမှန်ထိုးနေကျဖြစ်သော Corona vaccine (ကိုရိုနာကာကွယ်ဆေး) သည် ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်သော သွေးဝမ်းရောဂါ ကာကွယ်ဆေးသာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမဟုတ်ပါ။

 

(၄)အိမ်မွေးတိရစ္ဆာန်များတွင် ခန္ဓာပြင်ပကပ်ပါးကောင် များအတွက်သုံးသော၊ မွေးမြူရေးတိရစ္ဆာန်များတွင် ခန္ဓာပြင်ပ ကပ်ပါးကောင်နှင့် သန်ကောင် စွဲကပ်ခြင်းတို့အတွက် အသုံးပြုသော Ivermectin ဆေးသည် တိရစ္ဆာန်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမဟုတ်ပါ။

 

(၅) ယခုအချိန်တွင်ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ လူသားများကိုကယ်တင်ရန် ကုသဆေး၊ ကာကွယ်ဆေးများအား စမ်းသပ်ရှာဖွေနေကြဆဲသာ ရှိနေပါသေးသည်။ တိရစ္ဆာန်များအတွက် ကာကွယ်ဆေးလည်း လုံးဝမရှိသေးပါ။ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအား ကိုဗစ်-၁၉ ရောဂါ မကူးစက်စေလိုလျှင် အောက်ပါအချက်များကို ဂရုပြုပါ။

 

  • အကယ်၍ ပိုင်ရှင်များ၏ စိတ်ထဲမှာ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ဆေးရုံများသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူသင့်သည်။
  • အဖြေမရသေးပါက မိမိ၏ အိမ်မွေး တိရစ္ဆာန်ကို လူကဲ့သို့သဘောထားပြီး ဝေးဝေးနေပါ။
  • WHO ၏ ညွှန်ကြားချက်များအတိုင်း စက္ကန့် ၂၀ ကြာအောင် လက်များကိုသေချာစွာဆေးပါ။
  • မျက်နှာ၊ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းများကို လက်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
  • ချောင်းဆိုးလျှင်၊ နှာချေလျှင် တံတောင်ဆစ်နှင့် ကာပါ။ ခွေး၊ ကြောင်တို့ကို သီးသန့်ထားပါ။
  • ယခုကဲ့သို့ stay home လုပ်နေချိန်တွင် ခွေး၊ ကြောင်များကို အညစ်အကြေးစွန့်ရန် မလွှတ်ကျောင်းပါနှင့်။ ရောဂါပိုးရှိသူထံမှ မကူးစက်အောင်ကာကွယ်ပါ။
  • မွေးမြူရေးတိရစ္ဆာန်များကို ဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်များကို ဖြစ်စေ လက် အိတ်နှင့် ကိုင်တွယ်ခြင်းက ယခုအချိန် တွင်ကောင်းမွန်သော၊ ဉာဏ်အမြော်အမြင် ရှိသော၊ ကြိုတင်ကာကွယ်မှုအတွက် အရေးပါသော နည်းလမ်းဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမည်ဟု လိမ်ညာနေသောစကားများကို မယုံစားပါနှင့်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရသော တိရစ္ဆာန်မှ လူသို့ ပြန်လည်ကူးစက်နိုင်ခြေက အလွန်နည်းနေပါသေးသည်။ (ယခုအချိန်အထိ အထောက်အထား မတွေ့ရသေးပါ)။ သို့သော် သုည ရာခိုင်နှုန်းဟုတော့ မယူဆပါနှင့်။ (risk is low but not zero) ဟု တိရစ္ဆာန် ဆေးကုဆရာဝန် အဏုဇီဝဗေဒပညာရှင် (Veterinary microbiologist) Glenn Browning က ပြောကြားထား ပါသည်။    ။