နေပြည်တော် နိုဝင်ဘာ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာဝန်ခံတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၉၄ ဦးဖြင့် နိုဝင်ဘာ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်