ကြို့ပင်ကောက် ၂၄ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာအုပ်စု ဥက္ကံကျေးရွာရှိ တန် ၁၀၀ ဆန်စက်၌  နိုဝင်ဘာ ၂၃ ရက် ည ၁၂ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆန်စက်ပစ္စည်းများနှင့် ဖွဲနုအိတ်များ မီးလောင်ကျွမ်းခဲ့ကြောင်း  ကြို့ပင်ကောက် မြို့မရဲစခန်းမှ သိရသည်။

"မြေအောက်ကေဘယ်ကြိုးကနေ ရှော့ဖြစ်ပြီး ဆန်ဇလားနဲ့ ဖွဲနုခန်းဘက်က အပူလွန်ကဲပြီး လောင်တာ၊ လူနဲ့တိရစ္ဆာန် ထိခိုက်ဒဏ်ရာမရကြပါဘူး "ဟု ကြို့ပင်ကောက်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းနိုင်က ပြောသည်။

ဆန်စက်မီးလောင်ရာသို့ ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်ပါ မီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦးနှင့် မီးသတ်ယာဉ် ၃ စီး၊ ဇီးကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထွေးပါ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် မီးသတ်ယာဉ် ၂ စီးတို့ရောက်ရှိပြီး မိနစ် ၉၀ ကြာ ငြှိမ်းသတ်ခဲ့ရာ ည ၁ နာရီ ၅ မိနစ်ချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး ည ၂ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုအား စစ်ဆေးရာ တန် ၁၀၀ ဆန်စက်အတွင်းရှိ ဆန်ဇလားနှင့် ဖွဲနုခန်းဘက်မှ အပူရှိန်မြင့်တက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆန်စက်ပစ္စည်းများနှင့် ဖွဲနုအိတ်များ လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာအသုံးပြုခဲ့သူ ဆန်စက်မန်နေဂျာ ဦးအောင်ကျော်မိုးအား ကြို့ပင်ကောက်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မျိုးမင်းသိန်း (၀၁၉)