
တက္ကသိုလ်ဟန်စိုးဦး
(မေ ၆ ရက်မှအဆက်)
သုံးသပ်ချက်
(၂၁) ရာစုနှစ်ထဲမှာ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်မှု အရှိဆုံးအရာဟာ ဘာလဲလို့ပြောပါဆိုရင် ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါလို့ ဖြေရမှာဖြစ်ကြောင်း ဒီဆောင်းပါးရဲ့ အစပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ကမ္ဘာ့လူသားအားလုံးရဲ့ နေ့စဉ်နေထိုင်မှု လူမှုဘဝတွေအပေါ် သက်ရောက်မှု အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တဲ့အပြင် ရောဂါကူးစက်ခံရမယ့် စိုးရွံ့ထိတ်လန့်မှုတွေကိုလည်း ခံစားလာစေခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ရောဂါပိုး သယ်ဆောင်လာမယ့်သူလို့ ယုံကြည်ရတဲ့ နိုင်ငံခြားသားအပြင် နိုင်ငံသား အချင်းချင်းအကြားမှာလည်း မယုံကြည်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မတိုင်မီကာလက ကမ္ဘာပေါ်မှာ မျှော်မှန်းတည်ဆောက်နေတဲ့ လူသားအားလုံးအကြား ပေါင်းစည်းခြင်း (Global Integration) ဖြစ်စဉ်တွေကိုလည်း ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်မှုအရှိဆုံး အဖွဲ့အစည်းလို့ သတ်မှတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ အတွင်းမှာတောင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အဖွဲ့ဝင်နိုင်ငံတွေအကြား ယုံကြည်မှု လျော့နည်းခဲ့ကြတဲ့ ဖြစ်စဉ်တွေကလည်း သာဓကတစ်ခု ဖြစ်ပါတယ်။
နိုင်ငံခြားသားဆိုရင် ရောဂါပိုးသယ်ဆောင်လာမယ့်သူလို့ ကြောက်ရွံ့စရာအဖြစ် မြင်လာကြတာတွေ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ လူသားတွေအကြား ကူးလူးဆက်ဆံ သွားလာမှုတွေကို အကန့်အသတ်တွေ ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံအလိုက် အရေးယူဆောင်ရွက်မှုတွေကလည်း တရားဝင်တဲ့၊ မျှတမှုရှိတဲ့ အနေအထားမျိုးအထိ ဖြစ်လာတာကိုကြည့်ရင် Globalization ဖြစ်စဉ်အပေါ် အပြုသဘောမဆောင်တဲ့ အကျိုးရလဒ်တွေအဖြစ် တွေ့မြင်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ၊ ဥပမာအားဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားက ကုန်သွယ်ရေးအငြင်းပွားမှု၊ ဥရောပသမဂ္ဂ အဖွဲ့ကနေ ဗြိတိန်နိုင်ငံနုတ်ထွက်မယ့် Brexit ကိစ္စ၊ အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ပြုလုပ်မယ့်ကိစ္စ စတဲ့အခြေအနေတွေဟာ ကမ္ဘာ့ပြည်သူတွေအကြား မသေချာ မရေရာမှုတွေကို ဖြစ်ပေါ်နေစေခဲ့သလို ကမ္ဘာ့စီးပွားရေး အပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အလယ်အလတ်အဆင့် ၃ ဒသမ ၄ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ဘယ်သူမှ မျှော်လင့် မထားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်မှာ ဖေဖော်ဝါရီလတစ်ပတ်အတွင်းမှာ တန်ဖိုးအားဖြင့် ခြောက်ထရီလီယံဒေါ်လာ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သလို s & P 500 ရဲ့ အကြီးဆုံးကုမ္ပဏီကြီး ၁၀ ခုရဲ့ ဆုံးရှုံးမှုပမာဏကလည်း ၁ ဒသမ ၄ ထရီလီယံဒေါ်လာ ရှိခဲ့ပါတယ်။ ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးတွေရဲ့ ဆုံးရှုံးမှုဟာ ၁၁၃ ဘီလီယံဒေါ်လာ ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့ကြီး (IATA) က ထုတ်ဖော်ပြောကြားခဲ့သလို လုပ်ငန်း အပြီးအပိုင်ရပ်နားကြရမယ့် လေကြောင်းလိုင်းတွေလည်း ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။
လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းမှုနဲ့အတူ ခရီးသွားလာရေး လုပ်ငန်းတွေ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အခမ်းအနားတွေ စီစဉ်ထားရှိမှု ပျက်ပြားခဲ့ရတာတွေကြောင့်လည်း ဆုံးရှုံးမှုပေါင်း ဟာ ၂၀၀ ဘီလီယံဒေါ်လာရှိကြောင်း သိရှိရပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းအများဆုံး ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံဖြစ်တာနဲ့အညီ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့အတူ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ခဲ့ရမှုကြောင့် ကမ္ဘာ့ကုန်စည် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုကွင်းဆက် (Global supply chain) ဟာလည်း သိသာထင်ရှားစွာပဲ ကျဆင်းခဲ့ရပါတယ်။ စီးပွားရေးပညာရှင် အတော်များများကတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (Global recession) ဖြစ်ပေါ်စေမှာ ဖြစ်သလို ဒီစီးပွားရေးကျဆင်းမှုဟာ ၂၀၀၇ - ၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းနီးပါး အခက်အခဲဖြစ်ပေါ်စေနိုင်ကြောင်းနဲ့ ၂၀၂၁ ခုနှစ်ခန့်မှသာ မူလအခြေအနေနီးပါး ပြန်လည်ရောက်ရှိနိုင်မယ်လို့ သုံးသပ်ကြပါတယ်။
အထူးသဖြင့် ကမ္ဘာ့နိုင်ငံကြီး အတော်များများဟာ တရုတ်နိုင်ငံကို ဗဟိုပြုတဲ့၊ တစ်နည်းအားဖြင့် တရုတ်နိုင်ငံအပေါ်ကို များစွာမှီခိုနေရတဲ့ ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးမှုအပေါ် ပြန်လည် စဉ်းစားလာခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ယခင်က လုပ်အားခဈေးနှုန်း သက်သာတဲ့ နိုင်ငံဖြစ်တဲ့အပြင် ထုတ်လုပ်နိုင်စွမ်းအား၊ သယ်ယူပို့ဆောင်မှုစနစ် အားသာချက်တွေရှိတဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်မှု ဗဟိုချက် ဖြစ်ခဲ့သော်လည်း နိုင်ငံဟာ စီးပွားရေးအရ ကြွယ်ဝချမ်းသာလာပြီး လူလတ်တန်းစားဦးရေ များပြားလာသလို လုပ်အားခနှုန်းထားတွေလည်း မြင့်တက်လာမှုကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ စက်ရုံ၊ အလုပ်ရုံတွေကို တရုတ်နိုင်ငံကနေ အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ရွှေ့ပြောင်းနေကြချိန်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဒီလုပ်ငန်းစဉ်တွေဟာ ပိုမိုအရှိန်ရလာမယ့် အနေအထားမှာ ရှိပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စားသုံးသူအကြား ဖြန့်ဖြူးမှု လမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စီမံဆောင်ရွက်လာနိုင်မယ့် အနေအထားပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ကုန်ပစ္စည်း ထုတ်လုပ်သူတွေဟာ စက်ရုံ၊ အလုပ်ရုံတွေကို မက္ကဆီကိုနိုင်ငံဘက် ရွှေ့ပြောင်းခြင်း၊ ဥရောပကုန်ပစ္စည်း ထုတ်လုပ်သူတွေဟာ စက်ရုံ၊ အလုပ်ရုံတွေကို အရှေ့ဥရောပနိုင်ငံတွေဘက် ရွှေ့ပြောင်းခြင်းမျိုး ဆောင်ရွက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရေးပေါ် အခြေအနေတစ်ရပ်မှာ အပူတပြင်းလိုအပ်မယ့် မဟာဗျူဟာမြောက် ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းတွေကိုတော့ တရုတ်နိုင်ငံ ပြင်ပကို ပြောင်းရွှေ့လာကြမယ့် အနေအထား အများအပြား ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားကုန်ပစ္စည်း ထုတ်လုပ်သူများအသင်း (National Association of Manufacturers) က ပြုလုပ်တဲ့ ဆန်းစစ်ချက် တစ်ရပ်မှာ ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းကြီးတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က လုပ်ငန်းတွေ နေရာပြောင်းရွှေ့ခြင်း (သို့မဟုတ်) ကုန်ပစ္စည်းအရင်းအမြစ်ကို အခြားတစ်နေရာမှ ပြောင်းလဲရယူခြင်း (alternative source) စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဖော်ပြထားတာကိုကြည့်ရင် သိသာနိုင်ပါတယ်။ အမေရိကန် အိမ်ဖြူတော် အမျိုးသား စီးပွားရေးကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Larry Kudiow ကလည်း တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြန်လည်ပြောင်းရွှေ့ကြမယ့် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ပြောင်းရွှေ့ကုန်ကျစရိတ်ကို အစိုးရက ကျခံပေးသွားဖို့ စဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံ အစိုးရက ဂျပန်ကုမ္ပဏီတွေ တရုတ်နိုင်ငံက ပြန်လည်ပြောင်းရွှေ့ဖို့ ချထားပေးလိုက်တဲ့ ဘတ်ဂျက်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံရဲ့ ငွေပမာဏကို ကြည့်ရင်လည်း ဂျပန်အစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု ကွင်းဆက်ဟာ တရုတ်နိုင်ငံအပေါ် အဓိက မှီခိုနေရာကနေ အရှေ့တောင်အာရှနိုင်ငံတွေ၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဆီကို ပြောင်းလဲ ရောက်ရှိလာမယ့် အနေအထားလည်း ရှိပါတယ်။ ဒီအချက်ဟာ တရုတ်နိုင်ငံရဲ့ ရေရှည်ရပ်တည်လာတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံ (Long-standing growth model) အပေါ် လာမယ့်နှစ်တွေမှာ ရိုက်ခတ်မှုတွေ မလွဲမသွေရှိလာမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်း အလုပ်လုပ်ကိုင်မှု ပုံစံတွေလည်း ပြောင်းလဲလာဖို့ရှိပါတယ်။ အခုဆိုရင် စီးပွားရေး လုပ်ငန်းအများအပြားဟာ အင်တာနက် online အသုံးပြုပြီး အဝေးကနေ လှမ်းအလုပ်လုပ်ပေးတဲ့ စနစ်ဟာ ကိစ္စရပ်အချို့မှာ အလုပ်ဖြစ်ကြောင်းကို တွေ့မြင်လာခဲ့ကြပါတယ်။ အထူးသဖြင့် ဆွေးနွေးမှု၊ ဆက်သွယ် ပြောကြားမှုတွေကို ဆက်သွယ်ရေး နည်းပညာကွန်ရက် တွေဖြစ်တဲ့ zoomနဲ့ slack တို့ကို အသုံးပြုပြီးဆောင်ရွက် လာခဲ့ကြပါတယ်။
ဒီနေရာမှာ ဆက်သွယ်ရေးကွန်ရက်တွေကို ထိန်းချုပ်ထားတဲ့ နိုင်ငံအပေါ်မူတည်ပြီး အမျိုးသား လုံခြုံရေးဆိုင်ရာ သတင်းပေါက်ကြားမှုတွေ ဖြစ်နိုင်တယ်လို့ စွပ်စွဲမှုတွေ ရှိနေသော်ငြားလည်း ဒီနည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကိုတော့ မျက်ဝါးထင်ထင် တွေ့မြင်လာကြရပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ကပ်ဘေးကြီး ပြီးဆုံးသွားတဲ့အချိန်မှာ သေချာတာတစ်ခုကတော့ စီးပွားရေးလုပ်ငန်း အများအပြားဟာ မဖြစ်မနေ ရုံးတက်အလုပ်လုပ်ရမယ့် ဝန်ထမ်းကလွဲရင် IT နည်းပညာ ကိုသုံးပြီး အဝေးကနေ အလုပ်လုပ်လို့ရတဲ့ကိစ္စရပ်တွေကို workfrom home ပုံစံနဲ့ ပြောင်းလဲကျင့်သုံးလာကြမယ့် အလားအလာတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။
အစိုးရအချင်းချင်းအကြား အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေဟာလည်း IT နည်းပညာတွေသုံးပြီး ဆွေးနွေးမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း မကြာသေးမီက G-77 ထိပ်သီးအစည်းအဝေး၊ အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ+၃ ထိပ်သီးအစည်းအဝေးတွေကို video conferencing ပုံစံနဲ့ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ အခုအချိန်မှာ ခရီးသွားလာဖို့ အခြေအနေမပေးလို့ video conferencing ပုံစံနဲ့ အစည်းအဝေးတွေ လုပ်တယ်လို့ ပြောလို့ရပေမယ့် ထိပ်သီး အစည်းအဝေးတွေဟာ များသောအားဖြင့် အားလုံးအဆင်ပြေမယ့်ရက် ညှိနှိုင်းရတာ အခက်အခဲရှိတဲ့အတွက် နောင်မှာရက်ညှိရတာ ခက်ခဲတဲ့ကိစ္စမျိုးမှာ video conferencing ကို သုံးလာ နိုင်မယ့် အနေအထားလည်း ရှိလာနိုင်ပါတယ်။ ။
အခု ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလာတဲ့ အချိန်မှာ သိသာထင်ရှားစွာ မြင်ရတဲ့အချက်ကတော့ ဒီကူးစက်ရောဂါကို တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေအကြား၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေအကြားမှာ ပူးပေါင်း လက်တွဲဆောင်ရွက်တဲ့ အနေအထားမှာ မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အချက်က ဒီရောဂါ စတင် ဖြစ်ပွားရခြင်းရဲ့ အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံကြီး နှစ်နိုင်ငံအကြား အပြန်အလှန် အပြစ်ဖို့ စွပ်စွဲနေကြသလို ရောဂါကိုကုသပေးနိုင်မယ့် ဆေးဝါးစမ်းသပ် ဖော်ထုတ်ရေးမှာတောင် လက်တွဲဆောင်ရွက်ရမယ့်အစား သူ့ထက်ငါ နှာတစ်ဖျားသာအောင် အပြိုင်အဆိုင် ဆောင်ရွက်နေကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အခုလို အကူအညီ လိုအပ်နေတဲ့အချိန်မှာ စိတ်ပျက်အားလျော့ဖွယ်ရာ အခြေအနေပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization-WHO) က ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာမှာ ထိရောက်မှုမရှိတဲ့အတွက် အမေရိကန်က ထည့်ဝင်ငွေ ပေးသွင်းမှုကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း သမ္မတထရမ့်က ဧပြီလ ၁၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ WHO ရဲ့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ဒေါ်လာ သန်း ၆၀၀၀ မှာ အမေရိကန်က ဒေါ်လာသန်း ၄၀၀ ထည့်ဝင်ခဲ့ပြီး တစ်နိုင်ငံချင်းအလိုက် အများဆုံးထည့်ဝင်မှု ဖြစ်ပါတယ်။ ဒီအချက်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စိတ်ပျက်ဖွယ်ရာ သတင်းဖြစ်ပါတယ်။ ။
အခုလို နိုင်ငံအားလုံး အကျပ်အတည်း ကြုံတွေ့နေရချိန်မှာ တစ်နိုင်ငံချင်းစီရဲ့ အားသာမှုတွေကို ပေါင်းစည်း ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ပိုမိုထိရောက်မှုရှိလာမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိထိရောက်ရောက် စမ်းသပ်နိုင်မှုနဲ့ လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို လိုက်လံ စုံစမ်းနိုင်ခြင်းဟာ အားကျဖွယ်ရာ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကျူးဘားနိုင်ငံကလည်း သူ့ရဲ့ အဆင့်မြင့် ဆေးပညာ အားသာချက်တွေကို အသုံးချပြီး ဥရောပက အီတလီအပါအဝင် လက်တင်အမေရိကနိုင်ငံအချို့ကို ဆေးပညာရှင်တွေ စေလွှတ်ပြီး အကူအညီပေးခဲ့တာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အလားတူ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် အကူအညီလိုအပ်နေတဲ့ နိုင်ငံတွေကို အကူအညီပေးနေခြင်းဟာလည်း အကျိုးဖြစ်ထွန်းစေပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ပြီးသုံး၊ လေးလအတွင်းမှာ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေ၊ ရောဂါကို ဆက်လက်ကြုံတွေ့ တိုက်ဖျက်နေရဆဲ၊ နိုင်ငံတွေ လိုအပ်နေတဲ့ ဆေးပစ္စည်းကိရိယာတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနေခြင်းဟာ အဆိုပါနိုင်ငံတွေအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အကူအညီတွေဟာ အိမ်နီးချင်း အာရှနိုင်ငံတွေကိုသာမက အီသီယိုးပီးယားလို အာဖရိကနိုင်ငံတွေ၊ အီတလီနဲ့ ဆားဘီးယားလို ဥရောပနိုင်ငံတွေ၊ ဗင်နီဇွဲလားလို လက်တင်အမေရိက နိုင်ငံတွေအထိ ခရီးဆန့် ရောက်ရှိခဲ့ပါတယ်။ အီတလီနဲ့ ဆားဘီးယားမှာဆိုရင် ပြည်သူတွေအကြား ဥရောပသမဂ္ဂရဲ့ ပုံရိပ်ကိုတောင် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း တစ်နိုင်ငံချင်းရဲ့ အကူအညီက တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ခက်ခဲမှာသေချာပါတယ်။ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုကသာလျှင် အခက်အခဲ အကျပ်အတည်းကို အချိန်တိုအတွင်း လွန်မြောက်စေနိုင် မှာဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါလွန်ကာလ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေအတွက်လည်း အကျိုး ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ။
အခုအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သော်လည်း အချိန်တိုကာလအတွင်း ပြန်လည် နာလန်ထူလာခဲ့တဲ့၊ ရောဂါကူးစက်သူဦးရေ သိသာထင်ရှားစွာ ကျဆင်းသွားခဲ့တဲ့ နိုင်ငံတွေကို ပြန်ကြည့်လိုက်ရင် သက်ဆိုင်ရာ အစိုးရကချမှတ်ထားတဲ့ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်တွေ၊ လိုက်နာဆောင်ရွက်ရန် အချက်တွေကို ပြည်သူပြည်သားတစ်ဦးချင်းက အလေးထား လိုက်နာဆောင်ရွက်ခဲ့ကြတဲ့အချက်က အဓိကကျတာကို တွေ့မြင်ရပါတယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသိတရားနဲ့ လိုက်နာနေထိုင်တဲ့ အားသာချက်လေး တစ်ချက်ဟာ ဘာမှ မဖြစ်စလောက်ဘူးလို့ ယူဆနိုင်ပေမယ့် ပြည်သူအားလုံးရဲ့ စွမ်းအား ဖြစ်သွားတဲ့အခါမှာ ရောဂါပြန့်ပွားမှုနှုန်း ထားတွေ သိသာစွာကျဆင်းသွားတဲ့ အကျိုးဆက်ရလဒ်ကြီးကို ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီဥပမာနဲ့ အလားတူပဲ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အားသာချက်တွေကို စုစည်းပြီး နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဟာ အချိန်တို အတွင်း ရလဒ်ကောင်းတွေ ရရှိလာမှာ မလွဲဖြစ်ပါတယ်။
နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး (Multilateralism) ဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခက်အခဲ အကျပ်အတည်းကာလမှာ နိုင်ငံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်မှုပဲ ဖြစ်ပါတယ်။ အခု ကိုဗစ်-၁၉ ကူးစက် ရောဂါဟာ မိမိတို့ လက်ငင်းကြုံတွေ့နေရတဲ့ တစ်ကမ္ဘာ လုံးနဲ့ဆိုင်တဲ့ အခက်အခဲ အကျပ်အတည်း ဖြစ်ပါတယ်။ အခုအချိန်မှာ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အပြင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ခေါ်ဝေါ်သုံးနှုန်းတဲ့ အသုံးအနှုန်းမှာတောင် နိုင်ငံကြီး နှစ်နိုင်ငံအကြား သဘောကွဲလွဲနေကြတဲ့အတွက် G-7 ထိပ်သီးအစည်းအဝေးမှာ ဘာသဘောတူညီချက်မှ မရရှိခဲ့တာကို တွေ့မြင်ရပါတယ်။ ကမ္ဘာတစ်ဝန်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေရမှုတွေ (panic) ပဍိပက္ခတွေ (conflict) နဲ့ စစ်ပွဲကြီး (war) တွေ ကြုံခဲ့ရတဲ့ အချိန်တိုင်းမှာ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေအကြား စနစ်ကျနစွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့်သာ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ခဲ့ကြတယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ။
အခုဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံကြီးငယ်မဟူ နိုင်ငံတိုင်းရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေအပေါ်မှာ ရိုက်ခတ်နိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုတာ အကောင်းဆုံး သက်သေပြခဲ့တာ ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါကို အချိန်တိုတိုအတွင်း ထိန်းချုပ်နိုင်မှုရှိလေ စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းရေး အပေါ်မှာလည်း သက်ရောက်မှု နည်းလေဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေကြရတဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ အကျပ်အတည်းကာလမှာ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေအကြား ဉာဏ်အမြော် အမြင်ရှိရှိ ဆုံးဖြတ်ဆောင်ရွက်နိုင်ကြခြင်းဖြင့်သာလျှင် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို အချိန်တိုတိုအတွင်း ကျော်လွှားသွားနိုင်မှာဖြစ်ပြီး လူသားအားလုံးအတွက် အကန့်အသတ် အချုပ်အချယ်တွေ ကင်းလွတ်ပြီး အေးချမ်းတည်ငြိမ်တဲ့ အနာဂတ်ကို အမြန်ပြန်လည် တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကိုးကား
- The Economist (Feb. 29-March 6, 2020)
- How COVID-19 will affect Asia and theGlobal Economy By Ankit Panda (March 24, 2020) TheDiplomat
- The Global Economic Impacts of COVID-19 (March 10, 2020) CSIS
- Impact of the COVID-19 Pandemic on Global FDI and GVCS Investment Trends Monitor (UNCTAD)
- Coronavirus could Reshape Global Order By Kurt M. Campbell & Rush Doshi (March 18, 2020)
Foreign Affairs
- Geopolitical Scenarios for Asia after COVID-19 By Michael J. Green (March 31, 2020)
- An Economic Pandemic: COVID-19 Recession 2020 By Diane C. Swonk (March 3, 2020)
(မှတ်ချက်။ ယခုဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်များသည် စာရေးသူ၏ သဘောထားအမြင်၊ အဖွဲ့အစည်းတစ်ရပ်၏ သဘောထားအမြင်ကို ထင်ဟပ်ခြင်းမရှိဘဲ သက်ဆိုင်ရာ နိုင်ငံများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ၏ အယူအဆများကို လေ့လာစုစည်း ရေးသားထားခြင်းသာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။)
ကြေးမုံ


