၂၂ ဧပြီ
နိဒါန်း
(၂၁) ရာစုနှစ်ထဲမှာ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်မှုအရှိဆုံးအရာဟာ ဘာလဲလို့ပြောပါဆိုရင် ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါလို့ အားလုံးနီးပါးက ဖြေကြမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ လူကြီးလူငယ် ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လူသား တိုင်းကို ခြောက်လှန့်မှုပြုနေသလို လူသားတွေရဲ့ နေ့စဉ် လူနေမှုဘဝမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ခွင့်တွေ ဆုံးရှုံးနေရပြီး အကန့်အသတ်တွေ၊ အထိန်းအကွပ်တွေ များစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့ပြီး နှစ်လ၊ သုံးလအတွင်း တစ်ကမ္ဘာလုံးကို ပြန့်ပွားသွားခဲ့ရာမှာ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ကိုဗစ်-၁၉ ကင်းစင်တဲ့နိုင်ငံဟာ လက်ချိုးရေလို့ရတဲ့ အနေအထားမှာ သာရှိပါတယ်။ ကိုဗစ်-၁၉ ကင်းစင်တဲ့နိုင်ငံတွေကို ကြည့်ရင်လည်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးတဲ့၊ ပထဝီအနေအထားအရ သီးခြားစီလို ဖြစ်နေတဲ့ နိုင်ငံငယ်လေးတွေသာဖြစ်တာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ ကြုံတွေ့နေရတဲ့ အခက်အခဲက ဒီကူးစက်ရောဂါဟာ အသစ်အဆန်း ဖြစ်နေတဲ့အတွက် သူနဲ့ပတ်သက်တဲ့ သဘောသဘာဝ အသေးစိတ်အချက်အလက်တွေကို စတင်လေ့လာနေကြ ရဆဲဖြစ်သလို ကုသပျောက်ကင်းနိုင်မယ့် ဆေးဝါးကိုလည်း ရှာဖွေစမ်းသပ်နေကြဆဲ အခြေအနေမှာသာ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးဟာ ဒီကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိဖို့၊ ကြိုတင် ကာကွယ်တားဆီးနိုင်ဖို့ နည်းလမ်းတွေကိုသာ ပိုမို အလေးပေး လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ စတင်ဖြစ်ပွားခဲ့စဉ်ကတော့ တရုတ်နိုင်ငံအတွက် ကံမကောင်း အကြောင်းမလှတဲ့ ကူးစက်ရောဂါတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြပေမယ့် ခရီးသွားလာမှုတွေကတစ်ဆင့် တစ် ကမ္ဘာလုံးကို ပြန့်ပွားသွားခဲ့ချိန်မှာတော့ နိုင်ငံအားလုံး အတွက် စိုးရိမ်ဖွယ်ရာအခြေအနေကို ရောက်ရှိလာခဲ့ ပါတယ်။ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရောဂါပိုး အတည်ပြုတွေ့ရှိသူပေါင်း ၂ ဒသမ ၄၂ သန်းကျော်နဲ့ အသက်ဆုံးရှုံးသူပေါင်းက ၁၆၅၇၇၅ ဦး ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ အခုအချိန်အထိ လည်း မြန်ဆန်တဲ့နှုန်းနဲ့ ကမ္ဘာအနှံ့ ဆက်လက်ပြန့်ပွား နေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါတစ်ခု (Global pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၁-၃-၂၀၂၀ ရက်နေ့ကစပြီး သတ်မှတ်ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်းကနေ ကူးစက် ပြီး ကူးစက်ပြန့်ပွားမှုနှုန်းထားဟာလည်း အလွန်မြန်ဆန် တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတွေဟာ ဗိုင်းရပ်စ်မပြန့်ပွားစေရေးအတွက် နိုင်ငံတွင်းမှာ လူစုလူဝေးတွေမဖြစ် စေဖို့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လူစုလူဝေးအခမ်းအနား တွေကို ပိတ်ပင်ခဲ့ကြပြီး စက်ရုံ၊ အလုပ်ရုံတွေကိုလည်း ရပ်နားခြင်းစတဲ့ အရေးယူဆောင်ရွက်မှု (containment measures) တွေကို ဆောင်ရွက် လာခဲ့ကြရပါတယ်။ နိုင်ငံအချို့မှာဆိုရင် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ တစ်မြို့လုံးကို ပိတ်ပင်ထားခြင်း (lock down)၊ နိုင်ငံအလိုက် လူနှစ်ဦး (သို့)သုံးဦး (သို့)ငါးဦးထက် ပိုမစုဝေးရဆိုတဲ့ အမိန့်တွေလည်း ထုတ်ပြန်ခဲ့ကြရပါတယ်။ အလားတူ နိုင်ငံတွင်း ရောဂါပိုးသယ်ဆောင်သူတွေ ဝင်ရောက်လာမှု လျော့နည်းသွားအောင် ပြည်ဝင်ဗီဇာ စည်းမျဉ်းစည်းကမ်းချက်တွေမှာ ကန့်သတ်ချက်တွေတိုးမြှင့်တာ၊ ပြည်ဝင်ဗီဇာ ပိတ်ပင်တာ၊ လေကြောင်းပျံသန်းမှုခရီးစဉ်တွေ ရပ်နားတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုဆောင်ရွက်လိုက်ခြင်းကြောင့် ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကုန်ကြမ်းပစ္စည်း ပြတ်လပ် မှုတွေ၊ သယ်ယူပို့ဆောင်မှုလမ်းကြောင်းတွေ ကမောက်ကမ ဖြစ်မှုတွေနဲ့ ကြုံတွေ့လာခဲ့ကြရပါတယ်။ လောင်စာဆီ စွမ်းအင်ဈေးနှုန်းတွေ ကျဆင်းလာခဲ့သော်လည်း ကမ္ဘာပေါ်မှာ ရေနံအများဆုံး ထုတ်လုပ်ဖြန့်ဖြူးနေကြတဲ့ အဓိက နိုင်ငံကြီးနှစ်နိုင်ငံက ရေနံထုတ်လုပ်မှုပမာဏကို မလျှော့ချဘဲ လက်ရှိနှုန်းထားအတိုင်း ဆက်လက်ထုတ်လုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဈေးကွက်အတွင်းမှာ စိုးရိမ်ပူပန်မှုတွေ မြင့်မားလာမှုနဲ့အတူ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခက်အခဲ အကျပ်အတည်း ကာလအတွင်းမှာ နိုင်ငံ့ခေါင်းဆောင်တွေအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်မှု အခြေအနေတွေ အပေါ်မှာလည်း သံသယဝင်လာခဲ့ကြပါတယ်။ ရောဂါ ပျံ့နှံ့မှုနှုန်း ဆက်လက်ဖြစ်ပွားနေတဲ့ အခုလိုအချိန်မှာ မသေချာမရေရာမှုတွေ ပိုမိုတိုးပွားများပြားလာနေပြီး ငွေကြေးဈေးကွက်အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြီး ပြီးဆုံးသွားရင်တောင် နိုင်ငံတွေအကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေဟာ ပုံစံအနည်းနဲ့အများ ပြောင်းလဲသွားမယ့်အနေအထားမှာ ရှိနေပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးပဋိပက္ခနဲ့ အင်အား ပြိုင်ဆိုင်မှုတွေဟာ ကိုဗစ်-၁၉ ကာလမှာ ဆက်လက်မြင့်မား နေဆဲဖြစ်တဲ့အတွက် ကူးစက်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးအတွက် အင်အားလျော့နည်းစေခဲ့တဲ့အပြင် ရေရှည်မှာ အားပြိုင်ဆိုင်မှုတွေ ဆက်လက်မြင့်မားလာနိုင်မယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါကြောင့် အခုဒီဆောင်းပါးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့နိုင်ငံရေး အနေအထား အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။
စီးပွားရေးအရ အကျိုးသက်ရောက်မှုများ
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ စီးပွားရေးလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ငွေကြေး ကဏ္ဍတွေအပေါ်မှာ ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုတွေ ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု (Global recession) ဖြစ်ပေါ်လာနိုင်ခြေအထိ ရှိလာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ ဆက်လက်ရိုက်ခတ် လာနိုင်တယ်ဆိုတဲ့ အချက်ဟာ ဒီကူးစက်ရောဂါကို ဘယ်လောက်မြန်မြန် ထိန်းချုပ်နိုင်ကြမလဲဆိုတဲ့အချက်ရယ်၊ ဒီကူးစက်ရောဂါကြောင့် ထိခိုက်မှုခံစားကြရတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်သူတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရတွေအနေနဲ့ အတိုင်းအတာ ဘယ်လောက်အထိ ကူညီပေးနိုင်တယ်ဆိုတဲ့ အချက်တွေအပေါ် အများကြီး တည်မှီနေပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားတော့ တရုတ်အစိုးရဟာ ပထမဆုံး ဝူဟန်မြို့ကို lock down ချပြီး ပြည်သူတွေဘယ်မှပေးမထွက်ဘဲ စက်ရုံ၊ အလုပ်ရုံတွေကိုလည်း အကုန်လုံးနီးပါး ရပ်နားခဲ့ရပါတယ်။ ဝူဟန်မြို့ကတစ်ဆင့် တရုတ်နိုင်ငံရဲ့ အခြားမြို့ကြီး တွေကို ကူးစက်သွားတော့လည်း အလားတူ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားမီ အချိန်အထိ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံ၊ တင်ပို့ ရောင်းချတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းခဲ့ရပြီးနောက် တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိလာတော့ မယ်ဆိုတာ သိသာထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ကိုဗစ်-၁၉ ရဲ့အကျိုးသက်ရောက်မှုဟာ မူလခန့်မှန်းထားတာထက် အဆမတန် ပိုမိုဆိုးရွားခဲ့ပါတယ်။ ဆန်းစစ် လေ့လာချက်တွေအရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အရောက်မှာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေဟာ အနိမ့်ဆုံးအဆင့်ကို ထိုးကျခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုဟာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ၁၇ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မော်တော်ယာဉ်ရောင်းချမှုတွေဟာ စံချိန်တင် ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်မှုတွေအရလည်း စီးပွားရေးလုပ်ငန်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ကို နှေးကွေးသွားခဲ့ကြောင်း ဖော်ပြခဲ့ကြပြီး စီးပွားရေး ပညာရှင်တွေကလည် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းထားတွေကို ပြန်လည်ပြင်ဆင်တွက်ချက်ခဲ့ကြ ရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံတွင်းမှာ စီးပွားရေးကျဆင်းမှုနဲ့အတူ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်မှုတွေနဲ့အတူ ပြည်တွင်းဝယ်ယူ မှုတွေလည်း ကျဆင်းခဲ့ပါတယ်။ အလားတူ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ တရုတ်နိုင်ငံကနေ ကုန်ပစ္စည်း အများ အပြားကို နှစ်စဉ်ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေဆီကိုလည်း ပျံ့နှံ့သွားခဲ့တာကြောင့် အဆိုပါနိုင်ငံတွေဆီက ဝယ်လိုအားတွေလည်း ကျဆင်းသွားခဲ့ပါတယ်။ ဒီအခြေ အနေတွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာရေး ကြိုးပမ်းမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အကောင်းဘက်ကနေ ကြည့်ပြန်ရင် လည်း တရုတ်နိုင်ငံတစ်ဝန်းမှာ စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားထားမှု၊ မော်တော်ကား၊ ရေယာဉ်၊ လေယာဉ်တွေ လျော့နည်းပြေးဆွဲမှုတွေကြောင့် မီးခိုးငွေ့ ထုတ်လွှတ်မှုတွေ နည်းပါးသွားပြီး နိုင်ငံတွင်းမှာ လေထုညစ်ညမ်းမှုတွေ သိသိသာသာပဲ လျော့နည်းသွားခဲ့တာကိုလည်း တွေ့မြင် ကြရတယ်လို့ ဆိုပါတယ်။ ။
တက္ကသိုလ်ဟန်စိုးဦး
(ဆက်လက်ဖော်ပြပါမည်)


