မောင်မောင်ဦး (တိုင်းရင်းဆေး)
ယနေ့ကာလအချိန်ဟာ အများပြည်သူတို့အနေဖြင့် ကျန်းမာသန်စွမ်းဖြေဖို့၊ ကိုယ်ခံစွမ်းအားများ ကောင်းနေဖို့ အလွန်လိုအပ်နေသော ကာလဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အနေဖြင့် ပိုမိုလိုအပ်လျက်ရှိပါတယ်။
ကိုယ်ခံစွမ်းအားကောင်းနေသူတစ်ဦးအနေဖြင့် ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်လာသည်နှင့် သဘာဝ ကိုယ်ခံစွမ်းအားက တွန်းလှန်တိုက်ဖျက် နိုင်စွမ်း ပိုမိုမြင့်မားနေသောကြောင့် ဝင်လာသောပိုးမွှားများ တာနှင့် ပျက်စီးလျက် ရောဂါဘေးမှ ကျန်းမာချမ်းသာစွာ သက်ရှည်နေနိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းရသာယနအုပ်စု
ကိုယ်ခံစွမ်းအားမြင့်တက်စေသော တိုင်းရင်းဆေး နည်း၊ ဆေးပစ္စည်းများ များစွာရှိပါတယ်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက သုံးစွဲလာခဲ့သော တိုင်းရင်း ရသာယန အုပ်စုဝင် သက်ရှည်ကျန်းမာစေသော၊ | ကိုယ်ခံအားကို မြင့်တက်စေသော နိုင်ငံတကာမှလည်း Natural Immune stimulator, Immune booster, Immune enchancer အသိအမှတ်ပြု ဆေးဖက်ဝင် ပရဆေးပင်များသည် နှစ်ပေါင်းများစွာ အစဉ်အလာ အတွေ့အကြုံအရလည်းကောင်း၊ သိပ္ပံနည်းကျ စနစ် တကျ သုတေသနပြုမှုများအရလည်းကောင်း ခံ့ခံ့ ထည်ထည် တည်ရှိနေပါတယ်။ ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ပြည်သူတို့ သည် မိမိကိုယ်မိမိ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း ကဏ္ဍများတွင် တိုင်းရင်းဆေးသည် အားကိုးရသော ကဏ္ဍမှ ပါဝင်နေပါကြောင်း အသိအမှတ်ပြုထားပါတယ်။
ပြည်သူတိုင်း၊ မိသားစုတိုင်းဟာ မိမိနေအိမ် ရပ်ဝန်းတွင် နေထိုင်ကြလျက် ကျန်းမာရေးနှင့် ကိုယ်ခံအားတိုးတက်စေရန်အလို့ငှာ ဘေးထွက်ဆိုးကျိုး မစိုးရိမ်ရသော၊ ပတ်ဝန်းကျင်မှ ရှာရလွယ်ကူသော
ဆေးဖက်ဝင်ပစ္စည်းများ အသုံးပြုလျက် ကုန်ကျစရိတ် သက်သက်သာသာဖြင့် ကျန်းမာရေးစောင့်ရှောက်နိုင် စေခြင်း အကျိုးငှာရည်ရွယ်ပြီး ယခုဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။ ။
မိမိတို့၏နေ့စဉ်နေထိုင်မှုဘဝမှာ
ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတပြည့်စုံဖို့ အာဟာရစားဖွယ် ထမင်း၊ ဟင်း၊ အရန်အစားအစာ သီးနှံတို့ကို သင့်တင့်မျှတစွာ စားသုံး ရမည့်အပြင် လက်ရှိကာလ ယခုတင်ပြပါ နည်းလမ်းများ ဖြင့် မိမိကိုယ်ကို ကိုယ်ခံအားကောင်းစေရန်အတွက် မိမိတို့ နေအိမ်ရပ်ဝန်းလက်တစ်ကမ်းတွင် ရလွယ်သော၊ စုဆောင်းရလွယ်သော တိုင်းရင်းနည်း ဆေးဖက်ဝင် ပစ္စည်းများကိုတင်ပြပေးမှာ ဖြစ်ပါတယ်။ ပိုမိုအစွမ်း ထက်သော ပရဆေးပစ္စည်းများ များစွာရှိသော်လည်း ဆေးဆရာမဟုတ်သော ပြည်သူများအနေဖြင့် လက်လှမ်းမမီဘဲ ဆေးဖြစ်မည်ထက် ဘေးဖြစ်မည် စိုးမိပါသဖြင့် အကျယ်တဝင့် မဖော်ပြတော့ပါ။ ယခု တင်ပြမည့် ဆေးဖက်ဝင်ပစ္စည်းများဟာ ပြည်သူများ အလွယ်တကူ အကျွမ်းဝင်ပြီးဖြစ်သည့်အပြင် အာနိသင်ကောင်းသော ဆေးဖက်ဝင်များဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။ ။
ဆေးဖက်ဝင်ပစ္စည်းများဖြစ် အိမ်တိုင်း အိမ်တိုင်းတွင် ချင်း၊ ထန်းလျက်။ ကွမ်းရွက်၊ သံပရာသီး၊ ရှောက်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥဖြူး၊ မုန်လာဥနီ၊ ငရုတ်ကောင်း၊ ငရုတ်သီး၊ ဆီးဖြူသီး လက်ဖက်ခြောက်၊ ရှားစောင်း လက်ပပ်၊ ခရမ်းချဉ်သီး၊ အုန်းသီး၊ ဒန့်သလွန်ရွက် တို့ဟာ အလွယ်တကူရနိုင်ပြီး ထိုပစ္စည်းများဟာ သိပ္ပံနည်းကျ ကိုယ်ခံအားတက်စေသော ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ပါတယ်။ ။
ပထမဆုံးအနေဖြင့် ချင်းနဲ့ ထန်းလျက်ပြုတ်ရည်ကို မှီဝဲရန် အဓိကညွှန်းလိုပါတယ်။ ချင်း နှစ်ကျပ်သား (လက်တစ်ဆစ်)ခန့်ကို ပါးပါးလှီး ထန်းလျက် သုံးလုံးနှင့် ရေ ဖန်ခွက်နှစ်ခွက်ကို ပွက်ပွက်ဆူအောင်ကျိုပြီး သောက်ပေး ရုံပဲဖြစ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်း
လည်း ဖြစ်ပါတယ်။ အိမ်မှာ သံပရာသီး၊ ရှောက်သီးရှိလျှင် ညှစ်ထည့်ပြီးသောက်ပါ။ ငရုတ်ကောင်းရှိလျှင် လေးစေ့/ ငါးစေ့ ထည့်ကျိုနိုင်ပါတယ်။ ချင်းကို အသုံးပြုရာမှာ မီးဖိုချောင်မှာ ပုံမှန်ထားသည့် ချင်းအစ်ကို သုံးရမှာဖြစ်ပါ တယ်။ ချင်းအစုံကသာလျှင် ကိုယ်ခံအားကောင်းစေရန် အစွမ်း အာနိသင်ရှိပါတယ်။ ချင်းသည် ကိုယ်ခံအား တက်စေဖို့ အလွန်ကောင်းသော သဘာဝတရားကြီးက ပေးထားသည့် မီးဖိုချောင်သုံးပစ္စည်း ဖြစ်ပါတယ်။ တိုင်းရင်းဆေးမှာတော့ လူကို သက်ရှည်ကျန်းမာစေတဲ့ ရသာယနအုပ်စုဝင် ထိပ်တန်းဆေးပစ္စည်းအဖြစ် နှစ်ထောင်ချီကတည်းက သုံးစွဲလာခဲ့ကြပါတယ်။
တွန်းလှန်နိုင်စွမ်းရှိ
ချင်းကို သိပ္ပံနည်းကျ သေသေချာချာ သုတေသန ပြုမှုများအရ ချင်းမှာ Anti-Viral activity ဗိုင်းရပ်စ်ပိုးကိုတွန်းလှန်နိုင်စွမ်းရှိပါတယ်။ ချင်းမှာ ZingTone နှင့် Gingerol စသည့် ဓာတ်ပေါင်းများပါဝင်ကာ ကိုယ်ခံစွမ်းအား ကို ကောင်းစေပြီး ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ကြောင်း ပြဆို ထားပါတယ်။ အဆိုပါဓာတ်ပေါင်းများက Spermidine နဲ့ Spermine တို့ကို ဖြတ်ချလိုက်ပြီး ဗိုင်းရပ်စ်ပိုး၏ မျိုးပွားမှုကို တားဆီးပိတ်ပင်နိုင်တယ်လို့ ဆိုပါတယ်။ ထို့အပြင် | HRSV ဟုခေါ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်အုပ်စုများအတွက် ချင်းကို ကြိုတင်သောက်သုံး ထားခြင်းအားဖြင့် ကိုယ်ခံအား၏ ဖြိုဖျက်စွမ်းအားများ ကို ပိုကောင်းစေကြောင်း သုတေသနတွေ့ရှိချက်များက ဆိုပါတယ်။
နောက်တစ်နည်းအနေနဲ့ ချင်း နှစ်ကျပ်သား၊ နွယ်ချို နှစ်ကျပ်သား၊ ကွမ်းရွက် နှစ်ကျပ်သား ဆေးခါးကြီး သုံးကျပ်သား၊ ထန်းလျက် သုံးကျပ်သားကို ရေသန့် ဘူး သုံးဘူး/ လေးဘူးခန့်နှင့် ပွက်ပွက်ဆူအောင်ပြုတ်ပါ။ တစ်နေ့လျှင် ရေနွေးကြမ်း ပန်းကန်လုံးနှင့် လေးငါးကြိမ်သောက်နိုင်ပါတယ်။ ဆေးခါးကြီးရွက်နဲ့ နွယ်ချိုတို့ဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါပိုးတို့ကို တွန်းလှန် ဖြိုဖျက်နိုင်ပြီး Anti-Viral အာနိသင်တွေ မြင့်မြင့်မားမား ပါဝင်နေပါတယ်။ တစ်နည်း လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစစ်သည် တွေဖြစ်တဲ့ NK cell များနဲ့ IFs အင်တာဖရွန်တို့ကို တိုးမြှင့်အားပေးတဲ့သတ္တိ ကြီးမားစေပါတယ်။ သိပ္ပံနည်းကျ သုတေသနပြုမှု၊ ဖော်ပြမှုတွေဟာ ကမ္ဘာတစ်လွှားမှာ ထင်ထင်ရှားရှား ရှိနေပါတယ်။ ဆေးခါးကြီးတို့၊ နွယ်ချို တို့ဟာ ပရဆေးဆိုင်များမှာ ဝယ်မှရနိုင်တဲ့အတွက် ချင်းကို ဦးစားပေးပြောရခြင်းဖြစ်ပါတယ်။ ဆေးခါးကြီးပင်ကတော့ ရပ်ရွာတွေမှာရှိနိုင်ပြီး ငရုတ်ခါးပင်လို့လည်း ခေါ်ကြတယ်။ ဥရောပ၊ အမေရိက မှာ Enchinacea လို့ခေါ်တဲ့အပင်ကို ရာသီတုပ်ကွေးကာလများမှာ ကာကွယ်ဖို့ ကြိုတင်သောက် ထားကြသလို အာရှနိုင်ငံများ မြန်မာ၊ အင်ဒို၊ ထိုင်းနဲ့ တရုတ် တို့မှာလည်း ရရာသီဖျား၊ တစ်နည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးဖျားတွေမှာ ဆေးခါးကြီးကို တွင်တွင် ကျယ်ကျယ် သုံးစွဲကြပါတယ်။ ဆေးခါးကြီးကို Asian Enchinacea လို့ တစ်မျိုးခေါ်တွင်ကြပါတယ်။
အထက်ပါ အိမ်တိုင်း လွယ်ကူစေမယ့် အခြေခံ တိုင်းရင်းဆေးနည်းလေးကို ဂရုတစိုက်နေ့စဉ် မှန်မှန်စွဲသောက်နေရင် ကိုယ်ခံစွမ်းအားတွေ တက်လာဖို့ ကြီးစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
မီးဖိုချောင်သုံးပစ္စည်းများသာဖြစ်လို့ အကျိုးပြုပြီး အပြစ်ကိုရစေမှာမဟုတ်ပါဘူး။ ဥပမာ - ဂျပန်အမျိုးသမီးများသည် မီးယပ်သွေးဆုံးဝေးနာကို သိပ်မခံစားရပါဘူး။ သုတေသနပြုကြည့်တဲ့အခါမှာ ဂျပန်ပြည်မှာ ပဲတို့ဟူးကို ငယ်စဉ်ကတည်းက နေ့စဉ်လိုလို စားသုံးလာတဲ့လေ့ရှိပါ တယ်။ ပဲတို့ဟူး၊ ပဲကြာဆံလုပ်တဲ့ပဲပုပ်ဟာ သွေးဆုံးကိုင် ဝေဒနာကိုဖြေရှင်းပေးတဲ့ အီစတိုဂျင်ဓာတ်လိုပစ္စည်းတွေ ပါနေလို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းတွေရဲ့ အစာအိမ်မှာ H.pylori လို့ခေါ်တဲ့ အစာအိမ်ပိုးတွေ့ရှိမှုဟာ အခြားနိုင်ငံတွေနဲ့ မကွာခြားပေမယ့် အစာအိမ်ကင်ဆာနဲ့ အစာအိမ်နာ ဖြစ်မှုမှာ နည်းပါးလှတာကို တွေ့ရပါတယ်။ သုတေသန ပြုတဲ့အခါ ထိုင်းအစားအသောက်တွေမှာ ပတဲကောလို မီးဖိုချောင်သုံးပစ္စည်းကို နေ့စဉ်စားသုံးနေကြတယ်။ ဒီမီးဖိုချောင်ပစ္စည်းဟာ အစာအိမ်အနာပေါက်၊ အစာအိမ် ကင်ဆာတွေကို ဟန့်တားနိုင်စွမ်းရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေ ထင်ထင်ရှားရှားရှိနေပါတယ်။ ဒါကြောင့် ယခုဖော်ပြပါ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်၊ နွယ်ချို၊ ဆေးခါးကြီးတို့ကို ယခုကာလမှာ ပြုလုပ်သုံးဆောင်ကြလျှင် အကျိုးများပြီး အကျိုးမယုတ်နိုင်ပါဘူး။
အကျိုးထူးများ ရရှိနိုင်
အဓိကတင်ပြချင်တဲ့ ဆေးပစ္စည်းတွေနဲ့ ပြောပြီးတဲ့ အခါ လွယ်ကူတဲ့ အခြားပစ္စည်းများကို တင်ပြလိုပါတယ်။ နနွင်း၊ လက်ဖက်၊ ရှားစောင်းလက်ပပ်၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ငရုတ်ကောင်း၊ ကြက်ပေါင်းရည်။ အသားစွပ်ပြုတ်ရည်တို့ဟာ ကိုယ်ခံစွမ်းအားတက်စေ၊ ကောင်းစေတဲ့ အစာ အာဟာရ ဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ပုံမှန် ထမင်းစားချိန်မှာ ထိုဆေးဖက်ဝင်ပစ္စည်းများကို ပိုပို သာသာ စားသုံးစေခြင်းဖြင့် အကျိုးထူးများ ရရှိနိုင်ပါတယ်။
ရှားစောင်းလက်ပပ်ဟာ နယ်မြို့နဲ့ ရွာတွေမှာ မပေါ မရှားရနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အလွန်အသုံးများတဲ့ဆေးပင်ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်မှာ Acemannan ဆိုတဲ့ ဓာတ်ပေါင်းပါရှိပြီး ကမ္ဘာ့အကောင်းဆုံး သဘာဝ ကိုယ်ခံအားတိုးစေတဲ့ ဓာတ်မှာ ထိပ်တန်းမှ ပါဝင်ပါတယ်။
preope.consod Cytotoxic T-cell activity, Macrophage Function of of.go.co: Interleukinl လှုံ့ဆော် ထုတ်ပေးစေတဲ့အတွက် ကိုယ်ခံစွမ်းအား Immune ကောင်းစေပါတယ်။
ရှားစောင်းလက်ပပ်ကို အတွင်းသား ကျောက်ကျော တုံးလို ဂျယ်ရီလေးကိုသာ လက်နှစ်လုံးစာလောက် ရက်သတ္တတစ်ပတ်မှာ ၃/၄ ရက်လောက် စားပေးရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် အလက်ကိုခုတ်ပါ။ထောင်ထားပါ။ အဝါရောင် အစေးတွေ ကျဆင်းလာပါ မယ်။ အဝါရောင်အစေး ရပ်သွားတဲ့အချိန်ရောက်လျှင် အစိမ်းရောင်အခွံကို ဓားနဲ့ခွာချပြီး အတွင်းက ဂျယ်ရီကျောက်ကျောပုံစံ အကြည်သားကို လက်တစ်လုံး နှစ်လုံးစာဖြတ်ပြီး စားပေးရုံသာဖြစ်ပါတယ်။ စီးထွက် သွားတဲ့ အဝါရောင်အဆီတွေက ဝမ်းသွားစေလို့ မပါအောင် ဂရုစိုက်ပေးရပါမယ်။ ဂျယ်ရီလို အသားတုံးကို လည်း ပိုမစားဖို့ သတိထားရပါမယ်။
ပိုမိုအကျိုးရှိစေ
မုန်လာဥနီ၊ အုန်းသီး၊ နနွင်း၊ သစ်တော်သီး၊ ခရမ်းချဉ်သီးတို့ကိုလည်း ပိုစားပေးနိုင်ကြပါတယ်။ ဒီအသီးအနှံတွေထဲမှာ Arabinogalaction ဆိုတဲ့ ပိုလီဆက်ကရိုဒ်နဲ့ ဓာတ်ပေါင်းများစွာပါဝင်ပြီး သူတို့တွေဟာ သဘာဝကိုယ်ခံစွမ်းအားစစ်သည် NK cell and Mecrophage activity coo l: | အလုပ်တွေ လုပ်ပေးနိုင်ကြပါတယ်။ သူတို့တွေကို သံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီးတို့နှင့် ရောစပ် စားသုံးရင် ကိုယ်ခံအားအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါ တယ်။
ဆီးဖြူသီး၊ သံပရာသီး၊ ရှောက်သီးတို့ကို စားသုံး ခြင်းဖြင့် ယခုကာလမှာ နာမည်ကြီးနေတဲ့ ဗီတာမင်စီ ဓာတ်ကို ပေါပေါများများ ရရှိစေပြီး ကိုယ်ခံအားအတွက် အားကိုးနိုင်ပါတယ်။ ဓာတုနည်းနဲ့ ထုတ်ထားတဲ့ ဗိုက်တာမင်စီအစား ဆီးဖြူသီးလို သဘာဝ ဗိုက်တာမင်စီ က အဆပေါင်းများစွာ အာနိသင်ရှိကြောင်း ခေတ်မီ သုတေသနများ ရှိထားပြီးလည်းဖြစ်ပါတယ်။
အထက်ဖော်ပြပါ အာဟာရ၊ ဆေးဝါးတို့သာမက နေထိုင်မှုပုံစံ (Life Style) မှာလည်း ကိုယ်စိတ်နှစ်ပါး တည်ကြည်ထက်သန်ခြင်း၊ ငြိမ်းချမ်းခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းတို့သည်လည်း ကိုယ်ခံအားကိုကောင်းစေရန် အရေးကြီးဆုံးအချက်များ ဖြစ်ပါတယ်။ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ကျေနာရှိနေခြင်းတို့ဟာ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ အိပ်မပျော်ခြင်းများ အတွက် တိုင်းရင်းဆေးနည်းအရ နွားနို့နွေးနွေးတစ်ခွက်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာခန့်ကို ထည့်၍ မအိပ်ခင်သောက်ထားပါက အိပ်ပျော်စေပါတယ်။ ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ကန့်ပလူဥခြောက်ကို အမှုန့်ပြု၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို နွားနို့ (သို့မဟုတ်) ရေနွေးနွေးဖြင့် သောက်သုံးခြင်းဖြင့် အိပ်ရေးဝ၍ အလွန်အကျိုးရှိစေ ပါတယ်။
ကိုယ်ခံအားများ ကောင်းလာ
တရားဘာဝနာ အားထုတ်ခြင်း၊ ယုံကြည်ရာ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့ခြင်းတို့သည် လည်း စိတ်ကို ငြိမ်းချမ်းစေ၊ တည်ငြိမ်စေ၊ အိပ်ပျော်စေပြီး ကျန်းမာရေး ပိုမိုတိုးတက် ကိုယ်ခံအားများ ကောင်းလာ ပါတယ်။
ဆေးလိပ်၊ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ ဟာ ကိုယ်ခံအားအတွက် ဆိုးကျိုးဖြစ်စေပါတယ်။ ယခုလို အသက်ရှူလမ်းကြောင်း အဆုတ်ရောင်ရောဂါ အန္တရာယ် ကြီးနေချိန်တွင် အရက်နှင့် ဆေးလိပ်ကို ရှောင်ရန် လိုအပ်ပါတယ်။ ၎င်းတို့ဟာ အဆုတ်ရောင် ရောဂါများ အတွက် ပိုမိုရောဂါတိုးပွားစေပါတယ်။ယခုအခါ ဆိုရှယ် မီဒီယာများပေါ်တွင် သတင်းအရင်းအမြစ်မသိရသော သူများ၏ ညွှန်းဆို ဆေးဆရာများနှင့် တိုင်ပင်ပြီးမှသာ သုံးစွဲရန် အကြံပေး လိုပါတယ်။
နိဂုံးချုပ်အားဖြင့် ပြည်သူများအနေဖြင့် ဖော်ပြပါ စရိတ်သက်သာလွယ်ကူသော တိုင်းရင်းဆေးနည်းများ အသုံးပြုလျက် မိမိကိုယ်မိမိ ကျန်းမာအောင်၊ ကိုယ်ခံအားကောင်းအောင် စောင့်ရှောက်နိုင်ပါစေကြောင်းနှင့် နိုင်ငံတော်၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို တစ်သဝေမတိမ်း၊ စည်းစည်းလုံးလုံး ပူးပေါင်း လိုက်နာဆောင်ရွက်ပေးမှသာ ဤရောဂါကပ် ဘေးကြီးမှ အားလုံးလွတ်ကင်းချမ်းသာပါမည့်အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသား များ ကိုဗစ်- ၁၉ ရောဂါကပ်ဆိုးကြီးမှ အလျင်အမြန် လွတ်ကင်းချမ်းသာကြပါစေ။ ။
ကြေးမုံ


