နေပြည်တော် ဒီဇင်ဘာ ၂

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ - မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော တစ်ထပ်အားကစားရုံ တစ်လုံး၊ နှစ်ထပ် KTV အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်လူနေအဆောက်အအုံ နှစ်လုံး၊ လေးထပ် အဆောက်အအုံ တစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ငါးလုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ အလုံး ၁၄၀ ဖြိုချဖျက်ဆီးခဲ့ကြောင်း နှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၂၈၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ 

 

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါအဆောက်အအုံများကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တရားမဝင်အဆောက်အအုံ အလုံး ၂၀ ကို ထပ်မံချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင် အဆောက်အအုံ စုစုပေါင်း ၁၆၁ လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။ 

 

ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၃၁၀၊ မိုဘိုင်းဖုန်း ၂၁၈၇၀၊ Star Link ဗန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီး ရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၉၈ ဦး၊ ကင်ညာနိုင်ငံသား ၃၇ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦး၊ ဂါနာနိုင်ငံသား နှစ်ဦး၊ ဇင်ဘာဘွေနိုင်ငံသား နှစ်ဦး၊ ရဝမ်ဒါနိုင်ငံသား တစ်ဦး၊ တိုဂိုနိုင်ငံသား တစ်ဦးနှင့် ဘီနင်နိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၄၁၁ ဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ၎င်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ၁၀၆၀၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၄၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။ 

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်