မိုးညှင်း  ၁၅  မတ် 

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်တွင် လုံးတုံသဘာဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ သားငှက်မျိုးစိတ်အသစ်နှစ်မျိုး ရောက်ရှိလာပြီး ငှက်အကောင်ရေ တစ်သောင်းကျော် ပိုများလာကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်၌ သားငှက်မျိုးစုံ ၂၀၅၀ဝ ကျော်ကို မှတ်တမ်းပြုစုရရှိထားပြီး ၂၀၁၉ ခုနှစ်တွင် ငှက်အကောင်ရေ ၃၁၀၅၀ ကျော်ကို မှတ်တမ်းပြုစုနိုင်သည့်အတွက် ငှက်အကောင်ရေ တစ်သောင်းကျော်ပိုများလာကြောင်း သိရသည်။

 

received_1

 

သားငှက်မျိုးစိတ်အသစ် နှစ်မျိုးရောက်ရှိလာသည်နှင့် စပ်လျဉ်း၍ လုံးတုံသဘာဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တောခေါင်း ဦးစောမင်းထူးက "  ဒီလို သားငှက်တွေပေါများလာတာကတော့ ဆောင်းခိုငှက်တွေအတွက် အင်းတော်ကြီးကန်က အစာရေစာကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အင်းတော်ကြီးကန်ကိုရောက်ရှိလာတဲ့ ဆောင်းခိုငှက်တွေကတော့ ရုရှားနိုင်ငံ၊ဆိုက်ဗေးရီးယန်းဘက်က ငှက်တွေနဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲပြင်မှာ ရေတွေခဲခဲ့တာကြောင့် အစာရေစာရှားပါးပြီး အင်းတော်ကြီးကန်ကို လာရောက်ဆောင်းခိုကြတာပါ။ သားငှက်မျိုးစိတ်အသစ်အဖြစ် ရောက်ရှိလာတဲ့ ငှက်အမျိုးအစားတွေကတော့ ရေဘဲမျိုးစိတ်ထဲက Common Goldeneye အမျိုးအစားနဲ့ ဇင်ယော်မျိုးစိတ်ထဲက Clesser Blacked Gull အမျိုးအစားများ ဖြစ်ပါတယ် " ဟု ပြောသည်။

 

အင်းတော်ကြီးဒေသကို ၂၀၁၃ ခုနှစ်က အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း၊၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း၊၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရပြီး နိုင်ငံပေါင်း ၁၂၀ ရှိ ဇီဝအဝန်းနယ်မြေ ၆၆၉ ခုတို့နှင့် ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်များချိတ်ဆက်ထားရှိကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)

 

received_267