ပဲခူး  ၁၈  မတ် 

 

ကလေးစာပေပွဲတော်(ပဲခူး)စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင်  ကလေးစာပေပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့်လုပ်ငန်းများ အချိန်မီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ယခုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ပွဲတော်တွင် လိုအပ်သည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊  လုပ်ငန်းများအဆင်ပြေစေရေး လာရောက်ညှိနှိုင်းပေးခြင်း ဖြစ်ပါ ကြောင်း၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းများ ခွဲခြား သတ်မှတ်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ရောထွေးမှုရှိပါက နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ပဲခူးမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် အတွက် ယခင်ပွဲတော်များထက် ပိုမိုစည်ကားအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခင်ပွဲတော်များတွင် မပါဝင်သည့်အစီအစဉ်များ ပါဝင်လာမည် ဖြစ် သဖြင့် ဖြည့်ဆည်း ပေးရမည့် လုပ်ငန်းများလည်း ကြီးမားပါကြောင်း၊   ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကလေးစာပေ ပွဲတော်(ပဲခူး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအေးကြွယ်က ကလေးစာပေ ပွဲတော်(ပဲခူး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး ဆပ်ကော်မတီအသီးသီးက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ  ကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့သည်။

 

အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကလေးစာပေ ပွဲတော်  ကျင်းပပြုလုပ်မည့် ပဲခူးတက္ကသိုလ်အတွင်း နေရာချထားမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 

ကလေးစာပေပွဲတော်(ပဲခူး)ကို ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မတ် ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် စာအုပ်စာပေပြပွဲနှင့် စာအုပ် အရောင်းပြခန်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းရင်းသားကဗျာရွတ်ဆိုပွဲနှင့် ပုံပြင်ပြောပွဲများ၊ အုပ်စုလိုက် ယှဉ်ပြိုင်ကစားရသည့် Team Building ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး ပြိုင်ပွဲ စသည့် အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူ မဆို ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

IMG-7c75