ပူတာအို ၁၈ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ကလေးစာပေပွဲတော် (ပူတာအို) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများ အနေဖြင့် ကလေးစာပေပွဲတော် (ပူတာအို)စီမံချက်များအတိုင်း ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်စေလိုကြောင်း၊ ကလေးစာပေပွဲတော် (ပူတာအို)သည် ကျောင်းပိတ်ရာသီဖြစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပညာရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေး နှိုးဆော်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမော်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကလေးစာပေပွဲတော် (ပူတာအို)နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များ၊ ကလေးစာပေပွဲတော် (ပူတာအို)စီမံချက်များ၊ တိုင်းရင်းသားရိုးရာ ကဗျာ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပြပွဲပြိုင်ပွဲ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများက ဆောင်ရွက်မည့် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကြကာ ကလေးစာပေပွဲတော် (ပူတာအို)တွင် အသုံးပြုမည့် logo အား အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။
MDN


