ပူတာအို ၁၂ မတ်
“ကလေးစာပေပွဲတော်(ပူတာအို)” ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်က ပွဲတော်ကာလအတွင်း ပြုလုပ်မည့်လုပ်ငန်းစဉ်များနှင့် ပြပွဲပြိုင်ပွဲ အစီအစဉ်များအား ဆွေးနွေးပြောကြားခြင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ က ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူအသီးသီးက ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းဆွေးနွေးခြင်းနှင့် ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပွဲတော်ကျင်းပရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းတာဝန်ခွဲဝေမှုများအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းဆပ်ကော်မတီအသီးသီးက မိမိတို့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်တို့ ဦးဆောင်သည့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပပြုလုပ်မည့် ဖုန်ကန်ရာဇီခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပူတာအိုခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း (ပူတာအို)တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ပွဲတော်ကာလအတွင်း စာအုပ်စာပေပြပွဲနှင့် စာအုပ်အရောင်းပြခန်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ရဝမ်၊ လီဆူ၊ ဂျိမ်းဖော့နှင့် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုနှင့် စာပေအဖွဲ့များ၏ တိုင်းရင်းသား ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ၊ အုပ်စုလိုက် ယှဉ်ပြိုင်ကစားရသည့် Team Building ပြိုင်ပွဲများ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲစသည့် အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
လင်းဟန်ဇေ
ဓာတ်ပုံ - လင်းဟန်ဇေ၊ ဖုန်ကန်(ပူတာအို)


