ရန်ကုန် ၁၂ မတ်
ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ မြန်မာ့အသံဝင်းနေ ဦး----- သည် MRTV ENTERTAINMENT Ltd တွင် အထွေထွေမန်နေဂျာအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းသည် မတ် ၁၁ ရက် နံနက် ၉ နာရီတွင် ရုံး တက်ရန်ရုံးသို့ရောက်ရှိစဉ် CEO ရုံးခန်း၏ တံခါးမှာဖွင့်မရသဖြင့် မှန်ပေါက်မှကြည့်ခဲ့ရာ ရုံးခန်းရှိပစ္စည်းများ နှင့်စာရွက်စာတမ်းများ ဖရိုဖရဲဖြစ်နေပြီး ငွေများထည့်ထားသော ဗီရိုမှာပွင့်နေ၍ စစ်ဆေးခဲ့သည်။ ဗီရိုထဲရှိ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထည့်ထားသော ငွေ (၃၄၀) သိန်းကျပ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှု ဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် ယခင်က အဆိုပါရုံးတွင် ယာဉ်မောင်း လုပ်ကိုင်ခဲ့သော လှိုင်သာယာမြို့နယ်၊ (၁၀)ရပ်ကွက်နေသူ ကျော်ဇေယျ(ခ) မောင်မောင် ဖြစ်ကြောင်းသိရှိရ၍ လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းသည် နေအိ်မ်တွင်မရှိဘဲ လမ်းမတော်မြို့နယ်၊ (၇)ရပ်ကွက်၊ (၁၆)လမ်းအလယ်ဘလောက်ရှိ CCTV တပ်ဆင်သည့်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေကြောင်း ထပ်မံသတင်း ရရှိသဖြင့် ပူးပေါင်းအဖွဲ့သည် အဆိုပါ ဆိုင်ပတ်ဝန်းကျင်အနီးတွင် စောင့်ကြည့်နေစဉ် ထိုနေ့ ညနေ ၄ နာရီ တွင် ပြစ်မှုကျူးလွန်သူ ကျော်ဇေယျ (ခ)မောင်မောင်(၃၁)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ကျော်ဇေယျ(ခ)မောင်မောင် အား စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် သက်သေခံငွေများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျော်ဇေယျ(ခ) မောင်မောင် အား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


