စစ်ကိုင်း ၁၇ မတ်

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ မတ် ၁၉ ရက်တွင် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး မဟာဘေရီ(ခေါ်) အဓိကဒုန္ဒုဘဘွဲ့ခံ မဟာစည်တော်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့၊ လက်ပံကုန်းရွာ မြန်မာ့ရိုးရာတူရိယာ လုပ်ငန်းပညာရှင် ဆရာပွဲမှ ပြုလုပ်ထွင်းထု ပူဇော်ပြီး သီတဂူဆရာတော်ဘုရားကြီး၏ သြဝါဒကို ခံယူကာ  စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ မတ် ၁၉ ရက်တွင် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ပူဇော် သွားမည်ဖြစ်သည်။

စည်တော်ကြီးကို ကသာခရိုင်၊ အင်းတော်မြို့မှ နှစ်ပေါင်း(၁၅၀)ကျော် သက်တမ်းရှိ ကုက္ကိုသားဖြင့် ထွင်းထုထားပြီး စည်တော်ကြီးမျက်နှာဝ ၅ ပေ ၄ လက်မ၊ အရှည် ၁၀ ပေ ၈ လက်မ၊ လုံးဝန်းပတ် ၁၇ ပေ ၈ လက်မ၊ အလေးချိန် ခန့်မှန်း (ဝ.၂၅)တန်၊ စည်တော်ကြီးဘေး တစ်ဖက်တစ်ချပ်တွင် ပုဂံခေတ်လက်ရာ (၁၀၈)ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်မင်းကြီး (၂)ပါးမှ ပူဇော်နေဟန် ထွင်းထုထားကာ စည်တော်ကြီးအတွင်းပိုင်း၌ ဘုရားအနေကဇာတင် သမ္ဗုဒ္ဓေဂါထာတော်၊ ဓါရာဏပရိတ်၊ ပဋ္ဌာန်း (၂၄)ပစ္စည်းနှင့် ရှင်သီဝလိဂါထာတော်၊ ဘားမဲ့ဆရာတော်၏ ဘုရား(၄)ဆူအင်း၊ ကြီးလေးကြီးအင်း၊ ၁၀၈ ကွက်ဂါထာတော်များဖြင့် ထွင်းထုပူဇော်ထားကြောင်း သိရသည်။

ယခုအခါ ကောင်းမှုတော် စေတီတော်မြတ်ကြီးအား သီတဂူဆရာတော်ဘုရားကြီး၏ သြဝါဒနှင့် ဦးဆောင်မှုကို ခံယူလျှက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်းမှုဖြင့် အဖြူရောင်သင်္ကန်းတော်ကို လုံးတော်ပြည့် ဆက်ကပ်ပူဇော်မှု အောင်မြင်စွာ ပြီးမြောက်တော်မူသည့်အတွက် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာ၊ သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် (၈၂)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၊ ကြွရောက်တော် မူလာကြသည့် သံဃာတော်အပါး (၁၀ဝ၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းမင်္ဂလာ၊ မဟာစည်တော်ကြီးဖွင့်ပွဲ ကျင်းပခြင်းမင်္ဂလာ စသည့် သမိုင်းဝင် မဟာကုသိုလ်ပြုပွဲကြီးကို မတ် ၂၀ ရက် တပေါင်းလပြည့်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)