Dr.မောင်အောင်
ယနေ့လူသားမျိုးနွယ်တစ်ရပ်လုံး၏ အသက်ရှင်သန်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တွေ့ကြုံခံစားနေရပြီး (၂၁-၄-၂၀၂၀)နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့သည့်လူဦးရေ ၂ ဒသမ ၆ သန်းခန့်ရှိကာ သေဆုံးသူဦးရေ ၁ ဒသမ ၇သိန်းခန့်ရှိသည်။ ကမ္ဘာ့နိုင်ငံအားလုံး တွေ့ကြုံ ရင်ဆိုင်နေရပြီး ကပ်ရောဂါဘေးကြောင့် လူတိုင်းသည် ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ စီးပွားရေး အဘက်ဘက်ယိုယွင်းလာမှုများကြောင့် 'တတိယကမ္ဘာစစ်' ဟုပြောဆိုနေပြီ ဖြစ်သည်။ ကပ်ဘေးသည် ဆင်းရဲချမ်းသာမရွေး၊ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေမှုကြောင့်လည်း WHO မှအစ နိုင်ငံအစိုးရများအနေဖြင့် ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံဖြင့် အထူးကြိုးစားနေပေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သည့်အပြင် နိုင်ငံတော်နှင့် ပြည်သူတို့၏ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း ပြန့်ပွားမှုနှုန်းနှင့် သေဆုံးမှု အနည်းဆုံး အုပ်စုနိုင်ငံများထဲတွင် ပါဝင်နေပေသည်။
ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ နှစ်ဦးပိုင်းမှစ၍ ကမ္ဘာ တစ်ဝန်းလုံးနှင့် ဆက်စပ်နေသည့် ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ၊ ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ အာမခံ၊ ရွှေ့ပြောင်းလုပ်သားများစသည့် စီးပွားရေးနယ်ပယ်အားလုံးကို ဆိုးရွားစွာ ထိခိုက်ခဲ့ပါ သည်။ ထိုအတွက် ကွင်းဆက်အနေဖြင့် နိုင်ငံတိုင်းတွင် အလုပ်လက်မဲ့များ သိသာစွာတက်လာခြင်း၊ စတော့ ရှယ်ယာစျေးနှုန်းများ၊ ရေနံစျေးနှုန်းစံချိန်တင် ကျဆင်း ခြင်း၊ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်များ ပိတ်ဆို့ခြင်း၊ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကြောင့် ကြောက်စိတ်များ ဖြင့် အထိတ်တလန့်ဝယ်ယူခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရန် အတွက် ကူးသန်းသွားလာမှု ကန့်သတ်ခြင်း၊ လူစုလူဝေး မရှိစေရန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်နားထားခြင်း၊ အကွာအဝေးသတ်မှတ်ခြင်း၊ နှာခေါင်းစည်းများတပ်စေခြင်း၊ အသွားအလာကန့်သတ် ခြင်းနေရာများတွင် စောင့်ကြည့်ခြင်း၊ မြို့ (သို့) နေရာကို အဝင်အထွက်မရှိစေရန် ပိတ်ဆို့ကုသခြင်း စသည်တို့ နိုင်ငံတိုင်း လုပ်ဆောင်ခဲ့ကြသည်။
တစ်ကမ္ဘာလုံးစီးပွားရေးလုပ်ငန်းများ အများစုယာယီ ရပ်ဆိုင်းထားမှုကြောင့်လည်း အလုပ်လက်မဲ့များ တိုးလာ ခြင်း၊ လုပ်ငန်းများငွေကြေးပြတ်လပ်မှုကြောင့် ဒေဝါလီ ခံခြင်း၊ ပုံမှန်ဝင်ငွေမရသူများ၏ လက်ဝယ်ငွေကြေးချို့တဲ့ လာမှုကြောင့် ဘ၀ရှင်သန်ရေး ပို၍ခက်ခဲလာခြင်း စသည်တို့ နိုင်ငံတိုင်းကြုံတွေ့နေရပြီဖြစ်သည်။ စီးပွားရေး လုပ်ငန်းကြီးများအနေဖြင့်လည်း ကမ္ဘာတစ်ဝန်းလုံးနှင့်ဆက်စပ်ဆောင်ရွက်ရသောကြောင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ် (Great Depression) အပြီး ယခု ကိုဗစ်-၁၉ ကြောင့်ဖြစ်နေသည့် ကမ္ဘာ့စီးပွားရေးကပ် မှာလည်း ကျယ်ပြန့်သည့်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနုတ်လက္ခဏာ ၃ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပေါ် လာမည်ဟု ခန့်မှန်းထားပေသည်။ ယခင်က နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ ထုတ်လုပ်မှုလုပ်ငန်းများကို အစ၊ အဆုံး နိုင်ငံတွင်း ထုတ်လုပ်နိုင်သော်လည်း ယနေ့ကမ္ဘာ့ရွာကြီး ဖြစ်လာသည့်အချိန်တွင် ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း (Global Supply Chain) တစ်လျှောက် တင်ပို့ထုတ်လုပ် တပ်ဆင်ဖြန့်ဖြူးရောင်းချရသည့်အတွက် တစ်ကမ္ဘာလုံး အမြန်ကျန်းမာလာရန် လိုအပ်ပေသည်။
ယခုနှစ်အစပိုင်းတွင် တရုတ်နိုင်ငံက စတင်ဖြစ်ပွား ခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားရောဂါကြောင့် ကမ္ဘာ့စက်ရုံကြီးဟုခေါ်သည့် တရုတ်အခြေပြု နိုင်ငံတကာ ထုတ်လုပ်မှုလုပ်ငန်းကြီးအနေဖြင့် တစ်ဆို့မှုများ ပေါ်ပေါက်ခဲ့ပြီး တစ်ကမ္ဘာလုံးနှင့် ဆက်စပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းကြီးများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်တိုက်ကျဆင်းစေခဲ့ သည်။ အဓိကအားဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်းတစ်လျှောက် အကျုံးဝင်သည့်လုပ်ငန်းများ၏ စီးပွားရေး လုပ်ဆောင်မှုများဖြစ်သည့် ကုန်ကြမ်းထုတ်လုပ်မှု၊ တစ်ဝက်တစ်ပျက်ပြီး ကုန်စည်ထုတ်လုပ်မှု၊ ကုန်ချော ထုတ်လုပ်မှုအပိုင်းအားလုံး လျှော့ချလာခြင်း၊ ဒုတိယ ကွင်းဆက်အနေဖြင့် ကမ္ဘာ့ထုတ်လုပ်မှု လမ်းကြောင်း တစ်လျှောက် ပါဝင်သည့် စီးပွားရေးလုပ်ဆောင်မှုများ လျော့ကျလာမှုနှင့်အတူ သွင်းကုန်ဝယ်လိုအား အပါအဝင် ကမ္ဘာတစ်ဝန်းလုံး၏ ဝယ်လိုအား ဆက်တိုက်ကျဆင်းခြင်း၊ တတိယကွင်းဆက်အနေဖြင့် ထုတ်လုပ်တင်ပို့သူများ၏ပို့ကုန်တင်ပို့မှု ကျဆင်းစေပြီး ကုန်သွယ်မှု လျော့ကျကာ သွင်းကုန်တင်သွင်းမှုကိုပါ တစ်ဖန်ပြန်၍ ကျဆင်းစေခဲ့ ပါသည်။ ဖြစ်စဉ်တွင် ကိုဗစ်-၁၉ ကြောင့် ထုတ်လုပ်မှု လုပ်ငန်းကြီးများ၏ ထုတ်လုပ်ရောင်းချမှု လျော့နည်း ကျဆင်းစေမှုမှတစ်ဆင့် အထွေထွေဝယ်လိုအား ကျဆင်းမှု နှင့်အတူ ငွေကြေးလည်ပတ်မှု၊ ချောမွေ့မှုမရှိတော့သည့် ငွေဖြစ်လွယ်မှု(Liquidity Constraints) ကန့်သတ်ချက် များကြောင့်လည်း စီးပွားရေးလုပ်ငန်းများနှင့် လူလတ် တန်းစားများ၊ အခြေခံလူတန်းစားများအတွက် အထူး အခက်အခဲ တွေ့ကြုံနေရခြင်းပင်ဖြစ်သည်။
စီးပွားရေးပြန်လည်နိုးထလာစေသည့်ပံ့ပိုးမှုများ
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် ကမ္ဘာ့စီးပွားရေး ကပ်ကို အမြန်ဆုံးရုန်းထွက်ကုစားနိုင်ရန်အတွက် နိုင်ငံ တိုင်း ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုး ထောက်ပံ့မှုများ (Monetary & Financial Stimulus Measures) ဖြင့် လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် စီးပွားရေးအဆောက်အဦတွင် လည်ပတ်စီးဆင်းနေသည့် ငွေကြေးပမာဏ တိုးပွားစေရေးအတွက် ဘဏ်အတိုးနှုန်း များ လျှော့ချပေးခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် မိသားစုများကို သက်သာသည့် ချေးငွေထုတ်ပေးခြင်း၊ အခြေခံစားသောက်ကုန်များပံ့ပိုးခြင်း၊ ကောက်ခံသည့် အခွန်အခများ ကင်းလွတ်မှုပေးခြင်းနှင့် လျှော့ချပေးခြင်း၊ အစိုးရထုတ်ဝေထားသည့် ငွေချေးစာချုပ်များ ပြန်လည် ဝယ်ယူခြင်း စသည်ဖြင့် ပံ့ပိုးနိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် လုပ်ဆောင်နေပေသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု လျော့နည်းစေရေးအတွက် SMES လုပ်ငန်းများအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် အထူးချေးငွေဘီလီယံ ၁၀၀ ထုတ်ချေးခြင်း၊ အလုပ်အကိုင်အခြေတကျမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အဓိက စားသောက်ကုန်များ ပံ့ပိုးပေးခြင်း၊ အခွန်အခများ လျှော့ချ ခြင်း၊ လျှပ်စစ်မီတာခများ ယူနစ် ၁၅၀ အထိ ကင်းလွတ် ခွင့်ပြုခြင်း၊ ဘဏ်အတိုးနှုန်းကို ယခင်ကထက် ၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချခြင်း၊ အချို့သွင်းကုန်ကြေးများ ကင်းလွတ်ခြင်း စသည်တို့ ဆက်တိုက်လုပ်ဆောင်နေပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အကျပ်အတည်းဒဏ်ကို နိုင်ငံတိုင်း တွေ့ကြုံနေရပြီး ထိခိုက်မှု အတိုင်းအတာပမာဏ၊ နိုင်ငံ၏ချမ်းသာကြွယ်၀ မှုတို့ပေါ် မူတည်၍ ပြန်လည်နိုးထလာစေရေး လုပ်ဆောင်မှု များ (Stimulus Measures) ကွဲပြားသလို ပံ့ပိုးသည့်ပမာဏ လည်း ခြားနားပေသည်။ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သည့် အမေရိကန်သည် ကိုဗစ်-၁၉ ကြောင့် ရောဂါပျံ့နှံ့မှုနှင့် သေကျေပျက်စီးမှု အများဆုံးဖြစ်သလို စီးပွားရေး ထိခိုက်မှုမှာလည်း အများဆုံးပင်ဖြစ်သည်။ ထို့အတူ ဖွံ့ဖြိုး သည့် ဥရောပနိုင်ငံများဖြစ်သည့် စပိန်၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများအနေဖြင့်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးမှုအများဆုံး ကြုံတွေ့ခဲ့ ရသည့် နိုင်ငံများပင်ဖြစ်သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အစိုးရများ အနေဖြင့် အမြန်ဆုံးထိရောက်စွာ ပိတ်ပင်တားဆီးနိုင်မှု၊ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပြန့်ပွားမှု ထိန်းချုပ်နိုင်ခဲ့သလို အသက်သေဆုံးမှုများလည်း လျှော့ချ နိုင်ခဲ့သည်။ ထို့အတူ အချိန်မီ ရောဂါမပြန့်ပွားရေးအတွက် ကြိုတင်ကာကွယ်သူများနှင့် ကူးစက်ခံရသူများမှတစ်ဆင့် ထပ်မံမကူးစက်စေရန် ပိတ်ဆို့မှုများအပြင် WHO နှင့် အစိုးရများမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို ပြည်သူများ လိုက်နာမှုအားကောင်းသည့် နိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု လျော့နည်းကြောင်း တွေ့ရသည်။ ကောက်ချက်ပြုနိုင် သည်မှာ နိုင်ငံအစိုးရများ၏ အချိန်မီစီမံခန့်ခွဲနိုင်မှုနှင့် အတူ ပြည်သူများ စည်းကမ်းများကို ညီညီညွတ်ညွတ် လိုက်နာနိုင်မှုပေါ် မူတည်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထိခိုက်မှု အတိမ်အနက်ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် အာရှနိုင်ငံများအနက် မူလရောဂါစတင်သည့် တရုတ်မှ စ၍ ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ) စသည် တို့သည် ရောဂါမပြန့်ပွားစေရန် စီမံအုပ်ချုပ်နိုင်မှုနှင့် အတူ ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို တစ်သဝေမတိမ်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်မှုလျော့နည်း ခဲ့သည်။
ညီညွတ်သည့်ပြည်သူသာလျှင်အဓိက
ကမ္ဘာလောကကြီးတစ်ခုလုံး၏ ရှင်သန်ဖြစ်ပေါ် တိုးတက်မှုကို ပြဋ္ဌာန်းပေးသူမှာ အသိဉာဏ်ရှိသည့် လူသားပင်ဖြစ်သည်။ အခက်အခဲများ၊ အတားအဆီး များ၊ ဘေးအန္တရာယ်များ မည်မျှပင်ကြုံတွေ့စေကာမူ လူသားချင်းစည်းလုံးမှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ရင်ဆိုင်ကျော်လွှား အောင်မြင်ခဲ့ခြင်းများကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများက ဖော်ပြနေသလို လက်ရှိရောဂါ ကပ်ဘေး ကိုဗစ်-၁၉ ရင်ဆိုင်ရသည့်အချိန်တွင်လည်း စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် အာရှ နိုင်ငံအချို့ အမြန်ဆုံးကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ပြည်သူများ၏ ပကတိ အခြေအနေမှန်ကို ပို၍တွေ့မြင်ရပြီဖြစ်သည်။ မြန်မာ တို့၏အဓိကအားသာချက်မှာ ပြည်သူများ ဒုက္ခတွေ့ သည့်အချိန်တွင် ငွေကြေးတတ်နိုင်သည့်သူများ၊ လုပ်အား ပေးနိုင်သည့်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ မျှဝေလှူဒါန်း ပါဝင်လုပ်ဆောင်ပေးသည့် မွန်မြတ်သည့် စိတ်ဓာတ်ပင်ဖြစ်သည်။ ထိုနည်းတူ နိုင်ငံတော်ကချမှတ် ထားသည့် စည်းကမ်းများကိုလည်း အများစုအနေဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းလိုက်ပါ ဆောင်ရွက်ကြခြင်း ကိုလည်း တွေ့ရသည်။ ယခု ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို အတန်အသင့်ထိန်းချုပ်လာနိုင်ပြီဖြစ်သော် လည်း စီးပွားရေးအကျပ်အတည်းကာလတစ်ခုကို မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများ ကျော်ဖြတ်ရဦးမည်သာ ဖြစ်သည်။
ခိုင်မာသည့် စိတ်ဓာတ်တည်ဆောက်ပါ
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံသားများအပါအဝင် ယနေ့လူသားအားလုံး၏စိတ်တွင် အသက်ရှင်ရေးအတွက် မရေရာမှုများကြောင့် စိုးရိမ်ကြောင့်ကြမှုများ ခံစားနေ ရသည့်ကာလလည်းဖြစ်သည်။ ပြည်သူများအနေဖြင့် စီးပွားရေးအကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှား နိုင်ရန်အတွက် ပထမဆုံးလိုအပ်ချက်မှာ တစ်ဦးချင်းစီ၏စိတ်ဓာတ်ခိုင်မာမှုကို တည်ဆောက်ထားရမည်ဖြစ်သည်။ အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ့်ထက်ခက်ခဲသူများ၊ ကျပ်တည်းသူများကို မြင်အောင် ကြည့်၍ စိတ်ကိုဖြေရမည်ဖြစ်သည်။ နိုင်ငံအလိုက်ယှဉ်၍ ကြည့်လျှင် မြန်မာတို့ဖွံ့ဖြိုးမှုနည်းသော်လည်း ကိုယ့်ထက် ဆိုးသည့်နိုင်ငံများစွာရှိသည်။ နိုင်ငံချမ်းသာသော်လည်း တန်ဖိုးအရှိဆုံး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အဖြစ်ဆိုးများနှင့် နှိုင်းယှဉ်ဖြေရမည်ဖြစ်သည်။ အထူး သဖြင့် လူသားတစ်ဦး အသက်ရှင်သန်ရေးအတွက် အလိုအပ်ဆုံးမှာ အစားအစာပင်ဖြစ်သည်။ စားသောက် ကုန်စျေးများ မြင့်တက်လာမှုကြောင့် ဝယ်ယူတင်သွင်း နေရသည့် နိုင်ငံများ၊ ကျွန်းစုနိုင်ငံများ၊ ကုန်းတွင်း ပိတ်နိုင်ငံများ၊ သဲကန္တာရများသည့်နိုင်ငံများ၊ ခရီးသွား နှင့် အပန်းဖြေလုပ်ငန်းများအပေါ် အဓိကမှီခိုနေရသည့် နိုင်ငံများရှိ ပြည်သူများ၏ အစားအစာအတွက် စိုးရိမ်ပူပန် မှုများနှင့် နှိုင်းယှဉ်ပြီး စိတ်ကိုဖြေရမည်ဖြစ်သည်။ ပြည်သူ များသတိပြုရမည်မှာ မြန်မာနိုင်ငံ၏ စားသောက်ကုန် ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် စားနပ်ရိက္ခာနှင့်ပတ်သက်၍ စိတ်ပူ စရာမလိုပေ။
မြန်မာနိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်ဆိုလျှင် ပြည်တွင်းစားသုံးမှုအပြင် နှစ်စဉ်တန်ချိန် ၃ သန်းမှ ၄ သန်း တင်ပို့နိုင်သည့်အခြေအနေရှိသည်။ ထို့ပြင် နိုင်ငံကျယ်ဝန်းသည့်အလျောက် အသုံးမပြုရသေး သည့် မြေ၊ ရေသယံဇာတ အများဆုံးရှိနေသည့်အတွက် အာရှတွင် စားသောက်ကုန်ထုတ်လုပ်မှု အလားအလာ အကောင်းဆုံးပင်ဖြစ်သည်။ နိုင်ငံတော်က ဆင်းရဲသည့် မိသားစုများအား အခြေခံစားသောက်ကုန် ငါးမျိုး ပံ့ပိုး ပေးနေသလို အခြေခံစားသောက်ကုန်စျေးနှုန်းများ မတက် စေရန် လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စားသောက်ရေးအတွက် စိတ်ဖိစီးမှုဖြစ်ပေါ်ရန် မလိုပေ။ တစ်ဆက်တည်းမှာပင် ပြည်သူများအတွက် ပုံမှန်ဝင်ငွေ ရရှိရေးအတွက်လည်း SMES လုပ်ငန်းများမှစ၍ ထုတ်လုပ် မှု လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင် များ၊ ဖျော်ဖြေမှုလုပ်ငန်းများ အမြန်စတင်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ ထို့ပြင် အဆိုပါ စီးပွားရေး လုပ်ငန်းများ၏ အခက်အခဲဖြစ်သည့် ချေးငွေပံ့ပိုးမှု၊ အတိုးနှုန်းလျှော့ချမှု၊ အခွန်အကောက် လျှော့ချမှု၊ ကင်းလွတ်မှု စသည်များအပြင် လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေး ဖြေလျှော့မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ပြည်သူတို့ နှလုံးသွင်းရမည်မှာ တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အခက် အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်သလို ပြည်သူများအတွက်လည်း အလုပ်အကိုင်နှင့် ဝင်ငွေ အဆင်မပြေမှုများရှိနိုင်သော်လည်း ဤကာလသည် ခေတ္တ ယာယီသာဖြစ်ပြီး အမြန်ဆုံးကျော်ဖြတ်နိုင်ရန် ပြည်သူ အားလုံးတက်ညီလက်ညီ အစွမ်းကုန် ကြိုးစားကျော်ဖြတ် နိုင်ရေးကို စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် ပြင်ဆင်ထား ရမည်ဖြစ်သည်။
စီးပွားရေးအကျပ်အတည်းမှ အမြန်ဆုံးလွတ်မြောက်လမ်းများ
မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ သည် အသက် ရှင်သန်ရေးနှင့် စီးပွားရေးအကျပ်အတည်းများ၊ စိန်ခေါ် မှုများ ယူဆောင်လာသလို တစ်ဖက်တွင်လည်း နိုင်ငံ့ စီးပွားတိုးတက်စေမည့် အခွင့်အလမ်းများကိုပါ ဖွင့်လှစ် ပြလိုက်သလိုပင် ဖြစ်သည်။ ကမ္ဘာ့သမိုင်းကြောင်း ပြန်ကြည့်လျှင် စီးပွားရေးကပ်ဆိုက်သည့်ကာလများ ဖြစ်သည့် ၁၉၃၀ ပြည့်နှစ် စီးပွားရေးကပ်၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများဖြစ်သည်နှင့် တွဲဖက် ၍ ပါလာသည်မှာ စားနပ်ရိက္ခာအကျပ်အတည်းပင် ဖြစ်သည်။ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ကုန်သွယ်မှု စသည်တို့ကျဆင်းပြီး စိုးရိမ်ကြောင့်ကြမှုနှင့်အတူ ဝယ်ယူ သိုလှောင်မှုတို့ကြောင့် စားသောက်ကုန် လျော့နည်းလာ မှုနှင့်အတူ စျေးနှုန်းများ မြင့်တက်လေ့ရှိသည်မှာ အစဉ် အလာပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်မှုများ သိသိသာသာ လျော့နည်းလာသလို နိုင်ငံအနေဖြင့် ကူးလူးဆက်ဆံမှုများ ပိတ်ဆို့လာမှုကြောင့် စားသောက်ကုန်များကို ပြင်ပမှ အဓိကမှာယူတင်သွင်းစားသုံးရသည့်နိုင်ငံများ၊ ကျွန်းစု နိုင်ငံများ၊ ကုန်းတွင်းပိတ်နိုင်ငံများ၊ သဲကန္တာရများသည့် နိုင်ငံများ စသည်တို့တွင် စားသောက်ကုန်စျေးနှုန်းများ တက်လာနေပြီဖြစ်သည်။ စီးပွားရေးကပ်ကို ကျော်လွှား ရမည့် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အတွင်း အမြင့်စျေးတွင် ဆက်လက်ရှိဦးမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း စားသောက်ကုန် အဓိက တင်ပို့ နေသည့် နိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ယူကရိန်း၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများပင်လျှင် ပြည်သူတို့၏ စိုးရိမ်ကြောင့်ကြမှု၊ မရေရာမှုနှင့် ပို့ဆောင်မှုအခက်အခဲများကြောင့် တင်ပို့မှု တားမြစ်ခြင်း၊ ပို့ကုန်ခွန်မြင့်မားစွာ ကောက်ခံခြင်း စသည်တို့ကြောင့် ကမ္ဘာ့စားသောက်ကုန်စျေးနှုန်းများ တက်နေပြီဖြစ်သည်။ အထူးသဖြင့် နှံစားသီးနှံသွင်းကုန် (Cereal Import) တွင် တရုတ်နိုင်ငံသည် အများဆုံး တင်သွင်းနေသည့်နိုင်ငံဖြစ်ပြီး ပဲပိစပ်၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဆီအုန်းတို့ကို အမေရိကန်၊ အာဂျင်တီးနားနှင့် ဘရာဇီး တို့ထံမှ အများဆုံးဝယ်ယူနေရဆဲဖြစ်သည်။ ပဲပိစပ် တစ်မျိုးတည်းပင် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၃၅ ဘီလီယံခန့် သုံးစွဲနေရပြီး ယခု ကိုဗစ်-၁၉ ကြောင့် တင်သွင်းရသည့် စားသောက်ကုန်သီးနှံစျေးနှုန်းများ တက်စပြုနေပြီဖြစ်သည်။ ထို့ပြင် လက်ငင်းကာလများ အတွင်း မကြာမကြာဖြစ်ပေါ်သည့် ရာသီဖောက်ပြန်မှုများ ကြောင့်လည်း တစ်ကမ္ဘာလုံးတွင် စားနပ်ရိက္ခာဖူလုံမှု အတွက် အလားအလာရှိမည့် နိုင်ငံများအနေဖြင့် တိုးချဲ့ ထုတ်လုပ်စေရေးကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အမြဲ နှိုးဆော်နေပြီဖြစ်သည်။
လယ်ယာအခြေခံစားသောက်ကုန်များပိုမိုထုတ်လုပ်ရေး
မြန်မာနိုင်ငံအတွက် အမြန်ဆုံးနှင့် စရိတ် အသက်သာဆုံး လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခုမှာ လယ်ယာအခြေခံ စားသောက်ကုန်များ တိုးချဲ့ထုတ်လုပ် ရေးပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဧရိယာ တစ်ခုအတွင်း သီးထပ်သီးညှပ် တိုးချဲ့ဆောင်ရွက်ရန် လိုသလို စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း နည်းလမ်းကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရမည်ဖြစ်သည်။ တစ်ပြည်လုံး စိုက်ပျိုးနိုင်သည့်မြေများကို ပြည့်ပြည့်၀၀ စိုက်ပျိုး မည်ဆိုလျှင် လယ်ယာထုတ်ကုန် များစွာတိုးလာမည် ဖြစ်သည်။ ထို့အတူ ပို၍အရေးပါသည့် ပြောင်းလဲမှုမှာ စီးပွားဖြစ် လယ်ယာလုပ်ငန်း ပိုမိုဖြစ်ထွန်းလာရေး ဆောင်ရွက်ရန်ဖြစ်သည်။ စီးပွားဖြစ်ဟုဆိုသည်မှာ ကမ္ဘာ့ စျေးကွက် ဝယ်လိုအားကောင်းသည့် သီးနှံများကို ပိုမို တိုးချဲ့ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးပင်ဖြစ်သည်။ ဆိုလို သည်မှာ စျေးကွက်ဝင်သီးနှံများ ပိုမိုစိုက်ပျိုးရန် ယခင် ကထက် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်စေခြင်းပင် ဖြစ်သည်။ အရေးကြီးသည်မှာ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် အထွက်နှုန်းကောင်းရန်လိုသလို အရည်အသွေး မှန်ကန်မှုကိုလည်း အလေးထားရမည် ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးရေးကို လယ်သမား တစ်ဦးချင်းအနေဖြင့် ငွေကြေးအခက်အခဲရှိသည့်အတွက် အရင်းအနှီးနှင့် စျေးကွက်ချိတ်ဆက်မှုများရှိသည့် ကုမ္ပဏီ များနှင့် ပေါင်းစပ်ကာ အကျိုးတူပူးပေါင်းလယ်ယာစနစ် (Contract Farmins System) ဖြင့်လည်း လုပ်ဆောင် နိုင်သည်။
လက်ရှိ အကောင်အထည်ဖော်နေသည့် အမျိုးသား ပို့ကုန် မဟာဗျူဟာ (NES) တွင်လည်း လယ်ယာကုန်စည် များသာ အဓိကပါဝင်သည့်အတွက် လုပ်ငန်းစီမံကိန်း များ ပါရှိပြီးဖြစ်၍ အထူးဇောင်းပေးဖော်ဆောင်ခြင်း နှင့် အချို့လိုအပ်ချက်များကိုသာ ဖြည့်ဆည်းနိုင်လျှင် လယ်ယာပို့ကုန် သိသာစွာ တိုးတက်လာမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဝန်ကြီးဌာန များ၊ ကျွမ်းကျင်ပညာရှင်များ၊ UMFCCI၊ လယ်ယာပို့ကုန် တစ်မျိုးချင်းစီ၏ အသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင် များ၊ ကုမ္ပဏီကြီးများ၊ ဒေသအလိုက် အာဏာပိုင်များနှင့် လယ်သမားကိုယ်စားလှယ်များ စသည်တို့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ ယခုအခါ MYAN-TRADE မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးစင်တာကို ရန်ကုန်တွင် ဖွင့်လှစ်ပြီးဖြစ်၍ စျေးကွက်ဆိုင်ရာ သတင်း အချက်အလက်များနှင့် စျေးကွက်သစ် ရှာဖွေရေးတို့ အတွက် များစွာအထောက်အပံ့ရရှိနေပြီဖြစ်သည်။ အတိုချုပ်၍ဆိုရသော် စိုက်ပျိုးနိုင်သည့်မြေများ အပြည့် အ၀စိုက်ပျိုးရေးနှင့် စီးပွားဖြစ် လယ်ယာလုပ်ငန်း ပိုမို ဖော်ဆောင်ရေးတို့ကို ယခုမှစ၍ အမြန်စတင်လျှင် တစ်နှစ် ကျော်အတွင်း လယ်ယာထုတ်ကုန် သိသိသာသာ တိုးတက် လာမည်ဖြစ်သည်။
စက်မှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာရေး
ကိုဗစ်-၁၉ ပျံ့နှံ့မှုကင်းစင်ပြီး ကမ္ဘာတစ်ဝန်းသို့ သွားလာမှု အဆင်ပြေလာပြီဆိုလျှင် စက်ရုံသစ်များ မျှော်လင့်နိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် မြန်မာ့ စက်မှုလုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အခက်အခဲ များကို မျက်မြင်တွေ့ရပြီဖြစ်၍ အဆိုပါအခက်အခဲများ ကို အမြန်ဖြေရှင်းနိုင်လျှင် စက်ရုံသစ်များ ဝင်လာနိုင် ပါသည်။ ယနေ့ခေတ် စက်မှုလုပ်ငန်းများသည် တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်ပေါင်းစပ်ထုတ်လုပ်ရသည့် အတွက် ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်းတွင် ပါဝင်နေ၍ အချိန်မီပြီးစီးရန် အရေးကြီးပါသည်။ ခေတ်ဖွံ့ဖြိုးမှု လမ်းကြောင်းမှာလည်း အဆိုပါစက်ရုံများ များများ ဝင်ရောက်လျှင် နိုင်ငံတိုးတက်မည်ဖြစ်သည်။ တရုတ် နိုင်ငံမှအစ ယနေ့ဖွံ့ဖြိုးလာသည့်နိုင်ငံများကို ကြည့်လျှင် ကမ္ဘာတစ်ရပ်လုံးနှင့် ဆက်သွယ်ရန် အကောင်းဆုံး နေရာများကို ရွေးချယ်ပြီး အဆိုပါနေရာများတွင် စက်ရုံ များ အုံနှင့်ကျင်းနှင့် အများအပြား တည်ဆောက်ထုတ်လုပ် လေ့ရှိသည်။ အဆိုပါနေရာများသည် တိုင်းပြည်၏ တိုးတက်မှုဝင်ရိုး (Growth Pole) များဖြစ်ပြီး နိုင်ငံတကာ လုပ်ငန်းကြီးများ လုပ်ကိုင်ရာတွင် အဘက်ဘက်မှ အဆင်ပြေစေရန် အထူးဦးစားပေးထားသည့် ဇုန်ကြီးများ ပင်ဖြစ်သည်။ ရန်ကုန်မြို့ဝန်းကျင်ကို အခြေစိုက်ထားသည့် အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံ၊ အလုပ်ရုံ ၆၀၀၀ ကျော်တွင် လုပ်သားအင်အား ခြောက်သိန်းကျော် အလုပ် အကိုင်ရရှိစေပါသည်။ အထည်ချုပ်ဆိုလျှင် ကမ္ဘာ တစ်ဝန်းလုံး ပေါင်းစပ်လုပ်ရသလို ယှဉ်ပြိုင်ဆောင်ရွက် ရသည့် လုပ်ငန်းလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် အကျပ်အတည်းကာလတွင် နိုင်ငံတော်အပိုင်းမှ အားထည့်ပြီး ဖြေရှင်းနေပြီဖြစ်သလို ပြဿနာကို ချက်ချင်းဖြေရှင်းပေးနိုင်သည့် ဌာနပေါင်းစုံ ပါဝင်သော One Stop Service များဖြင့်လည်း ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အလုပ်သမားပြဿနာနှင့် လုပ်ငန်းရှင်အတွက် လုံခြုံစိတ်ချရမှုတို့ကို ယခင်ကထက် ကောင်းမွန်စေရန် ဆောင်ရွက်နေပြီဖြစ်သလို မြန်မာ၏ အဓိက တိုးတက်မှုဝင်ရိုးဖြစ်သည့် ရန်ကုန်ကို အထူး အားထည့်လာပြီဖြစ်၍ အာရှ၏ မဟာဗျူဟာကျသည့် တည်နေရာကြောင့် ကမ္ဘာ့စက်ရုံများ ပို၍ဝင်လာရန် အလားအလာများ ရှိနေပြီဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပြောင်းငွေရရှိရေး
ယခုအချိန်သည် ကိုဗစ်-၁၉ ကြောင့် နိုင်ငံအသီးသီးသို့ သွားရောက်အလုပ်လုပ်နေကြသည့် အနယ်နယ်အရပ်ရပ် မှ ရွှေ့ပြောင်းလုပ်သားအများစု နိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေကြပြီဖြစ်သည်။ အခိုက်အတန့်အားဖြင့် ၎င်းတို့အနေနှင့် ဝင်ငွေမရသော်လည်း နိုင်ငံအနေဖြင့် ကြည့်လျှင် ၎င်းတို့၏ အတွေ့အကြုံ၊ အလုပ်များ၏ သဘောသဘာ၀၊ အလုပ်ခွင် စည်းမျဉ်းစည်းကမ်းများ၊ စီမံခန့်ခွဲမှု စသည်တို့ကို နေရပ်ဒေသအသီးသီးရှိ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်းများကို လက်ဆင့်ကမ်း ဝေငှခြင်းဖြင့် လက်တွေ့ကျသည့် ကောင်းမွန်သော အသိတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်မည် ဖြစ်သည်။
ထို့ပြင် ယခင်ပြန့်ကျဲနေသည့် ရွှေ့ပြောင်းလုပ်သား များ၏ လွှဲပြောင်းငွေကို ဟွန်ဒီစနစ်ဖြင့် အများစု လွှဲပြောင်း သဖြင့် ကျေးလက်နေမိသားစုများ ရရှိသော်လည်း နိုင်ငံတော်က ဝင်ငွေအများစု မရခဲ့ပေ။ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်း များမှာ နှစ်ပေါင်းကြာပြီဖြစ်သော်လည်း ယခင်ကတည်းက စနစ်တကျစီမံကွပ်ကဲမှု အားနည်းခဲ့ခြင်းကြောင့်လည်း နိုင်ငံတော်က မရခဲ့ခြင်းပင်ဖြစ်သည်။ ယခုအခါ ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် များနှင့် စုစည်းမှုရှိနေပြီး ကိုဗစ်-၁၉ ရပ်တန့်သွားလျှင် ပြန်သွားမည့်သူများဖြစ်သည်။ ထိုသူများအတွက် လိုအပ် သည့် ပြင်ဆင်စရိတ်၊ ခရီးစရိတ် စသည်တို့ ကုန်ကျရတော့ မည်ဖြစ်ရာ နိုင်ငံတော်မှ သက်သာသည့် အတိုးနှုန်းများ ဖြင့် ချေးငွေပံ့ပိုးပေးပြီး ချေးငွေပြန်လည်ဆပ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းပေးပို့ခြင်းကို သတ်မှတ်သည့် ဘဏ် များမှတစ်ဆင့် လွှဲပြောင်းစေခြင်းဖြင့် နိုင်ငံတော်က ရရှိစေမည်ဖြစ်သည်။ နိုင်ငံတော်က စေတနာထား ကူညီ ခြင်းဖြင့် ပြည်သူများ၏ နိုင်ငံချစ်စိတ်တိုးစေရုံမက ခေတ်အဆက်ဆက်မရရှိခဲ့သည့် လွှဲပြောင်းငွေများလည်း ရရှိနိုင်မည်ဖြစ်သည်။
အမှန်တကယ်မူ ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပြောင်းငွေတွင် အာရှ၌ အအောင်မြင်ဆုံးနိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်ပြီး ပြည်ပသွားရောက်လုပ်ကိုင်သည့် အိမ်ဖော်မှအစ ဆရာဝန်အဆုံး အားလုံး၏ လွှဲပြောင်းငွေ များကို ဘဏ်စနစ်ဖြင့် စနစ်တကျဆောင်ရွက်နိုင်မှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရရှိနေပြီး GDP တွင်လည်း အရေးပါသည့် ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သည်။ ယခုအချိန်သည် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံ့နေရာအနှံ့ လုပ်ငန်းဆိုင်ရာ ကောင်းသည့် အတွေ့အကြုံများ မျှဝေခြင်းတို့အပြင် ပြန်လည်ထွက်ခွာ အလုပ်လုပ်ကြသည့်အခါ ဘဏ်စနစ် အသုံးပြု၍ ငွေလွှဲစေခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြား ငွေပမာဏတစ်ခုကို တစ်နှစ်အတွင်း ရရှိနိုင်မည်ဖြစ် သည်။
အမျိုးသားရေးတာဝန်
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးကပ်မှ အမြန်လွတ်မြောက်စေရေးအတွက် အပြင်ကို အားကိုး၍ မရနိုင်သေးသည့်အတွက် ပြည်တွင်းအင်အားဖြစ်သည့် နိုင်ငံသားတစ်ဦးချင်းစီ၏ စွမ်းစွမ်းတမံကြိုးစားအားထုတ် မှုမှသည် ပြည်သူတစ်ရပ်လုံး၏ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းဆောင်ရွက်မှုကသာ အရေးအပါဆုံးပင်ဖြစ်သည်။ နိုင်ငံတော်မှ စီးပွားရေး လုပ်ငန်းများ ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ငွေကြေးနှင့် ဘဏ္ဍာရေး ထောက်ပံ့မှုများ၊ ကင်းလွတ်မှု များအပြင် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူ ချောမွေ့စေရန် ဖြေလျှော့မှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ခေတ္တယာယီအကျပ် အတည်းကို နိုင်ငံသားတိုင်း နားလည်သဘောပေါက်ပြီး လုပ်ငန်းများကို စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် စီးပွားရေး အကျပ်အတည်းမှ အမြန်လွတ်မြောက်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် နှလုံးသွင်းကာ ညီညီ ညွတ်ညွတ် ကြိုးစားရမည့်အချိန်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ကပ်မှ မြန်မာ့ထွက်ရပ်လမ်း သုံးခုကို အမြန်ဆုံးဖော်ဆောင် နိုင်ရန်အတွက် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး အထူးဦးစားပေးဆောင်ရွက်မည်ဆိုလျှင် အချိန်တိုအတွင်း လွတ်မြောက်နိုင်ရုံမကဘဲ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်မှာ မုချမသွေဖြစ်ပေသည်။


