အင်းတော်   ၁၇   မတ်

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ ကမ္ဘာကျော်ခံတပ်ဖြစ်ခဲ့သည့် မြို့ဖြူတော်ခံတပ် တည်ဆောက်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ် ၁၆ ရက် နံနက်ပိုင်းက မော်လူးဒေသ ဟဲနုကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့ဖြူတော်ခံတပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ်ဝင်းဂိတ်၏ ကွန်မန်ဒို မဟာမိတ်တပ်များ အခြေစိုက်ခဲ့သည့် ကမ္ဘာကျော်ခံတပ်ဖြစ်ပြီး ယခု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခြင်း ဖြစ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ခရိုင် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ တိုင်းခရီးဖွံ့ဖြိုးတိုးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေး၊ Katha Heritage Trust အဖွဲ့နှင့် Mawlu Heritage Trust အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဒီနေရာက ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးမှာရှိတယ်။ အင်းတော်ကြီးသွားတဲ့ ခရီးသွားတွေလည်း ဒီဘက်ကို တစ်ထောက် ဝင်နားပြီး လေ့လာလို့ရအောင် နေရာကလည်း View Point လို အချက်အချာ ဖြစ်တာပေါ့။ ဒီနေရာကို White City မှန်းသိအောင်  ဒီနေ့ White City  တည်ထောင်ခြင်း (၇၅)နှစ်ပြည့်မှာ အမှတ်တရ ဆိုင်းဘုတ်ထောင်တာပေါ့။ ကသာဇုန်ဆိုတဲ့ ခရီးသွားဒေသ ဖွံ့ဖြိုးအောင်၊ ခရီးသွားဒေသ အားကောင်းလာတာနဲ့အညီ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း  ရရှိလာမယ်။ ခုက White City တောင်ကုန်းတွေ အကုန်လုံး ဖော်ပြီးသွားပြီ”ဟု ကသာဒေသ ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ကိုညိုကိုနိုင်က ပြောသည်။

1+


အဆိုပါ ကမ္ဘာကျော် ခံတပ်ဖြစ်သည့် မြို့ဖြူတော်နေရာတွင် အထိမ်းအမှတ် ကျောက်တိုင်ကို ဗြိတိသျှတပ်မတော် အမှတ် ၇၇ တပ်မဟာမှ ဗိုလ်မှူးချုပ် အိတ်ကန် (Brigadier Alistair Aitken) ကိုယ်တိုင် မြန်မာ-အင်္ဂလိပ် အစိုးရတို့ သဘောတူချက်အရ ၂၀၁၆ မတ် ၁၇ ရက်တွင် လာရောက်စိုက်ထူထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ ခံတပ်ကို ၁၉၄၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြို့ဖြူတော်(White City)လို့ အမည်ပေးခဲ့ကြောင်း၊ စစ်အတွင်းက ဂျပန်တို့၏ မြန်မာပြည်တွင်း ထောက်ပံ့ရေးလမ်းကြောင်းများ ဖြတ်တောက်တိုက်ခိုက်ရာတွင် ထင်ရှားခဲ့သော  အင်္ဂလိပ်ဗိုလ်ချုပ် ဝင်းဂိတ်နှင့် အမေရိကန် လေတပ်ဗိုလ်မှူး ကော့ကရိန်းတို့၏ ပူးပေါင်းစစ်ဆင်ရေး “Operation Thursday” ကြာသပတေးစစ်ဆင်ရေး၏ ကမ္ဘာကျော်ခံတပ်ဖြစ်ခဲ့သည့် မြို့ဖြူတော်ခံတပ်ဖြစ်ပြီး ထို့နေရာတွင်  မဟာမိတ်နှင့် ဂျပန်စစ်သား (၃၀ဝ၀)ကျာ် သေဆုံးခဲ့ကြကာ ယနေ့အချိန်အထိ ကျဆုံးစစ်သားတွေရဲ့ ဆွေမျိုးတွေ၊ သမိုင်းစိတ်ဝင်စားသူတွေ လာရောက်လည်ပတ် လေ့လာကြကြောင်း သိရသည်။
ကိုမင်း(အင်းတော်)