မေ ၁၃

 

Two-thirds of the longest rivers no longer flow freely—and it's harming us

ကမ္ဘာပေါ်ရှိ အရှည်လျားဆုံးမြစ်ကြီးများ၏ သုံးပုံ နှစ်ပုံမှာ လွတ်လပ်စွာ စီးဆင်းခြင်းမရှိတော့ရာ ယင်းမှာ ကမ္ဘာ့ပြည်သူများကို ထိခိုက်နစ်နာစေပါသည်။

A new study warns that many of the benefits rivers provide, from water to food to flood control, are increasingly at risk thanks to dams and diversions.

သောက်သုံးရေမှ အစားအသောက်အထိ၊ ယင်းမှ မြစ် ရေထိန်းသိမ်းမှုအထိ မြစ်များကြောင့်ဖြစ်ပေါ်လာ သည့် အကျိုးကျေးဇူးများမှာဆည်များ၊ တာတမံများကြောင့် ဆိုးရွားလာသည့် အန္တရာယ်များနှင့် ကြုံတွေ့ နေရကြောင်း လေ့လာမှုအသစ်တစ်ရပ်က သတိပေး ထားပါသည်။

 

ကမ္ဘာပေါ်ရှိ အရှည်လျားဆုံး မြစ်ကြီးများ၏ သုံးပုံ တစ်ပုံသာ အဟန့်အတားမရှိဘဲ လွတ်လပ်စွာ စီးဆင်း လျက်ရှိကြောင်း၊ ဥပမာအားဖြင့် အာရှတိုက်ရှိ မိုင် ၁၇၀၀ ကျော် ရှည်လျားသည့် သံလွင်မြစ်ကဲ့သို့ မြစ်ကြီးအနည်း ငယ်မျှသာ လွတ်လပ်စွာ စီးဆင်းလျက်ရှိကြောင်း၊ မိုင် ၆၀၀ အထက်ရှည်လျားပြီး လွတ်လပ်စွာ စီးဆင်းနေသည့် မြစ်အများစုမှာ ဝေးလံပြီး အစွန်အဖျားကျသည့် အာတိတ် ဒေသ၊ အမေဇုန်နှင့် ကွန်ဂိုမြစ်ဝှမ်းဒေသတို့၌သာ တွေ့မြင် နိုင်တော့ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြခဲ့ ပါသည်။

 

မြစ်ကြီးများ၏ လွတ်လပ်စွာ စီးဆင်းခွင့်

 

လူသားတို့ တည်ဆောက်သည့် ဆည်များ၊ ရေကာတာ များကြောင့် ကမ္ဘာ့မြစ်ကြီးများကို အပိုင်းပိုင်းဖြစ်စေခြင်းမှာ လူသားနှင့် တောရိုင်းတိရစ္ဆာန်တို့၏ ရှင်သန်ရေးအတွက် အရေးပါသည့် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် ခြိမ်း ခြောက်လျက်ရှိသည်ဟု သိပ္ပံပညာရှင်များက သတိပေး လျက်ရှိကြပါသည်။ လွတ်လပ်စွာစီးဆင်းလျက်ရှိသည့် မြစ်များသည် သန်းပေါင်းရာပေါင်းများစွာသော လူတို့ အတွက် စားနပ်ရိက္ခာများ ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးရေး အတွက်အရေးပါသည့် အနည်ပို့ချမှုများသာမက ရေကြီး ရေလျှံမှုများ၊ မိုးခေါင်မှုများ၏ အကျိုးဆက်များကို လျော့နည်းစေခြင်းကြောင့် ဇီဝမျိုးကွဲများ၏ ပြည့်စုံကြွယ်ဝ မှုကို အထောက်အကူပြုစေပါသည်။

 

ဖော်ပြပါလေ့လာမှုအသစ်မှာ မြစ်များ၏ ဆက်နွှယ်မှုနှင့် ပတ်သက်၍ ပြည့်စုံခိုင်မာစွာ သုတေသနပြုထားသည့် သုံးသပ်ချက်ဖြစ်ပြီး တစ်ချိန်တည်းတွင် လူသားတို့အနေ ဖြင့် ကမ္ဘာပေါ်ရှိ လွတ်လပ်စွာစီးဆင်းလျက်ရှိသည့် အရှည် လျားဆုံးမြစ်များကို ဆုံးရှုံးလျက်ရှိကြောင်း ပြသနေ သည်ဟု ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ်ရှိ မက်ဂီးလ် တက္ကသိုလ်နှင့် ပူးပေါင်း၍ လေ့လာမှုစီမံကိန်းကို ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့တောရိုင်းရန်ပုံငွေအဖွဲ့၏ ရေချိုဆိုင်ရာ ဦးဆောင်သိပ္ပံပညာရှင်ဖြစ်သူ မိုက်ကယ်သီယမ် က ပြောကြားခဲ့ပါသည်။

 

အဆိုပါလေ့လာမှုအရ ကမ္ဘာပေါ်ရှိ အရှည်လျားဆုံး မြစ်ကြီးများ၏ သုံးပုံတစ်ပုံခန့်သာ အဟန့်အတားမရှိဘဲ လွတ်လပ်စွာစီးဆင်းလျက်ရှိကြကြောင်း၊ မိုင် ၆၀၀ အထက်ရှည်လျားပြီး လွတ်လပ်စွာ စီးဆင်းနေသည့် မြစ် အများစုမှာ ဝေးလံခေါင်ဖျားသည့် အမေဇုန်နှင့် ကွန်ဂိုမြစ် ဝှမ်းနှင့် အာတိတ်ဒေသတို့၌သာရှိကြကြောင်း၊ ကမ္ဘာ့တိုက်ကြီးများအလိုက် လွတ်လပ်စွာစီးဆင်းနေသည့် မြစ်ကြီးများကို မြောက်အမေရိကတိုက်၌ ၂၅ ရာခိုင်နှုန်း၊ ဥရောပတိုက်၌ ၁၂ ရာခိုင်နှုန်း၊ အာရှတိုက်၌ ၃၃ ရာခိုင် နှုန်း၊ အာဖရိကတိုက်၌ ၄၇ ရာခိုင်နှုန်း၊ တောင်အမေရိက တိုက်၌ ၅၁ ရာခိုင်နှုန်းနှင့် ဩစတြေးလျတိုက်၌ ၆၀ ရာခိုင်နှုန်းတို့ အသီးသီးတွေ့ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပါသည်။

 

မြောက်အရီဇိုးနားတက္ကသိုလ်ရှိ ရေအရင်းအမြစ် ဆိုင်ရာ ပထဝီပညာရှင်တစ်ဦးဖြစ်သူ ဒင်နီရယ်ပယ်ရီက မြစ်ကြီးများမှာ မြေကမ္ဘာ၏ အသက်သွေးကြောများပင်ဖြစ် ကြကြောင်း၊ မြစ်ကြီးများ လွတ်လပ်စွာစီးဆင်းခြင်း၏ အကျိုးကျေးဇူးများမှာ ရေတွက်၍ပင် မကုန်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

ဂြိုဟ်တုဓာတ်ပုံဖော်ပြချက်များနှင့် အခြားသော အချက်အလက်များကိုအသုံးပြုလျက် နိုင်ငံတကာ သုတေသနပညာရှင် ၃၄ ဦးတို့က ကမ္ဘာတစ်ဝန်းရှိ မြစ် များ၏ အရှည်စုစုပေါင်း မိုင် ၇ ဒသမ ၅ သန်းကို မှတ်တမ်းတင် ဓာတ်ပုံများပြုစုခဲ့ကြပါသည်။ ယင်းလေ့လာ မှုကို ဦးဆောင်သည့် မက်ဂီးလ်တက္ကသိုလ်မှ ပထဝီပညာရှင် ဂွန်သာဂရီးလ်က ဆယ်စုနှစ်တစ်ခုစာ မှတ်တမ်းပြုစုထားရှိချက်များနှင့် ပြင်ဆင်ထားရှိမှုများကို စုစည်းသည့်ရလဒ် ပင်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့ထုတ် သဘာဝသိပ္ပံဂျာနယ်၌ ဖော်ပြခဲ့ပါသည်။

 

သုတေသနပညာရှင်များ၏ လေ့လာချက်အရ မြစ် ကြီးများမှာ အလျားပိုမိုရှည်လျားသည်နှင့်အမျှ ယင်းတို့ အပေါ် (လူသားတို့၏) ပြုပြင်မှု၊ အတားအဆီးပြုမှု ပိုမို များပြားတတ်ကြောင်း၊ ကမ္ဘာတစ်ဝန်း အရှည် ၆၂ မိုင် (၁၀၀ ကီလိုမီတာ) ထက် ပိုမိုရှည်လျားခြင်း မရှိသည့် မြစ် များ၏ ၉၇ ရာခိုင်နှုန်းမှာ လွတ်လပ်စွာစီးဆင်းနေဆဲဖြစ် သော်လည်း အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အနောက်ဥရောပနှင့် ကမ္ဘာ့အခြားသောဒေသများရှိ အလျားမိုင် ၃၀၀ အထက် ရှည်လျားသည့် မြစ်ကြီးများ အနက် အနည်းငယ်မျှသာ လွတ်လွတ်လပ်လပ် စီးဆင်း လျက်ရှိကြကြောင်း တွေ့ရှိရသည်။

 

လွတ်လပ်စွာ စီးဆင်းခွင့်၏ အနှောင့်အယှက်များ

 

အဆိုပါလေ့လာမှုအရ မြစ်များအပေါ် အဓိကအဟန့် အတားဖြစ်စေသည်မှာ ရေကာတာများ၊ ဆည်များ ဖြစ်ကြ သော်လည်း ရေသွယ်ယူမှု၊ အနည်ကျမှုတို့ကလည်း ကမ္ဘာ အနှံ့ရှိ မြစ်အများအပြားတို့၏ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေကြောင်း တွေ့ရှိရပါသည်။ လေ့လာသုံးသပ်ချက် များအရ ကမ္ဘာတစ်ဝန်းလုံး၌ အရွယ်အစားကြီးမားသည့် ဆည်ပေါင်း ၆၀၀၀၀ ကျော်ရှိနေပြီး ဆောက်လုပ်နေဆဲ (သို့မဟုတ်) ဆောက်လုပ်ရန် စီစဉ်ထားသည့် ဆည်ပေါင်း ၃၇၀၀ ကျော်ရှိကြောင်း၊ ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ရန်ပြင်ဆင်လျက်ရှိသည့် အရေအတွက်မှာ ယင်းထက်ပိုမိုများပြားနိုင်ကြောင်း၊ ဥပမာအားဖြင့် “ဥရောပ၏ အသည်းနှလုံးပြာကို ကယ်ဆယ်ရေး” လှုပ်ရှား မှုအုပ်စု၏ အစီရင်ခံစာအရ အရှေ့ဥရောပရှိ ဘော်လ်ကန် ဒေသတစ်ခုတည်း၌ပင် ရေအားလျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းပေါင်း ၃,၀၀၀ ခန့်ရှိနေကြောင်း သိရှိရပါသည်။

 

လွတ်လပ်စွာစီးဆင်းလျက်ရှိသည့် ရှည်လျားသော မြစ်ကြီးများကို လူသူအရောက်အပေါက်နည်းပါးပြီး ယခင် ကာလများက ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက် ရန် မလွယ်ကူလှသည့်ဒေသများ၌ တွေ့ရှိရတတ်ပါသည်။ သို့ရာတွင် အင်ဂျင်နီယာပိုင်းနည်းပညာများ တိုးတက်ဖြစ် ပေါ်လာသည်နှင့်အမျှ ယင်းအနေအထားမှာ ပြောင်းလဲလာ လျက်ရှိပါသည်။ ကမ္ဘာ့အရှည်လျားဆုံးမြစ်ဝှမ်းဒေသဖြစ် သည့် တောင်အမေရိကတိုက်မှ အမေဇုန်မြစ်ဝန်းဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၅၀၀ ခန့် စီစဉ်လျက်ရှိရာ ယင်းသည် ဂေဟစနစ်တစ်ခုလုံးကို လုံးဝပြောင်းလဲစေ မည်ဖြစ်ကြောင်း ယင်းဒေသ၌ လုပ်ငန်းကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့သည့် ပထဝီပညာရှင်ပယ်ရီက ပြောကြားခဲ့ပါသည်။

 

အာဖရိကတိုက်၌ နိုင်ငံပေါင်းများစွာသည် စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေအား လျှပ်စစ်ဘက်သို့ ဦးတည်လာကြပါသည်။ သို့ရာတွင် အချို့သော စီမံကိန်းများမှာ ဆင်ခြင်တုံနည်းပါးစွာ အကြံပြုထားခြင်းဖြစ်ကြောင်း ဝေဖန်သူများက ပြောကြား ကြပါသည်။ သာဓကအနေဖြင့် အာဖရိကတိုက်တောင်ပိုင်း ရှိ လွတ်လပ်စွာစီးဆင်းနေသည့် ရှည်လျားသော မြစ်ကြီး များအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဇမ်ဘီယာနိုင်ငံ၏ လွမ်ဂွါမြစ်ပေါ်၌ တည်ဆောက်မည့် ရေကာတာစီမံကိန်းမှာ ရာသီလိုက် မြစ်ရေအတက်အကျများကြောင့် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ ရဖွယ်ရှိသည်ဟု စိုးရိမ်မကင်းဖြစ်လျက်ရှိကြပါသည်။

 

ယင်းနေရာ၌ ရေကာတာတည်ဆောက်မည့်ကိစ္စမှာ အဓိပ္ပာယ်ကင်းမဲ့ကြောင်း၊ အဆိုပါရေကာတာအနေဖြင့် ကြီးမားသည့် ဒေသနေရာများကို ရေလွှမ်းစေမည့်အပြင် ထောင်ပေါင်းများစွာသော ဒေသခံများကို ရွှေ့ပြောင်း အခြေချစေရုံသာမက ခြင်္သေ့များ၊ ဆင်များ၊ အခြားသောတောရိုင်းတိရစ္ဆာန်များအတွက် များစွာပျက်စီးမှုမရှိ သေးသည့် အဓိကမှီတင်းရာများကိုလည်း ဆုံးရှုံးစေမည် ဖြစ်ကြောင်း ရေချိုဆိုင်ရာသိပ္ပံပညာရှင် မိုက်ကယ်သီယမ် က ပြောကြားခဲ့ပါသည်။

 

အရှေ့တောင်အာရှဒေသရှိ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေး အတွက် အလားအလာကြီးမားသော နေရာတစ်ခုဖြစ်သည့် မဲခေါင်မြစ်နှင့် ယင်း၏ မြစ်လက်တက်များတစ်လျှောက် လာအိုတစ်နိုင်ငံတည်းက ရေကာတာပေါင်း ၅၀ ထက် မနည်း တည်ဆောက်ရန်စီစဉ်ထားကြောင်း၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သည့် ‘မဲခေါင်မြစ်၏ အံ့ဩဖွယ်ရာများ’ဟု အမည်ရသည့် သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့သည့် နီဗားဒါး တက္ကသိုလ်၊ ငါးများဆိုင်ရာ ဇီဝပညာရှင် ဇက်ဘ်ဟိုဂန်က ရေကာတာအများအပြား တည်ဆောက်မှုကြောင့် တဖြည်း ဖြည်းချင်း မဲခေါင်မြစ်အပိုင်းပိုင်းဖြစ်လာပြီး ၎င်း၏ လုပ်ငန်းဆောင်ရွက်ချက်များ ပျက်ပြားကာ ယင်းအပေါ် မှီခိုနေသည့် သန်းပေါင်းများစွာ ဒေသခံများ၊ ကြီးမားလှ သည့် တောရိုင်းဇီဝမျိုးကွဲများအပေါ် အထောက်အပံ့ ပြုနိုင် ခြင်းမရှိတော့မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ငါးအုပ်များအရေအတွက် ကျဆင်းလာခဲ့ခြင်း

 

ရေအားလျှပ်စစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်း မြစ်တစ်ခုဖြစ်သည့်အားလျော်စွာ အားပေးထောက်ခံသူ များက ရေအားလျှပ်စစ်ကို ရာသီဥတုပြောင်းလဲမှု တိုက် ဖျက်ရေးအတွက် အစားထိုးတစ်ခုအဖြစ် အသုံးပြုသင့် ကြောင်း မကြာခဏ ဖော်ပြလေ့ရှိကြပါသည်။ သို့ရာတွင် သိပ္ပံပညာရှင်များ၊ အထူးသဖြင့် ငါးများနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို အလေးပေးလုပ်ဆောင်နေသူများက ယင်းအယူအဆကို လက်သင့်မခံကြပေ။ နယ်သာလန်နိုင်ငံ ဂရိုနင်ဂန်ရှိ ငါးများရွှေ့ပြောင်းသွားလာမှုလေ့လာရေးဆိုင်ရာ ကမ္ဘာ့ဖောင်ဒေးရှင်းမှ တီထွင်ဖန်တီးမှုဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဂေဟပညာရှင်တစ်ဦးဖြစ်သူ ဟာမန်း ဝမ်နင်ဂမ်က ရေအားလျှပ်စစ်သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ရေကာတာတစ်ခုတည်ဆောက် လိုက်သည့်အခါ လွတ်လပ်စွာစီးဆင်းနေသည့် မြစ်သည် ရုတ်ခြည်းဆိုသလို ကောင်းစွာစီးဆင်းခြင်းမရှိတော့သည့် ရေလှောင်ကန်တစ်ခုဖြစ်သွားပြီး တိရစ္ဆာန်များအတွက် သဘာဝမှီတင်းရာများလည်း ပျောက်ကွယ်ကုန်ကြောင်း၊ ယင်းတို့နှင့်အတူ ငါးများလည်း ပျောက်ဆုံးကုန်ကြောင်း၊ ထို့ထက်ဆိုးရွားသည်မှာ ရေကာတာများ တည်ဆောက် ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရေလှောင်ကန်များ အတွင်း ရှိ ရေများသည် လွတ်လပ်စွာစီးဆင်းရခြင်းမရှိသည့် အလျောက် ပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှု ပြဿနာကို ပိုမိုဆိုးရွားစေကြောင်း ဝမ်နင်ဂမ်က ပြော ကြားခဲ့ပါသည်။

 

ဆည်ကြီးများ၊ ရေကာတာများသည် ရာသီအလိုက် ပြောင်းရွှေ့သွားလာတတ်သည့် ငါးအုပ်များကို ယင်းတို့ အတွက် အရေးပါသည့် ဥချရန်နေရာများသို့ အရောက် မသွားနိုင်အောင် အကျပ်အတည်းများ ဖြစ်စေပါသည်။ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ ကိုလံဘီယာ ကဲ့သို့ မြစ်များအနေဖြင့် ကမ္ဘာအနှံ့လှည့်လည်သွားလာ နေသည့် ဆာလ်မွန်ငါးကြီးများအတွက် တစ်ချိန်က အဓိကမှီတင်းရာဖြစ်ခဲ့သော်လည်း အဆိုပါမြစ်ကြီးများကို ပိတ်၍ ရေကာတာများ ဆောက်လုပ်ပြီးချိန်တွင် ငါးအုပ် များကို မတွေ့ရ သလောက်အနေအထားဖြစ်ပေါ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၌ ‌ကဲကျူးပါးနှင့် မြစ်ကြီးသုံးသွယ် ရေကာတာ များကဲ့သို့ ကြီးမားလှသည့် ရေအားလျှပ်စစ်စက်ရုံများ တည်ထောင်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်၌ အကြီးမားဆုံး ရေချိုမြစ်ကြီးများ မျိုးစိတ်တစ်ခုဖြစ်သည့် ပိုလီယို ဒွန်တီ ဒေးမျိုးရင်းဝင် လှော်တက်ငါးကြီးများမှာ မျိုးသုဉ်းလု နီးပါး ဖြစ်ခဲ့ရပါသည်။

 

ကမ္ဘာပေါ်၌ ဝင်ရိုးစွန်းများနှင့်ဝေးကွာပြီး အခြောက် သွေ့ဆုံး တိုက်ကြီးတစ်ခုဖြစ်သည့် ဩစတြေးလျတိုက်ပေါ် ၌ မြစ်အများစုကို ရေသွယ်ယူရေးလုပ်ငန်းများအတွက် ပြောင်းလဲအသုံးချထားသဖြင့် မြစ်အတွင်းမှ ငါးများသည် မကြာခဏဆိုသလို ပိုမိုသစ်လွင်ပြီး အရည်အသွေး ပိုနိမ့်သော မှီတင်းရာများသို့ ပြောင်းရွှေ့ရတတ်ပါသည်။ ၂၀၁၉ ခုနှစ်ဆန်းပိုင်းတွင် ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း မာရေး-ဒါလင် မြစ်ဝှမ်းဒေသအတွင်း ရေစီးရေလာ နှေးကွေးမှုကြောင့် မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မာရေးကော့ဒ်ငါးများအပါအဝင် ငါး ပေါင်း တစ်သန်းခန့်သေဆုံးမှုအတွက် တွန်းအားပေးခဲ့ ကြောင်း၊ ရေများ အလွန်အကျွံထုတ်ယူသုံးစွဲမှုကလည်း မြစ် ရေစီးရေလာနှေးကွေးမှု၌ အကြောင်းရင်းတစ်ရပ် အဖြစ် ပါဝင်ကြောင်း သိရှိရပါသည်။

 

ဆစ်ဒနီမြို့ရှိ ချားလ်စတက်တက္ကသိုလ်မှ ရေချိုငါး ဆိုင်ရာ ဂေဟပညာရှင် လီဘောင်းဂါ့သ်နာက ဩစတြေး လျနိုင်ငံ၏ လက်ရှိအချိန်ရှိ ရေချိုငါးအရေအတွက်မှာ စက်မှုလုပ်ငန်း တိုးတက်ဖြစ်ပေါ်မှုမတိုင်မီကရှိခဲ့သည့် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ စက်မှုလုပ်ငန်း တိုးတက်ဖြစ်ပေါ်မှုများ စတင်ခြင်းနှင့် အတူ ဩစတြေးလျနိုင်ငံ၏ မြစ်ကြီးများမှာလည်း ပြောင်း လဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 

အခြေအနေ ပြောင်းလဲလာမှု

 

ကမ္ဘာ့ဒေသအချို့၌ ရေအားလျှပ်စစ်ဖွံ့ဖြိုးရေး စီမံကိန်းများမှာ အရှိန်အဟုန်မြင့်မားဆဲ ဖြစ်သော်လည်း အချို့သောဒေသများ၌ အရှိန်အဟုန်လျော့ကျလာလျက် ရှိပါသည်။ တစ်ချိန်က အခြားသောနိုင်ငံများထက် ရေကာတာအရေအတွက် ပိုမိုများပြားခဲ့သည့် တရုတ် နိုင်ငံ၌ သံလွင်မြစ်အထက်ပိုင်းရှိ စီမံကိန်းများအပါအဝင် ပြည်တွင်းရေအားလျှပ်စစ်စီမံကိန်း အများအပြားကို ဖျက်သိမ်းခဲ့ပါသည်။

 

ယခုအချိန်အထိ ဥရောပတိုက်၌ လွတ်လပ်စွာ စီးဆင်းနေသည့် မြစ်များကို ဘော်လ်ကန်ဒေသ၏ အချို့ သောအစိတ်အပိုင်းများ၌ အများဆုံးတွေ့နေရပြီး ယင်း ဒေသများ၌ ရေကာတာအမြောက်အမြားတည်ဆောက် မည့် စီမံကိန်းများရှိနေပါသည်။ အချို့သောရေကာတာ စီမံကိန်းများမှာ အမျိုးသားဥယျာဉ်များအတွင်းနှင့် အခြား သော ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဒေသများ အတွင်း ကျရောက်နေသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားတက်ကြွသူများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပြီး အောင်မြင်မှုအချို့လည်း ရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ် စောစောပိုင်းက ကိုဆိုဗို၌ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်မှုစီမံကိန်းအပေါ် ကြီးမားသည့် လူစုလူဝေးဖြင့် ကန့်ကွက်မှုများကြောင့် တာဝန်ရှိသူတို့မှ ရေကာတာအသစ်များ တည်ဆောက်မှုအပေါ် တားမြစ်မိန့် ထုတ်ပြန်ခဲ့ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

 

ဘော်လ်ကန်ဒေသ၌ ငါးများပြန်လည်ထိန်းသိမ်းရေးကိစ္စများအပေါ် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည့် သဘာဝသယံဇာတထိန်းသိမ်းရေးအဖွဲ့မှ ဇီဝမျိုးကွဲများ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဂျွန်ဇာဘလော့ခီက ယင်း အချက်ကို ကြိုဆိုခဲ့သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူများအနေဖြင့် လက်တွေ့ ကျသည့် ချဉ်းကပ်မှုမျိုး ချမှတ်သင့်ကြောင်း၊ အယ်ဘေး နီးယားကဲ့သို့ အရှေ့ဥရောပနိုင်ငံ တစ်နိုင်ငံအနေဖြင့် ယင်း၏ လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းနီးပါးကို ရေအားလျှပ်စစ်မှရရှိနေရာ ယင်းကဲ့သို့ အခြေအနေမျိုး တွင် ရေအားလျှပ်စစ်ကို လုံးဝဖယ်ရှားရေးမှာ လက်တွေ့ မကျလှကြောင်း၊ သို့ဖြစ်၍ အခြားသောရွေးချယ်ရာများကို ရှာဖွေရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

အမေရိကန်ပြည်ထောင်စု၌ အရွယ်အစားမျိုးစုံသည့် ရေကာတာပေါင်း ၈၀,၀၀၀ ကျော်ရှိပြီး နိုင်ငံ၏ စွမ်းအင် ၇ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှရရှိပါသည်။ အမေရိကန် ပြည်ထောင်စုအတွင်း ရေအားလျှပ်စစ် စက်ရုံအသစ်များ ထပ်မံတည်ဆောက်ရန် စီမံကိန်းများမရှိတော့သည့်အပြင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆည်များ၊ ရေကာတာ များကို ဖျက်သိမ်း၍ မြစ်များကို မူလအနေအထားရောက် ရှိစေရန် အားကျိုးမာန်တက်ကြိုးပမ်းခဲ့ကြရာ ယခုအချိန် အထိ တစ်နိုင်ငံလုံးမှ ရေကာတာပေါင်း ၁၅၀၀ နီးပါးကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

ယင်းတို့အနက် ပစိဖိတ်အနောက်မြောက်ဘက် အယ်လ်ဝါမြစ်ပေါ်၌ တည်ဆောက်ထားသည့် အယ်လ်ဝါနှင့် ဂလိုင်းစ်လျှိုမြောင် ရေကာတာနှစ်ခုတို့ကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အသီးသီးဖယ်ရှားခဲ့ပြီးဖြစ်ရာ ယင်း နောက်ပိုင်းတွင် မြောက်ပစိဖိတ်ဒေသ အသားနီ ဆာလ်မွန် ငါးများ၊ ဘူးလ်ထရောက်ငါးများအပါအဝင် ငါးမျိုးစိတ် အများအပြား အယ်လ်ဝါမြစ်အတွင်းသို့ ပြန်လည်ရောက်ရှိ လာကြပါသည်။

 

အနောက်ဥရောပနိုင်ငံများ၌ အဆိုပါဆည်များ၊ ရေကာတာများကိုဖယ်ရှားမည့် စီမံကိန်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိကြသည်။ သာဓကအားဖြင့် ပြင်သစ် နိုင်ငံ၌ နော်မန်ဒီဒေသရှိ ဆယ်လွမ်းမြစ်ကို အခြေပြု တည်ဆောက်ထားသည့် ရေကာတာနှစ်ခုကို မကြာမီ ကာလတွင် ဖယ်ရှားသွားရန် ပြင်ဆင်လျက်ရှိပါသည်။ “ဥရောပရှိ ရေကာတာများ ဖယ်ရှားရေး” အမည်ရှိသည့် စီမံကိန်းတစ်ခုမှာလည်း ဥရောပတစ်ခွင်ရှိ ဟောင်းနွမ်း နေသည့် (သို့မဟုတ်) ခေတ်နှင့်လိုက်လျောညီထွေ မရှိတော့သည့် ရေကာတာပေါင်း ၃၀၀၀၀ တို့အား ရှင်းလင်းမှုအပေါ် အလေးဂရုပြုလျက်ရှိပါသည်။ အဆိုပါ စီမံကိန်း၌ ပါဝင်ပတ်သက်လျက်ရှိသည့် ဝမ်နင်ဂမ်က ယင်းစီမံကိန်းကို အကောင်အထည်ဖော်ပြီးချိန်တွင် မြစ် ကြောင်းတစ်လျှောက် သဘာဝမှီတင်းရာနေရာသစ်များ ကီလိုမီတာထောင်နှင့်ချီ၍ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ဆွီဒင်နိုင်ငံ အူမေယာတက္ကသိုလ်မှ မြေပြင်အသွင် အပြင်ဆိုင်ရာ ပတ်ဝန်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ခရိုက်စ် တာ နီလ်ဆင်က ကမ္ဘာတစ်ဝန်း မြစ်ကြီးများ ဆက်နွှယ်မှု ဆိုင်ရာ အခြေခံအချက်အလက်များသည် အစိုးရအဖွဲ့များ နှင့် အခြားသောတာဝန်ရှိသူများအတွက် ကမ္ဘာ့မြစ်ကြီးများ ကို ရေရှည်တည်တံ့ကောင်းမွန်အောင် ထိန်းသိမ်းရေး အစီအစဉ်များရေးဆွဲရန် အထောက်အကူပြုစေမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

 

လူတို့သည် မြစ်ကြီးများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဂေဟစနစ်ဆိုင်ရာ တန်ဖိုးများကို ယခင်ကထက် ပိုမို နားလည်လာသည့်အပြင် ဆည်များ၊ ရေကာတာများ တည်ဆောက်မှုအတွက် တန်ဖိုးတစ်စုံတစ်ရာ ပေးဆပ်ရ မည်ကိုလည်း သဘောပေါက်လာကြပါသည်။ ယင်းကဲ့သို့ တည်ဆောက်မှုများမှာ ကောင်းမွန်သည့် အယူအဆ မဟုတ်ကြောင်း နားလည်သဘောပေါက်လာချိန်တွင် အတော်များများ ပျက်စီးနေပြီး ဖြစ်သည်ဆိုသည်မှာ ဝမ်းနည်းစရာကောင်းသည့်အချက်ပင်ဖြစ်တော့သည်။ ။

 

Ref: Stefan Lovgren. “Two-thirds of World’s longest rivers no longer flow freely--and it’s harming us.” National Geographic: 08 May 2019.

ကောင်းမွန်