အောက်တိုဘာ ၂

ကမ္ဘောဒီးယားနိုင်ငံ၏ ကျော်ကြားသော အန်ကောဝပ်ရှေးဟောင်းသုတေသနဉယျာဉ်သို့ ယခုနှစ်ပထမကိုးလအတွင်း နိုင်ငံတကာခရီးသွား ၇၀၅၂၆၉ ဦး လာရောက်လည်ပတ်ခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလက လာရောက်လည်ပတ်မှုနှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၇၇ ရာခိုင်နှုန်း အနည်းငယ်မြင့်တက်လာသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါရှေးဟောင်းသုတေသနဉယျာဉ်နေရာသည် ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း လက်မှတ်ရောင်းချမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇ သန်းရရှိခဲ့ပြီး ၀ ဒသမ ၅၇ ရာခိုင်နှုန်း အနည်းငယ် မြင့်တက်လာသည်ဟု နိုင်ငံပိုင် အန်ကောလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်စက်တင်ဘာလတွင် နိုင်ငံခြားခရီးသွားဦးရေ ၃၅၆၅၀ ကို ဆွဲဆောင်ခဲ့ပြီး ဒေါ်လာ ၁ဒသမ ၆၄ သန်း ရရှိကာ လွန်ခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

အန်ကောဝပ်ရှေးဟောင်းသုတေသနဉယျာဉ်သည် နိုင်ငံအနောက်မြောက်ပိုင်း စီရမ်ရိပြည်နယ်တွင် တည်ရှိပြီး ယူနက်စကိုစာရင်းဝင်ဖြစ်ပြီး ကိုးရာစုမှ ၁၃ ရာစုနှစ်အထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်းပေါင်း ၉၁  ကျောင်းရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို