မနီလာ     အောက်တိုဘာ    ၇

ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်  ဒုတိယအဆင့်ကို ဆောင်ရွက်ရန်  ရန်ပုံငွေ ကန်ဒေါ်လာ ၈၂ ဒသမ ၅ သန်းကို အတည်ပြုခဲ့ကြောင်း  အာရှဖွံ့ဖြိုးရေးဘဏ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားသည်။

နိုင်ငံ၏ သန့်ရှင်းစွမ်းအင်အသွင်ကူးပြောင်းရေးကို မြှင့်တင်ရေးအတွက် ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကာ ၎င်းအစီအစဉ်၏ လုပ်ငန်းများအောင်မြင်ရေးအတွက် မူဝါဒဆိုင်ရာပြုပြင် ပြောင်းလဲမှု၊ နည်းပညာဆိုင်ရာပံ့ပိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့်  စွမ်းအင်အသွင်ကူးပြောင်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ပထမပိုင်းတွင် စွမ်းအင်ကဏ္ဍအတွက် ထိရောက်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စွမ်းအင်အသွင် ကူးပြောင်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  အစီအစဉ်ဒုတိယအဆင့်အရ  စွမ်းအင်ကဏ္ဍတွင်  ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို  ဖိတ်ခေါ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၇ ခုနှစ်တွင် ဆောင်ရွက်မည့် စွမ်းအင်အသွင်ကူးပြောင်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် တတိယပိုင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ လုပ်ငန်းမူဘောင်နှင့် နည်းပညာကဏ္ဍများကိုမြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။                            

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ