ရန်ကုန် နိုဝင်ဘာ ၂
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်း မြို့နယ် ကမာပါကျေးရွာ ဗိုလ်ချုပ်လမ်းဘေးရှိ တောင်သူ ဦးဝင်းကြည်၏ လယ်မြေ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Drum Seeder ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သက်သာစေခြင်းနှင့် သီးနှံများ ညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားပြီး တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှုကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများနှင့် တာဝန်ရှိသူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကိုပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Drum Seeder များအကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသပြီး မိုးစပါးစံကွက် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားတွင် Drum Seeder များ၊ ဓာတ်မြေဩဇာများ၊ စပါးမျိုးစေ့နမူနာများ၊ ကောက်ရိုးထုံးစက်နှင့် ကောက်ရိုးထုံးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အနိမ့်တင်ဆိုလာ ၁၄ ချပ်တွဲနှင့် ၂ ချပ်တွဲ ရေတင်စက်များကို ပြသထားသည်။
ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးဝင်းကြည်၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း ၁၁၄ ဒသမ ၅၆ တင်း ထွက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


