ဆူးငှက်

မန္တလေး ရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ( ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုန်းမင်းကြီး တည်ထောင်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့ အကြံအစည်နှင့် လုံ့လတွေက အများကြီးပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။ ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု အောက်က ရုန်းထွက်ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊ နှလုံးရည် ပါဝင်ခဲ့တယ်ဆိုတာက လည်း အသေအချာပါ။

 

တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်

ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရ အိမ်ရှေ့စံ ကနောင်မင်းသားကြီးအနေနဲ့ တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေးဆောင်ရွက်လာတယ်။ ဒီလို အမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနဲ့ သိမ်းပိုက်ထားတာ သရက်မြေထဲအထိ ရောက်နေပြီမဟုတ်ပါလား။ အချိန်မရွေး အမြောက်တင်စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုန်းမင်းကြီးကလည်း တိုင်းရေး ပြည်ရေး၊ သံရေး တမန်ရေးအပြင် ဘာသာသာသနာထွန်းလင်းတောက်ပ ရေးအတွက်ထိ ဆောင်ရွက်နေသလို ညီတော်ကနောင်မင်းသားကလည်း ခေတ်မီတပ်မတော် တည်ဆောက်ရေး နှင့် စက်မှုနိုင်ငံထူထောင်ရေးကို အားစိုက်နေပါတယ်။

 

လက်ရွေးစင် ပညာတော်သင်

 

ဒါကြောင့်လည်း နိုင်ငံခြားတိုင်းကြီးပြည်ကြီးများမှာ ထွန်းကားနေပြီဖြစ်တဲ့ စက်မှုလက်မှုသိပ္ပံပညာရပ်တွေကို လေ့လာသင်ကြားနိုင်ဖို့ လက်ရွေးစင်ပညာတော်သင် အယောက် ၉၀ ကျော်ကို အိမ်ရှေ့စံကိုယ်တော်တိုင် ရွေးချယ်ပြီး နိုင်ငံအသီးသီးကို စေလွှတ်ခဲ့တယ်။ ဒီပဲရင်းဝန်ထောက် ဦးမြနဲ့ ညီဦးခဲ၊ ဖန်ချက်ဝန်ဦးဖန်၊ ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူတို့ဟာ ထင်ရှားတဲ့ ပညာတော်သင်တွေပါ။ ဒီနောက်လည်း ပညာတော်သင်တွေ ဆက်လက်စေလွှတ်ပါသေးတယ်။ ဒီနောက် ငါးနှစ်စီမံကိန်းရေးဆွဲပြီး ရတနာပုံနေပြည်တော်တစ်ဝန်းမှာ စက်ရုံတော် ၅၀ ကျော် တည်ဆောက်ခဲ့ပါတယ်။ ဒင်္ဂါးစက်ရုံတော်၊ ရက်ကန်းစက်ရုံတော်၊ ဆန်ကြိတ် စက်ရုံတော်၊ လက်နက်စက်ရုံတော်၊ လွှစက်ရုံတော်၊ သကြားချက်စက်ရုံတော်၊ မဲနယ်စက်ရုံတော်၊ သံဖိုစက်ရုံတော်၊ ဂွမ်းကြိတ်စက်ရုံတော်၊ စာပုံနှိပ်စက်ရုံတော် စသည်ဖြင့် ပါဝင်တယ်။ ဒီစက်ရုံတော်တွေထဲမှာ အင်္ဂလိပ်ရေတပ်နဲ့ယှဉ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သင်္ဘောစက်ရုံတော်လည်း တည်ထောင်ခဲ့တယ်။

 

ရတနာပုံစက်ရုံတော်

ခေတ်မီ မြန်မာ့ရေတပ်မတော်ကြီး တည်ထောင်ဖို့အတွက် ကနောင်မင်းသားကြီးက ရွှေမြို့တော်ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းနဖူး ပန်းဆက်တံခါးအထွက်မှာ “ရတနာပုံသင်္ဘောကျင်း(ခေါ်) ရတနာပုံစက်ရုံတော်”ကို သက္ကရာဇ် ၁၂၂၆ ခုနှစ် (ခရစ်-၁၈၆၄ ခုနှစ်)မှာ တည်ထောင်ခဲ့တာပါ။ ရတနာပုံသင်္ဘောကျင်းအပါအဝင် စက်ရုံတော်ပေါင်း ၅၀ ကျော်ကို စက်ရုံဌာနအဖြစ် ဖွဲ့စည်းပြီး သားတော် သီရိမဟာသုဓမ္မရာဇာမက္ခရာ မင်းသားကို အုပ်ချုပ်စေခဲ့တယ်။ ။

 

ရတနာပုံစက်ရုံတော်မှာ တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေဟာ စကော့တလန်ပြည် ဒန်ဒပ်(စ်)နဲ့ စမစ်ကုမ္ပဏီ ထွက်ပစ္စည်းတွေက အများစုဖြစ်ခဲ့တယ်။ စက်ရုံမှာ အမှုထမ်းပေါင်း ၁၂၇ ဦးရှိပြီး လစာအနေနဲ့ စပါး ၂၈၅၅ တင်း ရရှိပါသတဲ့။ ရတနာပုံစက်ရုံတော်က ခရစ် ၁၈၇၀ မတိုင်မီမှာပဲ မြစ်တွင်းသွား မီးသင်္ဘောတွေကို စတင်တည်ဆောက်ခဲ့ပါပြီး၊ ၁၈၇၀ပြည့်နှစ် စက်တင်ဘာ ၇ ရက်နေ့မှာပဲ ကျွန်းသားကိုယ်ထည်နဲ့ ရေနွေးငွေ့ အင်ဂျင်တပ်ဆင်ထားတဲ့ ပထမဆုံးသင်္ဘောကို ရေချနိုင်ခဲ့တယ်။ သင်္ဘောတော်ရဲ့ အရွယ်အစားက အလျား ပေ ၁၈၀၊ အနံ ၂၄ ပေနဲ့ ဇောက် ခြောက်ပေရှိသတဲ့။ သင်္ဘောမှာတပ်ဆင်တဲ့ စက်ပစ္စည်းတွေက ဆပ်ပလင်၊ မက္ကင်ဇီ၊ ဒေါ်ဆင်၊ ဆပ်ပဆင်နဲ့အက်ဒပန်ဂျုံးကုမ္ပဏီတွေက ဝယ်ယူခဲ့တာပါတဲ့။ ၁၈၇၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာတော့ အလားတူ ရေယာဉ်နှစ်စင်းကို မင်းခမ်းမင်းနားနှင့် ရေချနိုင်ခဲ့တယ်။

 

ရေနွေးငွေ့ အင်ဂျင်သုံး တိုက်သင်္ဘောတော်

တစ်ခါ ၁၈၇၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ရောက်တော့ မြန်မာလက်သမားဆရာ “ဆရာရှမ်း” တည်ဆောက်တဲ့ အမြောက် ၁၄ လက် တပ်ဆင်တဲ့ တိုက်သင်္ဘောတစ်စင်း ရေချနိုင်ပြန်တယ်။ ရေနွေးငွေ့ အင်ဂျင်သုံး တိုက်သင်္ဘောတော်ကို ရေချရာမှာ အမြောက် ၁၄ လက်စလုံးကို ပစ်ဖောက်ပြနိုင်ခဲ့သတဲ့။ ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နောက်ထပ်သင်္ဘောတစ်စင်း ရေချနိုင်ခဲ့ပြီး မကြာမီရက်တွေအတွင်းသင်္ဘောသုံးစင်း ထပ်မံရေချခဲ့တယ်။

 

ရတနာပုံစက်ရုံတော်က ကျွန်းသားကိုယ်ထည် သင်္ဘောတော်များ ဆက်တိုက်တည်ဆောက်ပြီးတဲ့နောက် ပထမ ဆုံး သံကိုယ်ထည်သင်္ဘောကို ၁၈၇၃ ခု စက်တင်ဘာ ၉ ရက်မှာ ရေချခဲ့တယ်။ ဒီသင်္ဘောက မြစ်တွင်း စက် ရဟတ်တပ် သင်္ဘောဖြစ်ပြီး သင်္ဘောရေချပွဲကို မက္ခရာမင်းသား၊ ရွှေကူမင်းသားတို့ ကိုယ်တိုင်တက်ရောက်ကာ မင်းခမ်းမင်းနားနဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ပါတယ်။ ၁၈၇၅ ခုနှစ်အတွင်းမှာပဲ ရတနာပုံစက်ရုံတော်က တည်ဆောက်ခဲ့တဲ့ မြစ်တွင်းသွား သင်္ဘောတစ်စင်းကို အမြောက် ၁၂ လက် တပ်ဆင်ကာ စစ်ရေးလေ့ကျင့်ခဲ့ပြီး နောက်ထပ်သင်္ဘောတစ်စင်းကို အမြောက် ၁၄ လက် တပ်ဆင်ခဲ့တယ်။ ဧပြီလအတွင်းရောက်တော့ အမြောက် ၁၄ လက်စစ်သင်္ဘောက ဗန်းမော်ထိ ဆန်တက်ခုတ်မောင်း ခဲ့သတဲ့။

 

ရတနာပုံ သင်္ဘောကျင်း

 

လက်ထက်တော်ကြီး လက်ထက်တော်လေး ကာလအတွင်း ကနောင်မင်းသားကြီး ထူထောင်ခဲ့တဲ့ ရတနာပုံ သင်္ဘောစက်ရုံတော်က လူစီး၊ စစ်သုံး သင်္ဘောပေါင်း ၁၈ စင်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈၈၆ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်တော့ အဲဒီသင်္ဘော ၁၈ စင်းနဲ့အတူ သံတိုမယ်နအားလုံးကို အင်္ဂလိပ် ပိုင် ဧရာဝတီဖလုတ်တီးလားကုမ္ပဏီက တန်ဖိုးငွေကျပ် ၄၅ဝဝဝ နဲ့ ဝယ်ယူလိုက်သတဲ့။ တွင်ခုံတွေ၊ ဖောက်ခုံတွေ၊ ဖြတ်ခုံတွေ၊ ရွေပေါ်ခုံ၊ မြောင်းထိုးခုံ၊ အရစ်ဖော်ခုံ၊ သံရည်ကျိုစက်၊ ပန်းပဲစက်၊ သံမှိုရိုက်စက်တွေအပြင် သံချိန်းကြိုး၊ သံပြားအသစ်များ၊ သံမှိုများ၊ ဘွိုင်လာ ကျူများ၊ ဟင်္ဂလိုင်းသံထည်များ၊ ကြေးနီကြေးဝါပိုက်များ၊ သံစိမ်းသံကြွပ်များလည်း ပါသတဲ့။

 

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာတော့ နိုင်ငံပိုင်အဖြစ်သိမ်းယူကာ ရတနာပုံသင်္ဘောကျင်းအမည်နဲ့ ပြည်တွင်း သွား ရေယာဉ်တွေကို ပြုပြင်ဆောင်ရွက်နေတာ ဒီကနေ့အထိပါပဲ။

 

ရတနာပုံခေတ်က စက်ရုံတော်ပေါင်း ၅၀ ကျော်

သမိုင်းအထောက်အထားများအရ ရတနာပုံခေတ်က စက်ရုံတော်ပေါင်း ၅၀ ကျော်ရှိတယ်ဆိုရာမှာ ... အခုထိ အချို့စက်ရုံများကို မဖော်ထုတ်နိုင်သေးပါဘူး။ နန်းမြို့တွင်းရှိ မင်းတုန်းမင်းကြီး ဂူဗိမာန်နဲ့ မလှမ်းမကမ်းရှိ ဒင်္ဂါးစက်ရုံတော်ရှိတယ်။ မြောက်ပြင်မှာ အခုဘီယာနဲ့ အရက်ချက်စက်ရုံက ရတနာပုံခေတ်ရဲ့ လက်နက်စက်ရုံ တော်ကြီးဖြစ်တယ်။ နောက်ထပ် လက်နက်စက်ရုံတော်က အနောက်ပြင် နဘဲကြားအရပ်မှာလည်းရှိသလို၊ နန်းတော်အရှေ့ဘက်မှာလည်း တစ်ရုံရှိတယ်။ စစ်ကိုင်း ရွှေတောင်ဦးမော်အရပ်မှာ သံဖိုစက်ရုံရှိတယ်။ မန္တလေး အနောက်ပြင် မီးခြစ်စက်ရုံကလည်း ရတနာပုံခေတ်က သံစက်ရုံတည်ရာဖြစ်တယ်။ အမရပူရမှာက မဲနယ်စက်ရုံ၊ မဲနယ်ကန်တွေရှိတယ်။ နန်းတွင်း မြောက်ဥယျာဉ်တော်မှာ စာပုံနှိပ်စက်ရုံတော်ရှိတယ်။ အနောက်ပြင် ပြည်ကြီးကျက်သရေရပ်၊ ရွှေကျီးမြင်ဘုရား တောင်ဘက်မုခ်အနီးမှာ ရတနာပုံနေပြည်တော် သတင်းစာတိုက်နဲ့ပုံနှိပ်စက် ရှိတယ်။ အနောက်ပြင် ဂေါဝိန်တံခါးလမ်းမှာ ဂွမ်းကြိတ်စက်ရုံရှိတယ်။ ပိုက်ကျုံးမှာ သကြားစက်ရုံတော်ရှိတယ်။ လွှစက်ရုံတော်ရှိတယ်။ ပန်းဆက်တံခါးအထွက်မှာ သင်္ဘောစက်ရုံတော်ရှိတယ်။

 

ဒီစက်ရုံတော်များအနက်အများစုက ပျောက်ကွယ်သွားပြီး အချို့က မူလနေရာမှာ အခြားစက်ရုံများအဖြစ် အသွင် ပြောင်းနေပါပြီ။ ဒီအထဲမှာမှ ရတနာပုံသင်္ဘောစက်ရုံတော်ကဖြင့် မူလနေရာမှာပဲ မူလအတိုင်း ခေတ်နှင့်အညီပြောင်းလဲကာ ရတနာပုံသင်္ဘောကျင်းအဖြစ် နှစ်ပေါင်း ၁၆၀ တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ