ကနီ ၉ မတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်၊ ညောင်ဝန်းကျေးရွာရှိ ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီး နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို မတ် ၈ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးစီးဆောင်ရွက်ပြုလုပ်သူများထံက သိရသည်။


နှစ်သက်တမ်း ကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းညောင်ဝန်းနန်းရင်း ကျောင်းတော်ကြီးမှာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ပြုပြင်ထိန်းသိမ်းမှု အနေဖြင့် ရေနံချေးသုတ်ခြင်း၊ ရှေးဟောင်းကျောင်းတော်ကြီး၏ ပြတင်းပေါက်များ၊ ကြမ်းခင်းဆွေးများပြုပြင်ခြင်း၊ ကျောင်းကြီးအောက်ရှိ မြေများတူးဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး မတ် ၈ ရက်တွင် ကျောင်းတော်ကြီး နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဦးစီးဆောင်ရွက်ပြုလုပ်သူ ကိုပြည့်အောင်နိုင်က ပြောသည်။


''ကနီမြို့ရဲ့ သမိုင်းစာမျက်နှာမှာ တွင်ကျန်ရစ်မယ့် ကျောင်းကြီးဖြစ်သလို ရှေးဟောင်းအမွေအနှစ်က ဘယ်လောက်ထိ တန်းဖိုးကြီးမားတယ်ဆိုတာကို  နောင်လာနောင်သားတွေ ပညာပေး ထိန်းသိမ်းချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က ဒီကျောင်းကြီးကို ပြုပြင်ပြီး နှစ် ၁၅၀ ပြည့်ပွဲကို ကျင်းပပြုလုပ်တာပါ"ဟု ၎င်းကပြောသည်။


ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီး နှစ်(၁၅၀)ပြည့် အခမ်းအနားအဖြစ် မတ် (၈)ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော်နှင့် အမျှအတမ်းပေးဝေပွဲကို ကျင်းပခဲ့ပြီး ညနေပိုင်းတွင် အပျော်တမ်း အားကစားပွဲများ၊ ညပိုင်းတွင် တရားပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မတ် ၇ ရက် ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီးပေါ်တွင် ကနီ၊ ကနဲ၊ ညောင်ဝန်း၊ ကျွန်းဖျားကျေးရွာများမှ ဓမ္မစကြာဝတ်အသင်းများက အလှည့်ကျ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
''နှစ် ၁၅၀ ပြည့် ပွဲလုပ်တဲ့ အခါမှာ ညောင်ဝန်းဝန်ထောက်မင်း ဦးဖိုးအိုရဲ့ ဆွေစဉ်မျိုးဆက်တွေ၊ ကျောင်းကြီးကို အစဉ်တဆက် စောင့်ရှောက်လာတဲ့ နတ်ကောင်း နတ်မြတ်တွေ၊ အခြားသော ပုဂ္ဂိုလ်တွေကို  အမျှအတမ်းပေးဝေပွဲ လုပ်တယ်။ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်တယ်၊ ကျောင်းကြီးမှာ ကျန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ လာလှူထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ကျောင်းကြီးပေါ်မှာ ဒေသန္တရပြတိုက်လို သဘောမျိုး  ခင်းကျင်းပြသထားတယ်။ ပြီးတော့ ကနီမြို့နယ်မှာ ထင်းရှားကျော်ကြားတဲ့ ဆရာတော်ဘုရားတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဓါတ်ပုံတွေကို ပြသတယ်"ဟု ကိုပြည့်အောင်နိုင်က ပြောသည်။

 


အဆိုပါ ရှေးဟောင်းညောင်ဝန်းနန်းရင်း ကျောင်းတော်ကြီးကို မင်းကြီးမဟာမင်းခေါင်သင်္ခယာ ညောင်ဝန်းဝန်ထောက်မင်း ဦးဖိုးအိုနှင့် ဇနီးဒေါ်မွေးအုံတို့က ၁၂၃၁ ခုနှစ် တပေါင်းလအတွင်းက လှူဒါန်းထားခဲ့ကြောင်း၊ ရှေးကျောင်းကြီးအတွင်းတွင် ဘုရားခန်း၊ ဆွမ်းစားခန်း၊ နှစ်ဆောင်ပြိုင် ရေတံလျှောက်ကြားခန်း၊ ကျက်သရေခန်း၊ စတိုခန်း၊ စာကြည့်အိပ်ခန်း စုစုပေါင်း ၆ ခန်းရှိသည့် နှစ်ဆောင်ပြိုင် ကျောင်းကြီးတစ်ကျောင်း ဖြစ်ကြောင်းနှင့် ကျောင်းကြီးတွင် တိုင်လုံးပေါင်း ၅၆ လုံးရှိကာ တိုင်တစ်တိုင်နှင့် တစ်တိုင်ကြား အခန်းတစ်ခန်း အကျယ်အဝန်းမှာ ရှေ့နောက် အရှည် (၅၉)ပေ၊ တောင်မြောက် (၅၆)ပေ (၁၁)လက်မ၊ အမြင့်(၁၁)ပေ (၉)လက်မရှိကြောင်း သိရသည်။ 


ကိုမင်း(အင်းတော်)

 

1