ကြံခင်း အောက်တိုဘာ ၂၉
ကြံခင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကြံခင်းမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေ၊ ကြံခင်းမြို့နယ် သမဝါယမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာနှင့် ကြံခင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာတို့က လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် အသင်းစာရင်းစစ်ဦး ကျော်ကျော်တို့က ဖတ်ကြားတင်သွင်း အတည်ပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ် (၉၈)တွင် စာပေထူးချွန်ဆု ရရှိခဲ့သော သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ကြည်ပြာစိုးမြင့်အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


