ကမ္ဘာဦးအချိန်ကစလို့ ဒီနေ့အထိ ဒီကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ သက်ရှိသတ္တဝါအားလုံးဟာ ကမ္ဘာမြေရဲ့ အပြောင်းအလဲတွေ၊ သဘာဝဘေးတွေ၊ ကပ်ဘေးတွေနဲ့ မရေမတွက်နိုင်အောင် တွေ့ကြုံရင်ဆိုင်ခဲ့ကြရပါတယ်။ ကျွန်မတို့ လူသားတွေလည်း ဒါတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာ ဒီနေ့အထိပါပဲ။ နောင်ကိုလည်း ရှိနေဦးမှာပါပဲ။ သဘာဝတရားက အနိုင်ယူသွားတာမျိုးရှိခဲ့သလို လူသားတွေရဲ့ စွမ်းအားနဲ့ အနိုင်ရခဲ့တာတွေလည်း အများကြီး ပါပဲ။ လူသားတွေရဲ့ သတိ၊ အသိ၊ ပညာနဲ့ ရင်ဆိုင်ဖြေရှင်း ကြရင်တော့ အလုံးစုံ မဟုတ်ရင်တောင်မှ အကောင်းဆုံး ဆောင်ရွက်နိုင်ကြမယ်လို့ ကျွန်မယုံကြည်ပါတယ်။

ပါဠိစာပေတွေထဲမှာ “ကပ္ပ” လို့ခေါ်တဲ့ “ကပ်” အမျိုးအစားသုံးမျိုးရှိတယ်လို့ ဖော်ပြထားပါတယ်။

“အသင်္ချေယျကပ်” လို့ခေါ်တဲ့ ရှည်လျားလှတဲ့ အချိန် ကာလတစ်ခုကြားကာလမှာ သတ္တဝါတွေသေကျေကြတာ၊ ကမ္ဘာပျက်တာကို “အန္တရကပ်” လို့ခေါ်တဲ့အကြောင်း အဘိဓာန်တွေမှာ ဖွင့်ဆိုထားပါတယ်။ အဲဒီ 'အန္တရကပ်” ဟာ အမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ဒုဋ္ဌိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှားခြင်းကြောင့် ကမ္ဘာပျက်ခြင်း၊ ရောဂန္တရကပ် - အနာရောဂါကြောင့် သတ္တဝါအပေါင်း သေကျေပျက်စီးခြင်း၊ သတ္တန္တရကပ် - လက်နက်ကြောင့် သတ္တဝါအပေါင်း ပျက်စီးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အင်မတန်ကြောက်စရာကောင်းတဲ့ Coronavirus Disease (COVID-19) ဆိုတဲ့ ကပ်နဲ့ ကမ္ဘာနဲ့တစ်ဝန်းမှာ ရင်ဆိုင်နေကြရပါတယ်။ ကူးစက်နှုန်းကလည်း မြန်ဆန်ပြီး သေဆုံးမှုလည်း များပြားလှပါတယ်။ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်းလည်း မရှိသေးပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြိုးစားဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း မတ်လ ၁၁ ရက်နေ့မှာ ဒီရောဂါကို ကပ်ရောဂါအဖြစ် ကြေညာ ခဲ့ပါတယ်။ ကမ္ဘာနဲ့တစ်ဝန်းဖြစ်နေတဲ့ ဒီရောဂါဟာ ကျွန်မတို့နိုင်ငံကိုလည်း ပျံ့နှံ့ကူးစက်လာပါတယ်။ စောင့်ကြည့် လူနာတွေထဲကပဲ နှစ်ဦးကို ပထမဦးဆုံးရောဂါပိုးတွေ့ရှိတဲ့အကြောင်း မတ်လ ၂၃ရက်နေ့မှာ တရားဝင် ကြေညာ ခဲ့ပါတယ်။

အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက် 

နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီကိစ္စကို အမျိုးသားအဆင့်ဗဟိုကော်မတီဖွဲ့စည်းပြီး အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့နေရာမှာတော့ ကျွန်မတို့နိုင်ငံအတိုင်းအတာအရ အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်ပေးနေတယ်လို့ မြင်ပါတယ်။ တချို့အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်မတို့ မသိတဲ့ အခက်အခဲတွေ၊ ကျွန်မတို့ မမြင်နိုင်တဲ့ ဖိအားတွေကို နိုင်ငံတော်ကလည်း ရင်ဆိုင်နေရမှာပါ။ 

နိုင်ငံတော်က တာဝန်ရှိသူတွေကလည်း အခြေအနေ အချိန်အခါကိုကြည့်ပြီး ချက်ချင်းဆောင်ရွက် ရမယ့်ကိစ္စလား၊ အချိန်ယူပြီး ဆောင်ရွက်ရမယ့်ကိစ္စလား၊ ခွဲခြားဆောင်ရွက်နေကြမှာပါ။ ချမ်းသာတဲ့ နိုင်ငံတွေတောင်မှ ဒီကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ ပြီးပြည့်စုံတာမျိုး ရှိချင်မှရှိမှာပါ။ ဒါကြောင့် ကျွန်မတို့ တိုင်းပြည်မှာလည်း ပြည့်စုံဖို့ဆိုတာ လွယ်တော့ မလွယ်ကူလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့ပြည်သူပူးပေါင်းပြီး အကောင်းဆုံး ဆောင်ရွက်နေကြတာကို ကျွန်မတို့ မြင်တွေ့နေတာကတော့ အမှန်ပါပဲ။

ကျေးဇူးတင်စရာအကောင်းဆုံးကတော့ ဒီကိစ္စ စပြီးဖြစ်ကတည်းက အခုချိန်အထိ အနီးကပ် တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါပဲ။ သူတို့နဲ့အတူကျေးဇူးတင်စရာကောင်းတဲ့ သူတွေကတော့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အရန်တပ်ဖွဲ့တွေပါပဲ။

ရောဂါပိုး သံသယရှိလူနာတွေကို အနီးကပ်ပြုစုဖို့၊ စောင့်ကြည့်ရေးစခန်းတွေမှာ ကူညီဆောင်ရွက်ဖို့၊ နယ်စပ် ကနေ ပြန်ဝင်လာတဲ့သူတွေကို စစ်ဆေးဖို့တွေအတွက် ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်လို့ စေတနာ့ ဝန်ထမ်းတွေ ခေါ်ယူကြတဲ့အခါ စာရင်းပေးသွင်းကြတာလည်း အားရစရာပါပဲ။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းသား ကျောင်းသူ လူငယ်တွေဟာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်အားလုံးကို လက်ခံပြီး၊ ကရုဏာတရားကို ရှေ့ထားပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်မယ်ဆိုတာ သိနေရက်နဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။

ကျွန်မကတော့ သူတို့ကို “မဟာကရုဏာရှင်” တွေလို့ ဂုဏ်ပြုချင်ပါတယ်။ တကယ်တော့ ဒီဝေါဟာရက ဗုဒ္ဓကို ရည်ညွှန်းတဲ့ ဝေါဟာရတွေထဲက တစ်ခုပါ။ လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကယ်တင်ချင်တာဟာ ဗုဒ္ဓရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ နေ့စဉ်အလုပ်ထဲမှာ မနက်မိုးသောက်ချိန်မှာ မဟာကရုဏာသမာပတ်ကို ၀င်စား ပါတယ်။ “မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ”လို့ ဆိုတဲ့အတိုင်း ရင်မှဖြစ်တဲ့ တစ်ဦးတည်းသောသားကို အသက်ရှင်ဖို့ အမေဖြစ်သူက အမြဲစောင့်ရှောက် သလို ဗုဒ္ဓက သတ္တဝါအားလုံးအပေါ်မှာ မဟာကရုဏာ ထားခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန် စောင့်ရှောက် 

ဝေဒနာခံစားနေပြီး မကျန်းမာတဲ့သူတွေကိုလည်း ဗုဒ္ဓက မဟာကရုဏာနဲ့ ပြုစုစောင့်ရှောက်ခဲ့တာကိုလည်း ( ပါဠိစာပေအနှံ့အပြားမှာ တွေ့ရပါတယ်။ လူနာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ ဂိလာနဝတ္ထုနဲ့ သာဓကပြနိုင်ပါတယ်။ ဗုဒ္ဓဟာ လူနာကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးတဲ့အပြင် မကျန်းမာတဲ့သူကို စောင့်ရှောက်တဲ့နေရာမှာ အဆင့်ဆင့် တာဝန်ယူစောင့်ရှောက်ဖို့ မှာကြားခဲ့ပါတယ်။ အဲဒီအဆင့်တွေကတော့ ပထမဆုံး ဥပဇ္ဈယ်ဆရာ၊ အာစရိယဆရာ၊ အနီးနေ တပည့်။

အတူနေတပည့်၊ ဥပဇ္ဈယ်ဆရာတူရဟန်း၊ အာစရိယ ဆရာတူရဟန်း၊ နောက်ဆုံး ဘယ်သူမှမရှိရင်ရဟန်းအချင်းချင်းက တာဝန်ယူစောင့်ရှောက်ရမယ်လို့ တိတိကျကျ သတ်မှတ် ပေးခဲ့ပါတယ်။ တကယ်တော့ ဒီစောင့်ရှောက်မှု ဖြစ်စဉ်ဟာ အချင်းချင်းအပြန်အလှန် စောင့်ရှောက်စေမှုပါပဲ။

လက်တွေ့ကျင့်သုံး 

လူ့အဖွဲ့အစည်းမှာလည်း လူသားတစ်ဦးကမကျန်းမာနေတဲ့ လူသားတစ်ဦးကို ပြုစုစောင့်ရှောက်ပေးတာဟာ ဗုဒ္ဓရဲ့ မဟာကရုဏာလမ်းစဉ်ကို လက်တွေ့ကျင့်သုံးတာပဲ ဖြစ်ပါတယ်။ အခုလည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့၊ ထိန်းချုပ်ဖို့၊ ကုသဖို့ လုပ်ငန်းစဉ်အားလုံးမှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းအရန်တပ်ဖွဲ့တွေနဲ့ ပရဟိတဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေဟာ ဗုဒ္ဓရဲ့ မဟာကရုဏာလမ်းစဉ်ကို အပြောမဟုတ်ဘဲ လက်တွေ့ကျင့်သုံးနေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ သူတို့ စွန့်လွှတ်နိုင်ကြတယ်၊ သူတို့ စွန့်စားကြတယ်။ သူတို့ ရဲရင့်ကြတယ်၊ သူတို့ ကရုဏာတရား ရှိကြတယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတာကို သိကြတဲ့ကြားထဲကပဲ သူတို့ဆောင်ရွက်နေကြတာဟာ လေးစားစရာ ကရုဏာရှင်တွေပါပဲ။

အခုဆို ဒီရောဂါနဲ့ သေဆုံးတဲ့သူတွေ ကျွန်မတို့ နိုင်ငံမှာလည်း ရှိနေပါပြီ။ လူနာကတစ်ဆင့် ကျန်းမာရေးဝန်ထမ်း တွေကို ကူးစက်ခံခဲ့ရတာကိုလည်း ဝမ်းနည်းဖွယ် ကြားသိ နေရပါတယ်။ ဒီလိုဖြစ်ခဲ့ပေမယ့် သူတို့ အခုချိန်အထိ တောင့်ခံ နေတုန်းပါပဲ။ ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကအစ၊ မူဝါဒကို တာဝန်ယူ အကောင်အထည်ဖော်နေတဲ့ ပုဂ္ဂိုလ်တွေအလယ်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးတဲ့ ပြည်သူတွေအဆုံး အချိတ်အဆက် မိမိ ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆောင်ရွက်ကြရင်တော့ ကျွန်မတို့အားလုံး ဆုံးရှုံးမှုအနည်းဆုံး၊ ထိခိုက်မှုအနည်းဆုံးနဲ့ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ပါဝင်လှူဒါန်း 

ပြည်သူတွေဘက်ကလည်း ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကို အထူးလိုက်နာဖို့ လိုအပ်ပါတယ်။ အရင်က သီးသန့်စောင့်ကြည့်ရေးကာလကို ၁၄ ရက် သတ်မှတ်ခဲ့ပါတယ်။ အခုတော့ လိုအပ်ချက်ကြောင့် facility quarantine ၂၁ ရက်နဲ့ home quarantine ခုနစ်ရက် နေထိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။ အရေးတကြီး မဟုတ်ရင် အိမ်မှာပဲနေဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တာလည်းဖြစ်ပြီး အများ ကိုလည်း အန္တရာယ် မဖြစ်စေပါဘူး။ ဒီလိုနေနိုင်ဖို့လည်း နိုင်ငံတော်က တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးခဲ့ ပါတယ်။ ဒါတင်မကပါဘူး။ အလှူရှင်တွေကလည်း ကိုယ်တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေကြတာ အားရစရာပါပဲ။

ဗုဒ္ဓကတော့ သတ္တဝါငယ်လေးတွေ သေကျေပျက်စီးမှာကို မလိုလားလို့ ရဟန်းတွေကို မိုးတွင်း သုံးလမှာ ကိုယ့်ရဲ့ ကျောင်းမှာပဲနေထိုင်ကြဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ နှစ်ဖက်လုံး အကျိုးဖြစ်စေတာကြောင့် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနေထိုင်တဲ့ကာလမှာ ရဟန်းတွေဟာ သင်ကြား ခြင်းတာဝန် (ဂန္ထဓူရ) နဲ့ တရားရှုမှတ်ခြင်းတာဝန် (ဝိပဿနာဓုရ)ကိုဆောင်ရွက်ကြရပါတယ်။ ကျွန်မတို့လည်း အခုလို အိမ်မှာပဲ နေထိုင်ရတဲ့ အချိန်လေးမှာ နိုင်သလောက် တရားရှုမှတ်တာ၊ တရားနာယူတာ၊ ပရိတ်တရားတွေ ရွတ်ဖတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

အထူးသဖြင့် ဒီလို ကပ်ရောဂါကျရောက်တဲ့အခါမှာ ဗုဒ္ဓရဲ့ ရတနသုတ်ကို ရွတ်ဖတ်ပူဇော်ရင်တော့ ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်စိတ်တွေ နည်းနည်းလျော့ပါးနိုင်မှာပါ။ ဒီနေရာမှာ ပရိတ်ရွတ်ရုံနဲ့ ရောဂါပျောက်နိုင်လားလို့ မေးစရာရှိပါ လိမ့်မယ်။ ရောဂါတစ်ခု ပျောက်ကင်းအောင် ကုသဖို့နဲ့ပျောက်ကင်းနိုင်မယ့် ဆေးဝါးတွေ ဖော်ထုတ်ဖို့က ပညာရှင် တွေမှတတ်နိုင်မယ့် အလုပ်တွေပါ။ ကျွန်မတို့ လုပ်နိုင်တာက စိတ်ဓာတ်ခွန်အားအတွက်ပါ။

ရတနသုတ်ကို ဟောခဲ့ 

ရတနသုတ်ကို ကပ်ဘေးကျရောက်တဲ့အချိန်က ဗုဒ္ဓက ဟောခဲ့တာဖြစ်ပါတယ်။ ရာဇဂြိုဟ်ပြည်မှာ ဗုဒ္ဓ သီတင်းသုံးနေတဲ့အချိန် လိစ္ဆဝီမင်းတို့ရဲ့ ဝေသာလီပြည်မှာ မိုးခေါင်တဲ့အတွက် အစာရေစာ ငတ်မွတ်တဲ့ ဘေးနဲ့ ရင်ဆိုင်ရပါတယ်။ အစာမစားရတဲ့အခါ လူတွေသေကြပါတယ်။ လူသေကောင်တွေကိုလည်း မြို့အဝင်မှာပဲ စွန့်ပစ် ကြပါတယ်။ လူသေကောင်တွေဆီက ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ဘီလူးတွေ ရောက်လာပါတယ်။ လူတွေလည်း ဘီလူးတွေကြောင့် သေကြရပြန်ပါတယ်။ မသန့်ရှင်းတဲ့အတွက် လူတွေဆီမှာလည်း အနာတွေဖြစ်လာပါတယ်။ ဝေသာလီပြည်ဟာ အငတ်ဘေး၊ ဘီလူးဘေး၊ အနာရောဂါ ဘေးဆိုတဲ့ ဘေးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဘေးတွေကနေ လွတ်မြောက်ဖို့ ဗုဒ္ဓကို အကူအညီတောင်းကြတဲ့အခါ ဗုဒ္ဓက ဝေသာလီကို ကြွလာပါတယ်။ ဝေသာလီမှာရှိတဲ့ ဘေးရန်တွေကို ပယ်ဖျောက်ပေးဖို့ ရတနသုတ်ကို ဟောခဲ့တာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူး။ အခုလိုဘေးအန္တရာယ်တွေ ကျရောက်ချိန်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ကိုးကွယ်ရာဘာသာတရားတွေရဲ့ ဆုံးမညွှန်ကြားချက်တွေဟာလည်း တစ်ဖက်တစ်လမ်းက စိတ်ခွန်အား ဖြစ်စေပါတယ်။ စိတ်ဟာအရာရာကို ဦးဆောင်နေတာဖြစ်လို့ ကျွန်မတို့အားလုံး စိတ်ဓာတ် မကျဖို့ အရေးကြီးပါတယ်။

လူသားတွေရဲ့ လောဘကြောင့် ဒုဋ္ဌိက္ခန္တရကပ်၊ မောဟကြောင့် ရောဂန္တရကပ်၊ ဒေါသကြောင့် သန္တရ ကပ်တွေ ဖြစ်ပေါ်လာတာလို့ ဗုဒ္ဓကဆိုထားပါတယ်။ ရောဂါတွေဖြစ်ပွားတာဟာ “မသိခြင်း”ဆိုတဲ့ “မောဟ” ကြောင့် ဖြစ်ပွားတဲ့အကြောင်းကို “ကျန်းမာရေး ဗဟုသုတ မရှိတာကြောင့် သင့်တော်တဲ့ အစားအသောက်၊ ဆေးဝါး ဓာတ်စာကို မသိကြတဲ့အတွက် ဖြစ်လာတဲ့ အနာရောဂါကို ပျောက်အောင် မကုသနိုင်တဲ့အတွက် အဲဒီအနာရောဂါနဲ့ သေကျေပျက်စီးရတယ်” လို့ စက္ကဝတ္တိသုတ်အဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ ဒီအချက်ကလည်း ကျွန်မတို့ အလေးအနက် သတိပြုရမယ့်အချက်ပဲ ဖြစ်ပါတယ်။ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာ ကမ္ဘာကြီးကို ပျက်စီးစေတယ်ဆိုတာ အခုလိုအခြေအနေမှာ ပိုပြီး ထင်သာမြင်သာ ရှိစေပါတယ်။

အတုယူစရာ 

ဒုဋ္ဌိက္ခန္တရကပ်က လွန်မြောက်ပြီးတဲ့နောက် ဗုဒ္ဓရဲ့ တရားဓမ္မတွေကို မထေရ်ကြီးတွေ ဘယ်လိုထိန်းသိမ်း ခဲ့တယ်ဆိုတာကလည်း အတုယူစရာပါပဲ။ တတိယသင်္ဂါ ယနာတင်ပြီးတဲ့အချိန်အထိ ဗုဒ္ဓရဲ့တရားဓမ္မတွေကို ရဟန်းတွေက နှုတ်နဲ့ပဲ ရွတ်ဆိုမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သီဟိုဠ်ကို ရောက်ပြီးချိန် ဘီစီ (၁)ရာစုလောက်မှာ အငတ်ဘေးနဲ့ရင်ဆိုင်ရပါတယ်။ ရဟန်းတွေဟာ သစ်ရွက်လောက်ပဲ စားသောက်ပြီး တရားဓမ္မတွေကို မမေ့အောင် အားထုတ်ခဲ့ရပါတယ်။ ၁၂ နှစ်ကြာမှ ဒီဘေးကြီး ပြီးသွားပါတယ်။ နောင်တစ်ချိန် ဒီလိုကြုံခဲ့ရင် ခက်ခဲမှာဖြစ်တဲ့အတွက် တရားဓမ္မတွေကို ပေရွက်ပေါ်မှာ ရေးသားဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြ ပါတယ်။ အမြော်အမြင်ရှိရှိနဲ့ဆောင်ရွက်ခဲ့လို့သာ ဒီနေ့မှာ တရားဓမ္မတွေ မကွယ်ပျောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေဆိုးက လွန်မြောက်ပြီးရင်လည်း ပြန်ပြီးထူထောင်နိုင်ဖို့ ကျွန်မတို့ ကြိုးစားကြရပါဦးမယ်။ ဒီဖြစ်စဉ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အခြေခံပြီး အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကို စဉ်းစားကာ မထေရ်ကြီးများလို ကြိုတင်ဆောင်ရွက်ကြရပါဦးမယ်။


အခက်အခဲ အကျပ်အတည်းဖြစ်ချိန်မှာ လူသားတွေရဲ့ လူသားဆန်မှုကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပါပြီ။ ဘာတစ်ခုမျှ ဝင်ရောက်ပူးပေါင်း ကူညီတာမရှိဘဲ ဘေးထိုင်ဘုပြောနေတဲ့ လူနည်းစုတွေကိုတော့ ကျွန်မတို့ လုံးဝမတုံ့ပြန်ဘဲ လျစ်လျူရှုလိုက်ရုံပါပဲ။ မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်လိုပါပဲ။ ဘယ်လိုပဲလုပ်လုပ် အပြစ်ပြောနေကြမှာပါပဲ။ ဒါတွေကို ခံစားမနေဘဲ ကိုယ်ရောက်ရှိတဲ့နေရာမှာ ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်စရာရှိတာကို ဆက်လုပ်ရမှာပဲ ဖြစ်ပါတယ်။

ပညာနဲ့ ဆင်ခြင် 

ကျွန်မကတော့ ပရဟိတစိတ် ရှိပေမယ့်လည်း ရှေ့တန်းအထိ မလိုက်ပါနိုင်ခဲ့ပါဘူး။ မပြောပလောက်တဲ့ ငွေကြေးနည်းနည်းလှူဒါန်းတာကလွဲပြီး ကိုယ်တိုင် ကိုယ်ကျ လုပ်နိုင်တာမရှိခဲ့ပါဘူး။ ကျွန်မလုပ်ပေးနိုင်တာ ကတော့ ကိုယ့်အတွက် ဘယ်လိုအန္တရာယ်တွေရှိတယ်ဆိုတာ သေချာသိပြီး ကိုယ့်အသက်ကို ပဓာနမထားဘဲ လူနာတွေကို အနီးကပ်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဘက်ပေါင်းစုံကနေ ပံ့ပိုးကူညီနေတဲ့ တာဝန်ကျဝန်ထမ်းတွေ၊ ပရဟိတသမားတွေ၊ အလှူရှင်တွေ၊ ပါဝင်ဆောင်ရွက်လုပ်ကိုင်နေသူတွေအားလုံး သတိ၊ အသိ၊ ပညာနဲ့ ဆင်ခြင်ဆောင်ရွက်နိုင်ကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ ကပ်ဆိုးကြီးထဲက အမြန်ဆုံး လွတ်မြောက် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အရာအားလုံး စွန့်လွှတ်ပြီး ဆောင်ရွက်လုပ်ကိုင် ပေးနေတဲ့ကရုဏာရှင်အားလုံးကိုလေးစားတယ်။ ကျေးဇူး တင်တယ်လို့ အခါခါဆိုရင်း ဦးညွှတ်လိုက်ပါတယ်ရှင်။

ရောဂါခံစားနေရတဲ့ဝေဒနာရှင်တွေ အမြန်ဆုံး ပျောက်ကင်းကြပါစေ၊ ကရုဏာရှင်တွေ ဘေးကင်း ကြပါစေ၊ ကျွန်မတို့ချစ်တဲ့ ကမ္ဘာမြေကြီး အမြန်ဆုံး ကျန်းမာပါစေ။ ။

မိမိုးအေး (ဘားအံ့တက္ကသိုလ်)