ရန်ကုန် ၁၀ မတ်
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ ဒေသခံတောင်သူများ ယခုနှစ် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေးအတွက် အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံမှဆည်ရေများ ပေးဝေနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး (၉)မှ သိရသည်။
“ပြီးခဲ့တဲ့နှစ်က ဧက ခြောက်ထောင်ကျော် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခဲ့ပါတယ်။ ယခုနှစ်မှာ နွေစပါး ဧက ရှစ်ထောင်ကျော် စိုက်ပျိုးနိုင်ဖို့ လျာထားတာဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်ကတည်းက စိုက်ပျိုးရေ ပေးဝေလျက်ရှိပါတယ်။ ဆည်မြောင်းဦးစီးဌာနအနေနဲ့ နွေစပါးစိုက်ပျိုးရေ အပြည့်အဝပေးဝေနိုင်အောင် ဆည်ရေသောက်စနစ်များ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တောင်သူများကလည်း တစ်နှစ်ထက်တစ်နှစ် နွေစပါးများ တိုးချဲ့စိုက်ပျိုးလာတဲ့အတွက် စိုက်ပျိုးရေးကဏ္ဏပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ် '' ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ ဦးစီးအရာရှိ ဦးမျိုးခိုင်က ပြောသည်။
အဆိုပါ ကညင်ရေလှောင်တမံမှ ဆည်ရေဖြင့် ယခင်နှစ်က နွေစပါးစိုက်ဧက ၆၂၆၃ ဧကကို ရေပေးဝေစိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါး ၁၈၄၆၂ ဧကကို ဖြည့်စွက်ရေနှင့် အောင်ရေပေးဝေခဲ့ကြောင်း ယခုနှစ်တွင် နွေစပါး ဧက ၁၈၄၆၂ ကို ရေပေးဝေနိုင်ရန် ရေသိုလှောင်ထားရှိပြီး တူးမြောင်းများလည်း ပြုပြင်ထားသော်လည်း တောင်သူများ စိုက်ပျိုးမှုအရ ဧက ၈၄၂၇ သာ စိုက်ပျိုးလျက်ရှိသည်။
ထိုသို့ ကညင် ရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများသို့ နွေစပါးစိုက်ပျိုးရေ ဆည်ရေပေးဝေရာတွင် လက်ယာတူးမြောင်းမကြီး အလျား (၂၀ ဒသမ ၆၄) မိုင်၊ လက်ဝဲတူးမြောင်းမကြီး အလျား (၁၁ ဒသမ ၃)မိုင်၊ လက်တံမြောင်း (၇) ခု၊ လက်တံမြောင်းခွဲ (၁၁) ခု၊ အလျားမိုင် (၂၅ ဒသမ ၈၁) မိုင်၊ ရေပေးအဆောက်အအုံပေါင်း (၁၀၃၁) တို့ဖြင့် ပေးဝေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကညင်ရေလှောင်တမံသည် ရေသိုလှောင်ပမာဏ ဧကပေ (၁၄၅၀ဝ၀) သိုလှောင်နိုင်ပြီး နွေစပါး စိစစ်ဆဲ ဧက (၁၈၄၆၂) ထိ အပြည့်အဝ ရေပေးဝေနိုင်ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ယခုနှစ် နွေစပါး စိုက်ပျိုးမှု တိုးတက်နိုင်စေရန်အတွက် အဓိကကျသော ဆည်ရေသောက် စနစ်များ ပီပြင် လာစေရန် တူးမြောင်းများ ပုံစံတကျ ပြုပြင်ခြင်း၊ ရေပေးအဆောက်အအုံများ အသင့်အနေအထားဖြစ်စေရန် ထိန်းသိမ်း ပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်းစေရန် နုံးဆယ်ခြင်း၊ တူးမြောင်းတာဘောင်များ ထပ်ဆင့် မြှင့်တင်ခြင်း၊ ပေါင်းပင် ကိုင်းပင်များ ရှင်းလင်းခြင်း လုပ်ငန်းများကို လူအင်အား စက်အင်အားဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)


